လူပျိုဖော်ဝင်တယ်ဆိုတာ ဘယ်လိုမျိုးလဲ
မိန်းကလေးတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ယောက်ျားလေးတွေ လူပျိုဖော်ဝင်တာ နည်းနည်းနောက်ကျပါတယ်။ အစောဆုံး အသက် ၉ နှစ်ကနေ နောက်အကျဆုံး အသက် ၁၄ နှစ်အရွယ်မှာ စပြီး လူပျိုဖော်ဝင်လာနိုင်ပါတယ်။ မြန်မာနိုင်ငံအနေအထားအရတော့ ပုံမှန်အားဖြင့် အသက် ၁၁-၁၂ နှစ်အရွယ်မှာ လူပျိုစဖြစ်တာ ပိုများပါတယ်။ ဒီတော့ ၁၀ နှစ်ပတ်ချာလည် မိန်းကလေးတွေ အပျိုဖော်ဝင်ကာစအရွယ်မှာ ရွယ်တူယောက်ျားလေးတွေက သေးညှက်နေသေးတာကို တွေ့ရမှာပါ။
ယောက်ျားလေး လူပျိုဖော်ဝင်ခြင်း
အဆင့် (၁)
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ မစတင်ခင်မှာ လူပျိုဖြစ်ဖို့ လက္ခဏာတွေ ပြလာဖို့ အစပျိုးလာပါတယ်။ ဒီကာလမှာ
- ဦးနှောက်ကနေ ခန္ဓာကိုယ်ပြောင်းလဲမှုများ စတင်ဖြစ်ဖို့ အချက်တွေ ပြနေတယ်။
- ပီကျူထရီဂလန်းထဲကို GnRH ဟော်မုန်းများ ထုတ်လွှတ်ပေးတယ်။
- ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို အစပျိုးဖို့ ပြင်ဆင်နေတာဖြစ်လို့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ဦးမှာမဟုတ်ပါဘူး။
အဆင့် (၂)
ပီကျူထရီဂလန်းကနေ ဟော်မုန်းများ ခန္ဓာကိုယ်တစ်ခုလုံးကို ထုတ်လွှတ်ပြီးနောက် ပထမဦးဆုံး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပြောင်းလဲမှုတွေ စဖြစ်ပါတယ်။ အသက် (၁၁) နှစ်အရွယ်လောက်မှာ ဒီအဆင့် စတင်ပြီး
- ဝှေးစေ့နဲ့ ကပ္ပါယ်အိတ်အရေပြားတွေ ကြီးထွားလာတယ်။
- လိင်တံရဲ့ အရင်းနားမှာ အမွေးအမျှင်တွေ စပေါက်လာပါတယ်။
အဆင့် (၃)
ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာ ပိုသိသာလာပြီး ကျားဟော်မုန်းတွေ ပိုမိုထွက်ရှိလာတာကြောင့် ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမြင့်တွေရဲ့ ပြောင်းလဲမှုကို တွေ့မြင်ရနိုင်ပါတယ်။ ဒီအဆင့်ဟာ များသောအားဖြင့် အသက် (၁၃) နှစ်အရွယ်မှာ စတင်ပြီး
- ဝှေးစေ့အရွယ်အစား ကြီးလာသလို လိင်တံဟာ ပိုမိုရှည်ထွက်လာတယ်။
- ရင်သားတစ်ရှူးတွေဟာ နို့သီးခေါင်းအောက်မှာ စတင်ဖွံ့ဖြိုးလာတယ်။
- ညအိပ်နေစဉ် သုက်လွှတ်ခြင်း၊ လိင်အာသာဖြေအိပ်မက်များ မက်ခြင်းတွေ ပုံမှန်ဖြစ်လာမယ်။
- အသံက ဩပြီး လုံးလာမယ်။
- ကြွက်သားထုက ကြီးထွားလာမယ်။
- အရပ်အမြင့်ဟာ တစ်နှစ်မှာ ၂ လက်မကနေ ၃.၂ လက်မထိ မြင့်တက်လာပါမယ်။
အဆင့် (၄)
အသက် (၁၄) နှစ်ပတ်ချာလည်ဟာ လူပျိုဖြစ်ခြင်း ပြောင်းလဲမှုအကြီးမားဆုံးအဆင့်မှာ ရှိနေပြီး
- ဝှေးစေ့၊ လိင်တံ၊ ကပ္ပါယ်အိတ်အရွယ်အစားဟာ ပိုကြီးလာသလို ကပ္ပါယ်အိတ်အရေပြားကလည်း ပိုနက်လာမယ်။
- ချိုင်းမွေးများ စတင်ပေါက်လာမယ်။
- အသံဩတာတွေက ရာသက်ပန်ဖြစ်သွားမယ်။
- ဝက်ခြံတွေလည်း ပေါက်လာမယ်။
အဆင့် (၅)
အသက် (၁၅) နှစ်ဝန်းကျင်ကို ရောက်နေပြီး ဒီအဆင့်မှာ လူပျိုတစ်ယောက်ထက် လူကြီးပိုင်းယောက်ျားတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ တော်တော်များများအဖြစ် အသွင်းပြောင်းနေပါပြီ။
- လိင်တံ၊ ဝှေးစေ့၊ ကပ္ပါယ်အိတ်အရွယ်အစားဟာ လူကြီးတစ်ယောက်အရွယ်အစား ရောက်နေပါပြီ။
- ဆီးခုံမွေးများဟာ ပေါင်အတွင်းပိုင်းအထိ ပြန့်နေပါပြီ။
- မျက်နှာပေါ်မှာ အမွေးအမျှင်တွေ စတင်ပေါက်လာပြီး ယောက်ျားလေးတွေအနေနဲ့ အမွေးရိတ်ဖို့ စတင်သင့်ပါပြီ။
- ကြီးထွားမှုအရှိန် နှေးသွားပေမယ့် ကြွက်သားကြီးထွားနှုန်းကတော့ ကျသွားမှာမဟုတ်ပါဘူး။
- အသက် (၁၈) နှစ်ရောက်ပြီးသွားတာနဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ လူပျိုဖြစ်ခြင်း ရပ်တန့်သွားမှာဖြစ်ပြီး လိင်တံအရွယ်အစား၊ အရပ်အမြင့်တွေ ထပ်ကြီးလာတော့မှာ မဟုတ်ပါဘူး။
လူပျိုတစ်ယောက်အနေနဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားချက် အပြောင်းအလဲမြန်တာ၊ လိင်စိတ်ထိန်းမရဖြစ်တာမျိုးတွေကို တွေ့နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ယောက်ျားလေးများ ကောင်းစွာကြီးထွားဖွံ့ဖြိုးနိုင်ဖို့ အစာအာဟာရ၊ လေ့ကျင့်ခန်းနဲ့ အိပ်ချိန်ကို သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးက လူပျိုဖြစ်တာ နောက်ကျနေတယ်လို့ သံသယရှိတယ်ဆိုရင် အစာအာဟာရကို ပြင်ဆင်ကျွေးမွေးသင့်သလို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး တခြားကျန်းမာရေးပြဿနာများ ရှိ၊ မရှိကို စစ်ဆေးကြည့်သင့်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်