ရင်သားကြီးအောင် ခွဲစိတ်ပြုပြင်ခြင်း အကြောင်း
တိုးတက်ခေတ်မီလာတဲ့ ခေတ်ကြီးမှာ ပြားချပ်ချပ် LCD ပစ္စည်းမဲ့လူတန်းစားလေးတွေကလည်း လေ့ကျင့်ခန်းတွေ အကြာကြီးလုပ်စရာမလိုဘဲ ပစ္စည်းရှိအကိတ်တွေ ခဏချင်းဖြစ်လာနိုင်ပါတယ်။ တချို့သော ဆယ်လီဘရစ်တီတွေ၊ မင်းသမီးတွေ၊ မော်ဒယ်လ်တွေကလည်း အပြိုင်အဆိုင် ပစ္စည်းတွေ ထည့်နေကြတဲ့အခါ တချို့သော မမတို့၊ ညီမလေးတို့၊ အန်တီတို့လည်း ရင်လေးချင်လာကြမယ် ထင်ပါတယ်။ ရင်လေးအောင်လုပ်ရင်း ရင်ကွဲပက်လက် ဖြစ်သွားရသူတွေ အကြောင်းလည်း ကြားနေရလို့ ကြောက်နေတဲ့သူတွေလည်း ရှိမှာပါ။
ဒီတော့ ရင်လေးအောင်၊ ရင်သားကြီးအောင် ဘယ်လိုလုပ်ရမလဲ၊ ဘာတွေလိုသလဲ၊ ဆိုးကျိုးက ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။
ရင်သားကြီးအောင် လုပ်တာဟာ အကြီးစားခွဲစိတ်မှုတစ်ခု ဖြစ်ပါတယ်။ စွန့်စားရတဲ့အလုပ်တစ်ခုလည်းဖြစ်ပြီး သေချာတဲ့ အာမခံချက်ရယ်လို့တော့ မရှိပါဘူး။
ရင်သားကြီးအောင် ခွဲစိတ်မှုဟာ အစားထိုးပစ္စည်းကို ရင်သားထဲထည့်ပြီး ကြီးအောင်လုပ်တာပါ။ Silicone (ဆီလီကွန်) နဲ့ saline ဆိုပြီး ရင်သားအစားထိုးပစ္စည်း နှစ်မျိုးရှိပါတယ်။
ဆီလီကွန်က ရှုံ့တွသွားတာမျိုး မရှိတတ်ဘဲ သဘာဝရင်သားနဲ့ ပိုတူပါတယ်။ ဒါပေမယ့် ဆီလီကွန်က ရင်သားအကျိတ်အဖုတွေ ဖြစ်စေနိုင်ပါတယ်။
Saline ကတော့ တွန့်တာခေါက်တာ၊ ကွဲထွက်တာ၊ အောက်ကိုလျှောကျသွားတာမျိုး ဖြစ်တတ်ပါတယ်။ ကွဲထွက်တာ၊ လျှောကျတာမျိုး ဖြစ်ရင်လည်း အန္တရာယ်မရှိဘဲ ခန္ဓာကိုယ်ကနေ စုပ်ယူသွားတတ်တာမျိုးပါ။
ဘယ်အမျိုးအစားက ပိုသင့်တော်တယ်၊ ကောင်းကျိုးဆိုးကျိုး ဘယ်လိုရှိတယ် ဆိုတာကို မခွဲခင် ခွဲမယ့်ဆရာဝန်နဲ့ သေချာဆွေးနွေး သင့်ပါတယ်။
ခွဲစိတ်မှုကို မေ့ဆေးပေးကာ လုပ်လေ့ရှိပြီး တစ်နာရီကနေ တစ်နာရီခွဲခန့် ကြာတတ်ပါတယ်။ ရင်သားရဲ့ ဘေးဘက် ဒါမှမဟုတ် အောက်ဘက်မှာ ဓားရာပေးပြီး အစားထိုးပစ္စည်းကို ရင်ဘတ်ကြွက်သားအောက် ဒါမှမဟုတ် ရင်ဘတ်ကြွက်သားနဲ့ ရင်သားတစ်ရှူးတွေကြားမှာ ထည့်ပြီး ခွဲထားတဲ့ဓားရာကို ပြန်ပိတ်ချုပ်တာပါ။
ခွဲတဲ့နေ့မှာဖြစ်ဖြစ်၊ ခွဲပြီးနောက်တစ်ရက်မှာဖြစ်ဖြစ် အိမ်ပြန်လို့ရပါတယ်။ အနာသက်သာတဲ့ဆေးတော့ သောက်ဖို့ လိုတတ်ပါတယ်။ အနာကျက်ဖို့ ၂ ပတ်ခန့်ကြာတတ်ပြီး အလိုလိုပျော်ဝင်သွားတဲ့ အသားချုပ်ရိုးမဟုတ်ဘူးဆိုရင် ၁ ပတ်၊ ၂ ပတ်ခန့်အကြာမှာ ချုပ်ရိုးဖြည်ဖို့ လိုအပ်ပါတယ်။ ၁ လခွဲခန့်ဆိုရင် ပုံမှန်အတိုင်း နေထိုင်လှုပ်ရှားလို့ရပါပြီ။
အစားထိုးပစ္စည်းရဲ့သက်တမ်းဟာ ၁၀နှစ်ခန့်ရှိတတ်ပြီး ၁၀ နှစ်ကြာရင်တော့ ပြန်ထုတ်တာ၊ အသစ်ပြန်ထည့်တာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။
ဘေးထွက်ဆိုးကျိုးတွေက ဘာလဲ?
- ခွဲတဲ့နေရာက ရုပ်ဆိုးတဲ့ အမာရွတ်ကြီး ဖြစ်တတ်တာ
- အစားထိုးပစ္စည်းကို ရင်သားတစ်ရှူးတွေက တွယ်ဆက်တဲ့နေရာက ရှုံ့နေပြီး ရင်သားက မာတောင့်တောင့်ကြီး ဖြစ်နေတတ်တာ
- အစားထိုးပစ္စည်းက ကွဲထွက်ပြီး အကျိတ်ဖြစ်နေတာ (ဆီလီကွန်မှာ ဖြစ်တတ်ပြီး ဖယ်ရှားပစ်ဖို့ လိုပါတယ်)
- အစားထိုးပစ္စည်းက ခေါက်တွန့်၊ နေရာလွဲပြီး ရင်သားက ပုံပျက်ပန်းပျက် ဖြစ်နေတာ
- အစားထိုးပစ္စည်းက နေရာအတည်တကျမရှိဘဲ ရွေ့နေတာ
- အာရုံကြောထိခိုက်မိလို့ နို့သီးခေါင်းက ခံစားမှုမရှိတော့တာ ဒါမှမဟုတ် ခံစားမှုလွန်နေတာ ဒါမှမဟုတ် ထုံနေတာ
- နို့တိုက်ရခက်ခဲတာ၊ နို့များများမထွက်တာ
- ခွဲနေစဥ် သွေးထွက်လွန်တာ (အသက်အန္တရာယ် စိုးရိမ်ရ)
- မေ့ဆေးပေးပြီး ပြန်မနိုးလာတာ
ခွဲထားတဲ့နေရာကို ရောဂါပိုးဝင်တာ စသဖြင့် ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိသလို ကင်ဆာဖြစ်နိုင်ခြေလည်း ရှိပါတယ်။
ကုန်ကျစရိတ်လည်းကြီးသလို ဘေးထွက်ဆိုးကျိုးလည်းများတာမို့ မခွဲခင် ကိုယ့်ကိုခွဲစိတ်မယ့် ဆရာဝန်ရဲ့ အရည်အချင်း၊ ထည့်မယ့် အစားထိုးပစ္စည်းရဲ့ အရည်အသွေး စတာတွေကလည်း သိကိုသိထားရမယ့် အရာတွေပါပဲ။
သဘာဝအတိုင်းကတော့ တကယ်ကို အကောင်းဆုံးအရာပါ။ ကိုယ့်ရင်သားက သေးနေလို့ စိတ်ကျေနပ်မှုမရှိရင် လေ့ကျင့်ခန်းတွေ စိတ်ရှည်လက်ရှည်လုပ်ပြီး သဘာဝအတိုင်းလှပအောင် ကြိုးစားလို့ရပါတယ်။ အကယ်၍ မဖြစ်မနေ ရင်သားကြီးအောင် ခွဲစိတ်ချင်ပါတယ် ဆိုရင်လည်း ကောင်းကျိုးနဲ့ဆိုးကျိုးကို ချိန်ဆပြီး ဂရုတစိုက်လုပ်ကြဖို့ တိုက်တွန်းပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်