အလှအပရေးရာအတွက် ထောပတ်သီးက ဘယ်လိုအကျိုးပြုလဲ
အခုလို ထောပတ်သီးတွေ လှိုင်လှိုင်ပေါတဲ့ ရာသီမှာ ထောပတ်သီးက ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းကျိုးတွေ အများကြီးပေးသလဲဆိုတာ
ပြောပြဖို့ လိုမယ်ထင်တယ်နော်။
ထောပတ်သီးဆိုတာနဲ့ အလှအပရေးရာအတွက် ခေါင်းအစခြေအဆုံး အကျိုးပြုမှန်း တော်တော်များများ သိကြပါတယ်။ အလှကုန်ပစ္စည်းတွေမှာလည်း ထောပတ်သီးကို ထည့်သွင်းအသုံးပြုလေ့ ရှိပါတယ်။ ထောပတ်သီးကို ဖျော်သောက်တာ၊ ရေခဲမုန့်လုပ်တာ၊ ကိတ်မုန့်လုပ်တာ စသဖြင့် စားစရာအဖြစ် အသုံးပြုကြသလို ဆံပင်နဲ့ အသားအရေကို ထိန်းသိမ်းဖို့ တိုက်ရိုက်လိမ်းကျံတာမျိုးလည်း လုပ်ကြပါတယ်။
ထောပတ်သီးမှာ ဗိုက်တာမင်၊ သက်စောင့်ဓာတ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants၊ carotenoids တွေနဲ့ monounsaturated fatty acids တွေ အများကြီးလည်း ပါဝင်လို့ အသားအရေအတွက် ကောင်းသလို ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
ထောပတ်သီးက အလှအပရေးရာအတွက် ဘာတွေ အကျိုးပြုလဲ?
ဝက်ခြံအတွက် အသုံးဝင်တယ်
ထောပတ်သီးမှာပါတဲ့ lauric acid က ဘက်တီးရီးယားတွေ သေစေပြီး ရောင်ရမ်းတာတွေ သက်သာစေတဲ့ အာနိသင်ရှိလို့ ဝက်ခြံအတွက် အထူးပဲ သင့်တော်ပါတယ်။ အစိုဓာတ်ကိုလည်း ထိန်းပေးလို့ အသားအရေ ခြောက်သွေ့ခြင်းက ကာကွယ်ပေးပြီး ဝက်ခြံထပ်မံ ထွက်မလာအောင် တားဆီးပေးပါတယ်။
အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတယ်
ထောပတ်သီးမှာပါတဲ့ oleic acid က အရေးအကြောင်းတွေကို လျော့နည်းစေပါတယ်။ ဗိုက်တာမင်စီ နဲ့ ဗိုက်တာမင်အီးက အသားအရေကို တောက်ပစိုပြေစေပြီး antioxidants တွေက အိုမင်းရင့်ရော်စေတဲ့ free radicals တွေကို ချေဖျက်ပေးပါတယ်။
အသားအရေ စိုပြေစေတယ်
ထောပတ်သီးမှာ ဗိုက်တာမင်အီး ကြွယ်ဝလို့ ရေဓာတ်ဖြည့်ပေးပြီး အသားအရေကို စိုပြေစေပါတယ်။ ထောပတ်သီးက ထုတ်ထားတဲ့ဆီကို လိမ်းပေးရင် နေလောင်ထားလို့ အသားအရောင်ပြောင်းနေတာကို ပုံမှန်ပြန်ဖြစ်စေပါတယ်။
ဆဲလ်သေတွေ ဖယ်ရှားပေးတယ်
ထောပတ်သီးက ဂျီးချွတ်ပေးတဲ့ အာနိသင်လည်း ရှိပါတယ်။ ချွေးပေါက်ထဲက အညစ်အကြေးတွေ၊ ဆဲလ်သေတွေနဲ့ အဆီတွေကို ဖယ်ရှားပေးပြီး အရေပြားကို အာဟာရဓာတ်ပြည့်ဝစေကာ နုပျိုစေပါတယ်။
နေလောင်တာကို သက်သာစေတယ်
ထောပတ်သီးမှာပါတဲ့ lecithin၊ ဘီတာကယ်ရိုတင်း၊ ဗိုက်တာမင်ဒီ နဲ့ အီးတွေက နေရောင်ကြောင့် နီရဲရောင်ရမ်းတာတွေကို သက်သာစေပြီး အသားအရေကို နူးညံစေပါတယ်။ အသားအရေထိခိုက်တာတွေကိုလည်း အနာကျက်မြန်စေပါတယ်။
အမာရွတ်နဲ့ အမဲစက်တွေကို လျော့ပါးစေတယ်
ထောပတ်သီးမှာ ဗိုက်တာမင်အီးနဲ့ omega 3 fatty acids ပါလို့ ဝက်ခြံကြောင့် ဖြစ်တဲ့အမာရွတ်၊ အမဲစက်တွေ၊ အပေါ်ယံမီးလောက်ဒဏ်ရာ၊ ကြောင်ကုတ်ရာလိုမျိုးတွေကို လျော့ပါးသက်သာပြီး အနာကျက်မြန်စေပါတယ်။
ခြေဖနောင့်ကွဲတာ သက်သာစေတယ်
ထောပတ်သီးဟာ ခရင်မ်လိုမျိုးဖြစ်နေတဲ့အတွက် ခြေဖဝါးတွေခြောက်သွေ့ပြီး ခြေဖနောင့်တွေ အက်ကွဲနေတာမျိုးအတွက် နာကျင်ယားယံတာတွေ သက်သာပြီး အစိုဓာတ်ပြည့်ဖြည့်ဖို့ သုံးလို့ရပါတယ်။
လက်ဖဝါးတွေ နူးညံ့စေတယ်
ထောပတ်သီးကို လက်ဖဝါးတွေ ခြောက်သွေ့ကြမ်းတမ်းပြီး အသားပတ်တာတွေအတွက် သုံးလို့ရပါတယ်။ လက်ကို နူးညံ့စိုပြေစေပါတယ်။
ဆံပင်ကို ပျော့ပြောင်းသန်စွမ်းစေတယ်
ထောပတ်သီးမှာပါတဲ့ palmitic, oleic နဲ့ linoleic acids တွေက သဘာဝဆံပင်ပျော့ဆေး ဖြစ်ပြီး ဆံပင်ကို ပိုးသားလေးလို ပျော့ပြောင်းတောက်ပြောင်စေပါတယ်။ ဒါ့အပြင် amino acids က ဆံပင်ကို သန်စွမ်းရှည်လျားဖို့ အထောက်အကူပြုပါတယ်။
ဗောက်ပျောက်စေတယ်
ထောပတ်သီးက ဗိုက်တာမင်၊ antioxidants နဲ့ amino acids တွေ ကြွယ်ဝပြီး ဦးရေပြားကို အစိုဓာတ်ပေးကာ အေးမြစေပါတယ်။ ဦးရေပြားက အဆီထွက်တာကို လျော့နည်းစေပြီး ဘက်တီးရီးယားတွေ သေစေလို့ ဗောက်ပြဿနာတွေကို ရှင်းလင်းပေးပါတယ်။
ထောပတ်သီးအနှစ်ကို မျက်နှာပေါင်းတင်တာ၊ ဆံပင်ပေါင်းတင်တာ၊ လက်ကိုလိမ်းတာမျိုး လုပ်လို့ရသလို ထောပတ်သီးနဲ့ပြုလုပ်ထားတဲ့ အလှကုန်တွေ ရွေးချယ်သုံးစွဲတာ၊ အစားအစာအနေနဲ့ စားတာ၊ ဖျော်သောက်တာတွေလည်း လုပ်လို့ရပါတယ်။
ထောပတ်သီးဟာ အသားအရေအတွက်သာမက ခန္ဓာကိုယ်အတွက်လည်း အရမ်းကောင်းတာသိပြီမို့ စျေးကိုမြန်မြန်ပြေးပြီး ဝယ်လိုက်ကြတော့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်