အလုပ်အကိုင်နှင့် ဆက်စပ်နေသော အဆုတ်ရောဂါများ
လေထဲမှာပါတဲ့ အမှုန်အမွှားတွေကို ရှူမိပြီး အဆုတ်ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဖုန်မှုန့်တွေ၊ ဝတ်မှုန်တွေ၊ အမှိုက်တွေ၊ မှိုတွေ၊ မစင်အညစ်အကြေးတွေ၊ မီးခိုးငွေ့ဆေးလိပ်ငွေ့တွေ၊ ကြပ်ခိုးတွေကြောင့် ဖြစ်တဲ့အမှုန်အမွှားတွေဟာ လေထုထဲမှာ ပုံမှန်ရှိနေတတ်ပေမယ့် စက်ရုံအလုပ်ရုံတွေ၊ ကားဆိုင်ကယ်တွေရဲ့ အိတ်ဇောတွေ၊ မီးရှို့မီးလောင်ပြင်တွေ၊ မိုင်းတွင်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကနေ ပိုမိုထွက်ရှိတတ်ပါတယ်။
အဲဒီအမှုန်တွေ၊ အငွေ့တွေကို ပုံမှန်အမြဲတမ်း ထပ်ကာထပ်ကာ
ရှူနေရတဲ့သူတွေဟာ အဆုတ်ရောဂါဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။
ထပ်ကာထပ်ကာ ရှူတာမဟုတ်ဘဲ တစ်ကြိမ်တစ်ခါတည်း အများကြီး ရှူမိယုံနဲ့ အဆုတ်ကိုထိခိုက်တာမျိုးလည်း ရှိတတ်ပါတယ်။
အလုပ်အကိုင်နဲ့ ဆက်စပ်နေတဲ့ အဆုတ်ရောဂါတွေဟာ တခြားအဆုတ်ရောဂါတွေလိုပဲ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ၊ အသက်ရှူပုံမမှန်တာ၊ ရင်ဘတ်အောင့်တာ စတဲ့လက္ခဏာတွေ ခံစားရပါတယ်။ ရောဂါရှိမရှိကို ဓာတ်မှန်ရိုက်တာ၊ ကွန်ပြူတာဓာတ်မှန်ရိုက်တာ၊ မှန်ပြောင်းနဲ့ကြည့်ပြီး အသားစယူစစ်ဆေးတာ၊ အဆုတ်ထဲက စုပ်ထုတ်ထားတဲ့ အရည်ကို ဓာတ်ခွဲကြည့်တာ စတဲ့နည်းတွေနဲ့ သိနိုင်ပါတယ်။
ကာဗွန်မပါတဲ့ အမှုန်တွေကို inorganic dust လို့ခေါ်ပြီး ကာဗွန်ပါရင်တော့ organic dust လို့ခေါ်ပါတယ်။
Inorganic dust ကြောင့် ဖြစ်တဲ့ရောဂါများ…
Asbestosis- မိုက်ခရိုစကုပ်နဲ့ ကြည့်မှမြင်ရတဲ့ abestos အမှုန်တွေကို ရှူမိပြီး အဆုတ်ရဲ့တစ်ရှူးတွေက အမာရွတ်တွေ ဖြစ်သွားတဲ့ ရောဂါပါ။ Abestos ကို အဆောက်အအုံတွေ ကြံ့ခိုင်အောင်၊ မီးဒဏ်ခံနိုင်အောင် အများအားဖြင့် အသုံးပြုပြီး အိမ်ခေါင်မိုး၊ ခြံစည်းရိုး၊ နံရံ၊ ကြမ်းခင်း၊ ရေနွေးငွေ့ပိုက် စတဲ့ပစ္စည်းတွေကို abestos နဲ့ ပြုလုပ်တတ်လို့ လုပ်ငန်းခွင်သာမက အိမ်၊ ကျောင်း၊ ရုံးတွေကနေလည်း abestosis ဖြစ်နိုင်ခြေ ရှိပါတယ်။
Coal worker's pneumoconiosis ကတော့ ကျောက်မီးသွေးမှုန့်တွေ ရှူမိတာကြောင့် ဖြစ်ပြီး ကျောက်မီးသွေးလုပ်သားတွေမှာ အဖြစ်များပါတယ်။ သူကလည်း အဆုတ်မှာ အမာရွတ်တွေ ဖြစ်စေတာပါ။
Silicosis က free crystalline silica တွေ ရှူမိတာကြောင့် ဖြစ်ပါတယ်။ Free crystalline silica ကို မိုင်းတွင်း၊ သတ္တုတွင်းတွေ၊ တောင်တွေကျောက်တွေ ဖောက်ခွဲရေးလုပ်တဲ့အခါတွေ၊ ရွံ့၊ ကျောက်တွေနဲ့ မှန်ထုတ်လုပ်တဲ့ လုပ်ငန်းခွင်တွေမှာ တွေ့ရတတ်ပါတယ်။ အဆုတ်ကို အမာရွတ်ဖြစ်စေတဲ့အပြင် တီဘီ၊ နမိုးနီးယားတို့လို တခြားအဆုတ်ရောဂါတွေ ဖြစ်နိုင်ခြေလည်း များစေပါတယ်။
Organic dust ကြောင့် ဖြစ်တဲ့ရောဂါများ…
Byssinosis- Hemp လို့ခေါ်တဲ့ ဆေးခြောက်အနွယ်ဝင် စက်မှုလျှော်ပင်နဲ့ ချည်တွေကြောင့် ဖြစ်ပြီး အဝတ်အထည်ထုတ်လုပ်တဲ့ လုပ်သားတွေမှာ အဖြစ်များပါတယ်။ အသက်ရှူကြပ်ပြီး အသက်ရှူမဝတဲ့ လက္ခဏာတွေ ဖြစ်တဲ့အဆုတ်ရောဂါပါ။
Hypersensitivity pneumonitis- မှိုတက်နေတဲ့ ကောက်ရိုးခြောက်တွေ၊ ငှက်ချေးတွေကြောင့် ဖြစ်ပြီး အဆုတ်မှာ အမာရွတ်တွေဖြစ်ကာ လေအိတ်ငယ်လေးတွေ ရောင်ရမ်းတဲ့ ရောဂါပါ။ မှိုစိုက်တဲ့သူတွေ၊ လယ်သမားတွေမှာ အဖြစ်များပါတယ်။
Occupational asthma က ဖုန်မှုန့်တွေ၊ ဓာတ်ငွေ့တွေ၊ မီးတောက်တွေ၊ ရေငွေ့တွေနဲ့ အလုပ်လုပ်ရတဲ့ မွေးမြူရေးသမားတွေ၊ အစားအစာချက်ပြုတ်ရသူတွေ၊ လယ်သမားတွေ၊ ချည်မျှင်နဲ့အဝတ်အထည်ထုတ်လုပ်သူတွေမှာ အဖြစ်များပါတယ်။ ပန်းနာရင်ကြပ်ဖြစ်စေသလို ရှိပြီးသား ပန်းနာရင်ကြပ်ကိုလည်း ပိုမိုဆိုးဝါးစေပါတယ်။
အလုပ်အကိုင်နဲ့ ဆက်စပ်နေတဲ့ အဆုတ်ရောဂါတွေကို ကာကွယ်ဖို့အတွက်
ဆေးလိပ်ဖြတ်ပါ။
လုပ်ငန်းခွင်မှာ face mask တပ်တာလိုမျိုး အကာအကွယ်တွေ ဝတ်ဆင်ပါ။
အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
လုပ်ငန်းခွင်ကြောင့် ဖြစ်တဲ့ရောဂါတွေအကြောင်း လေ့လာပါ။ အသိပညာပေးပါ။
ကုသဖို့အတွက်ကတော့ နားလည်တတ်ကျွမ်းတဲ့ ရင်ခေါင်းအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်