အိပ်ချိန်နည်းလွန်းနေတာလား ၊ များလွန်းနေတာလား
အိပ်ချိန်နဲ့ပတ်သက်ပြီး အရေးကြီးတယ်ဆိုတာ လူတော်တော်များများ သိထားပေမယ့် တကယ်လိုက်နာဖို့အတွက်တော့ ဘယ်သူမှ သိပ်ဂရုမစိုက်ကြတာတွေ့ရတာ စိတ်မကောင်းစရာပါပဲ။ အိပ်ချိန်ဆိုတာ လူတစ်ယောက် ကျန်းမာနေဖို့၊ ခန္ဓာကိုယ်တွင်း အင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့၊ ကိုယ်ခံအားကောင်းဖို့၊ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးဖို့ မရှိမဖြစ်လိုအပ်ပါတယ်။
လူတစ်ယောက် အိပ်ရေးဝမှပဲ ခန္ဓာကိုယ်က နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာပါ။ ဒီအတွက် အိပ်ရေးပျက်တာ များလာရင် ကျန်းမာရေးထိခိုက်မယ်ဆိုတာ ယေဘုယျအားဖြင့် သိလောက်ပြီလို့ ထင်ပါတယ်။ ဒါဆို အိပ်ချိန်များလွန်းရင်ရော ကျန်းမာရေးထိခိုက်လာနိုင်လားလို့ မေးစရာဖြစ်လာပါတယ်။
တန်ဆေး၊ လွန်ဘေးဆိုတဲ့စကားဟာ လောကမှာဖြစ်ပျက်နေတဲ့ အခြေအနေအများစုမှာ သက်ရောက်မှုရှိသလို အိပ်ချိန်အတွက်လည်း တူညီတဲ့ သက်ရောက်မှုရှိပါတယ်။ ဒီမေးခွန်းအတွက် အဖြေပေးရမယ်ဆိုရင် အိပ်ချိန်နည်းရင်လည်း ကျန်းမာရေးထိခိုက်စေသလို အိပ်ချိန်များရင်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
အိပ်ချိန်နည်းခြင်း
တစ်ရက် ညအိပ်ချိန် ၄ နာရီအောက် လျော့နည်းပြီး အိပ်တာကို အိပ်ချိန်နည်းတယ်လို့ သတ်မှတ်လို့ရပါတယ်။ တစ်ရက်တလေ သတ်မှတ်ထားတဲ့ နေ့စဉ် ညအိပ်ချိန် ၇ နာရီထက် နည်းပြီးအိပ်တာကိုတော့ အိပ်ချိန်နည်းတယ်လို့ မဆိုနိုင်ပေမဲ့ နေ့တိုင်းနီးပါး အိပ်ချိန်မပြည့်ဘူးဆိုရင်လည်း အိပ်ချိန်နည်းတယ်လို့ပဲ ယူဆရမှာပါ။ ဒီလိုမျိုး အိပ်ချိန်နည်းတဲ့သူတွေမှာ
- အိပ်ရေးမဝဘဲ အားမရှိသလို နုန်းခွေနေတတ်တယ်
- ဦးနှောက်မှတ်ဉာဏ် ထိခိုက်လာပြီး တီထွင်ဖန်တီးနိုင်စွမ်း ကျစေတယ်
- နှလုံးထိခိုက်ပြီး သွေးလည်ပတ်စီးဆင်းနှုန်း ကျဆင်းစေတယ်
- ကိုယ်ခံအားစနစ်ကို ဒုက္ခပေးတယ်
- လိင်စိတ်ဆန္ဒကို လျော့ကျစေတယ်
- စိတ်ဖိစီးမှုကို များစေတယ်
- အရေပြားကို လျော့တွဲစေပြီး လူကိုအိုမင်းရင့်ရော်လာစေတယ်
- ကိုယ်အလေးချိန် တက်စေတယ်၊ သို့မဟုတ် ကျစေတယ်
- ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။
အိပ်ချိန်နည်းနေသူများအနေနဲ့ ကိုယ်အိပ်ရာမဝင်ခင် စိတ်ဖိစီးမှုနဲ့ အလုပ်တွေကို မေ့ထားခဲ့ဖို့၊ ရေနွေးနွေးနဲ့ ချိုးပေးဖို့၊ စိတ်ငြိမ်စေမယ့် တီးလုံးများကို ဖွင့်ထားပြီးအိပ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာမျိုးနဲ့ ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
အိပ်ချိန်များလွန်းခြင်း
အိပ်ချိန်များတယ်ဆိုရာမှာ တစ်ရက်ကို ညအိပ်ချိန် ၉-၁၀ နာရီထက် ပိုအိပ်တယ်ဆိုရင် အိပ်ချိန်များလွန်းတယ်လို့ သတ်မှတ်လို့ရပါတယ်။ အိပ်ရေးပျက်တာများသွားလို့ တစ်ရက်တလေ အဲဒီပမာဏထက် ပိုအိပ်မိတာကတော့ ပြဿနာ သိပ်မရှိပါဘူး။ အိပ်ချိန်များလွန်းခြင်းရဲ့ နောက်ကွယ်မှာ စိတ်ကျန်းမာရေးပြဿနာတွေ ရှိနေနိုင်သလို တချို့သော သောက်ဆေးတွေကြောင့်လည်း အလွန်အကျွံ အိပ်ပျော်စေနိုင်တဲ့အတွက် ကိုယ်ပြသနေကျ ဆရာဝန်နဲ့ တစ်ချက်တိုင်ပင်ပြသကြည့်တာ ပိုကောင်းပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများအနေနဲ့
- အဝလွန်လာတယ်
- နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်လာစေနိုင်တယ်
- ရုတ်တရက်တက်ပြီး သတိလစ်သွားနိုင်တယ်
- စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ပိုဖြစ်နိုင်တယ်
- ဆီးချိုရောဂါများ ဖြစ်လာနိုင်တယ်။
အကောင်းဆုံးကတော့ ကိုယ့်ရဲ့တစ်နေ့တာ ညအိပ်ချိန်ဟာ ၇-၈ နာရီပတ်လည်မှာ ရှိသင့်ပြီး ညစဉ်ညတိုင်း အချိန်သတ်မှတ်ပြီး အိပ်ပေးမယ်ဆိုရင်တော့ ကျန်းမာတဲ့ နေထိုင်မှုပုံစံအတိုင်း ဖြစ်လာနိုင်ပါတယ်။ အိပ်ချိန်များလွန်းသူတွေအနေနဲ့
- နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်ပေးတာ
- မနက်ခင်းမှာ အချိန်ပုံမှန်ထဖို့ နှိုးစက်ပေးထားတာ
- နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
အသက်ငယ်တုန်းမှာ အိပ်ရေးပျက်တာ၊ လွန်လွန်ကျူးကျူးအိပ်တာက ကျန်းမာရေးပြဿနာမရှိဘူးလို့ ထင်ရပေမယ့် အသက်ကြီးလာတာနဲ့အမျှ ဒီဒဏ်တွေကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်နဲ့ ကျန်းမာရေးဆုတ်ယုတ်လာတာကို သတိထားမိလာမှာပါ။
ရေးသားသူ - ရဲမျိုးမြတ်