မိန်းမကိုယ် အနံ့ဆိုး ကင်းစေဖို့ဆိုရင်
ဘယ်လောက်ပဲ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်နေပါစေ၊ မိန်းမကိုယ်ဟာ အနံ့တော့ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်ချွေးနံ့လောက်က ပြဿနာမဟုတ်ပေမဲ့ အနံ့ဆိုးထွက်တာမျိုးကတော့ စိတ်ကသိကအောက် ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်းမှာ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ မှိုပိုးတွေများနေတာကြောင့် ဖြစ်ပြီး စိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်တာတော့ တော်တော်ရှားပါတယ်။
မိန်းမကိုယ် အနံ့ဆိုးထွက်ရတာဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေထဲမှာ
- မိန်းမကိုယ်တွင် မှိုပိုးနဲ့ ဘက်တီးရီးယားပိုး များနေခြင်း
- တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း
- အတွင်းခံအဟောင်းများကို ထပ်ခါတလဲလဲ ဝတ်ဆင်ခြင်း
- ချွေးအလွန်အကျွံ ထွက်ခြင်း
- မိန်းမကိုယ် မှိုစွဲခြင်း စတာတွေ ပါဝင်ပါတယ်။
မိန်းမကိုယ် အနံ့ဆိုးဟုတ်လား၊ မဟုတ်လားဆိုတာ ဘယ်လိုခွဲခြားလို့ရမလဲ။
ပုံမှန်အားဖြင့် လိင်အင်္ဂါပတ်လည်ဟာ ချွေးအလွန်အောင်းပြီး အတွင်းခံ သို့မဟုတ် အဝတ်အစားနဲ့ အမြဲထိကပ်နေရတာကြောင့် ဘက်တီးရီးယားပွားပြီး ချွေးနံ့ နံနေတတ်ပါတယ်။ ချွေးထွက်များသူတွေ၊ အတွင်းခံကို အချိန်ကြာမြင့်စွာ ဝတ်ထားတတ်သူတွေမှာတော့ ချွေးနံ့က ပိုပြင်းနိုင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ အညှီနံ့လိုမျိုး ရနေတယ်၊ အောက်သိုးသိုး မှိုစွဲသလို အနံ့တွေအပြင် အဖြူဆင်းသလို အရိအချွဲတွေပါ ထွက်နေပြီဆိုရင်တော့ တစ်ကိုယ်ရေသန့်ရှင်းမှုကို ပြန်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဘယ်လိုထိန်းသိမ်းလို့ ရမလဲ။
၁။ တစ်ကိုယ်ရေသန့်ရှင်းမှု - တစ်နေ့ကို တစ်ကြိမ် ရေပုံမှန်ချိုးပေးပါ၊ ရေချိုးတဲ့အခါမှာလည်း ရိုးရိုးကိုယ်တိုက်ဆပ်ပြာမျိုးထက် မိန်းမကိုယ်သန့်စင်ဆေးရည်ကို သုံးပြီး သန့်စင်ပေးဖို့ လိုပါတယ်။ ဆီးသွားပြီးတိုင်း အရှေ့မှအနောက်သို့ ဆွဲပြီး သန့်ရှင်းရေးလုပ်ပါ။ မိန်းမကိုယ်တစ်ဝိုက်ကို ခြောက်သွေ့အောင် ထားပါ။
၂။ အတွင်းခံ - အပြင်ကနေ ပြန်ရောက်လာတိုင်း ချွေးစိုနေတဲ့ အတွင်းခံများကို ချက်ချင်းချွတ်လဲဖို့ အရေးကြီးပါတယ်။ Gym ကစားနေတဲ့ အမျိုးသမီးများအနေနဲ့ ရေချိုးသန့်စင်ပြီးတော့မှသာ အတွင်းခံအသစ်ကို လဲလှယ်ဝတ်ဆင်ပေးပါ။ ချည်သားအတွင်းခံမျိုးကို ရွေးချယ်ဝတ်ဆင်ပြီး ညအိပ်ရင် တတ်နိုင်သလောက် အတွင်းခံဝတ်အိပ်တာမျိုး ရှောင်ပေးပါ။
၃။ မိန်းမကိုယ်သန့်စင်ဆေးရည် - မိန်းမကိုယ်ဟာ ခန္ဓာကိုယ်ပေါ်က တခြားအရေပြားနဲ့မတူဘဲ စိုထိုင်းမှုမျှခြေ pH level ကို သတ်မှတ်ထားတဲ့အဆင့်မှာ ရှိနေဖို့ ထိန်းထားရပါမယ်။ ဒီလို ထိန်းထားနိုင်ဖို့ ကိုယ်တိုက်ဆပ်ပြာတွေထက် မိန်းမကိုယ်သန့်စင်ဆေးရည်ကိုပဲ အားကိုးလို့ရပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်ဟာ အမျိုးသမီးအင်္ဂါ ပတ်လည်မှာရှိတဲ့ မကောင်းတဲ့ဘက်တီးရီးယားတွေကိုသာမက အနံ့ဆိုးတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။
၄။ လိမ်းဆေး - မိန်းမကိုယ်အနံ့ဆိုးဖြစ်စေတဲ့ ကျန်းမာရေးပြဿနာများဖြစ်တဲ့ မှိုစွဲတာ၊ အဖြူဆင်းတာ၊ သွေးဆင်းချိန်မှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်သလို ဆရာဝန်ညွှန်းပေးတဲ့ လိမ်းဆေး၊ သောက်ဆေးများကိုလည်း အတိအကျ မှီဝဲလို့ရပါတယ်။ ကျန်းမာရေးပြဿနာများ ကုသပျောက်ကင်းပြီးတာနဲ့ အနံ့ဆိုးထွက်တာ နည်းသွားမှာပါ။
သန့်ရှင်းရေးလုပ်တဲ့အခါ မလုပ်သင့်တဲ့ အမှားတွေကတော့
- မိန်းမကိုယ်နဲ့ ပတ်လည်အရေပြားတွေကို အလွန်အကျွံ ပွတ်တိုက်ဆေးတာ
- ဆပ်ပြာအပြင်းစားတွေ သုံးပြီး သန့်ရှင်းရေးလုပ်တာ
- ကြေးတွန်းတဲ့ Scrub တွေကို နေ့စဉ်အသုံးပြုတာ
- Chemical ပါဝင်တဲ့ ဆပ်ပြာတွေကို သုံးတာ
- ရေမွှေးဖျန်းတာမျိုးတွေကို လုံးဝမလုပ်သင့်ပါဘူး။
တခြားဂရုပြုရန်အနေနဲ့ အစာအာဟာရ စုံလင်စွာ စားပေးတာ၊ အိပ်ချိန်မှန်အောင် အိပ်စက်အနားယူတာ၊ ရေများများ သောက်ပေးတာ၊ ကိုယ်လက်လေ့ကျင့်ခန်းများ မှန်မှန်လုပ်ပေးတာတွေကို ပုံမှန်လုပ်ပေးခြင်းဖြင့် မိန်းမကိုယ် စိုထိုင်းမှုနဲ့ အနံ့ဆိုးနည်းအောင် ကာကွယ်ပေးမယ့် မဟော်မုန်းများ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။
အကြောင်းရင်းမရှိဘဲ မိန်းမကိုယ်ကနံနေတယ်၊ ဘယ်လောက်ပဲ သန့်ရှင်းရေးလုပ်လုပ်၊ မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးသုံး အနံ့မပျောက်ရင်တော့ အမျိုးသမီးရောဂါကုဆရာဝန်နဲ့ သေချာပြသင့်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်