နွားနို့သောက်ရင်း ရမယ့် ကျန်းမာရေး
နွားနို့က အာဟာရပြည့်ဝတဲ့ အစားအစာအဖြစ် လူတိုင်းလိုလို လက်ခံထားပြီးသားပါ။ နွားနို့က အမျိုးအစားပေါ်လိုက်ပြီး ရရှိနိုင်တဲ့ ကျန်းမာရေး အာနိသင်တွေကွာပေမယ့် ကျန်းမာစေတာကတော့ အတူတူပါပဲ။ ဒီတော့ နွားနို့သောက်ရင်း ရမယ့် ကျန်းမာရေးက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
နွားနို့ ဆိုရာဝယ်
နွားနို့က ကျန်းမာတဲ့ အာဟာရတစ်ရပ်ပါ။ နွားကနေရတဲ့ နို့ပါ။ အရသာက ချိုပြီးဆိမ့်ပါတယ်။ ကျိုပြီးမှ သောက်သင့်ပါတယ်။ သကြားထည့်သောက်လို့ရသလို ဆားထည့်ပြီးလည်း သောက်လို့ ရပါတယ်။ အဝါရောင် ဖျော့ဖျော့လေးပါ။
နွားနို့မှာ ဘာတွေပါ
နွားနို့ကို အဆီထုတ်နို့၊ မလိုင်ပြည့်နို့ဆိုပြီး ကွဲပြားမှုအပေါ်မှာလိုက်ပြီး အာဟာရ ပါဝင်မှုတွေ ကွာခြားနိုင်ပါတယ်။ ပုံမှန်ကတော နွားနို့မှာ
- ကယ်လ်လိုရီ
- အဆီဓာတ်
- ပရိုတင်း
- သကြားဓာတ်
- ကယ်လ်ဆီယမ်
- ဖော့စဖရိတ်
- ပိုတက်ဆီယမ်
- ဗီတာမင် D
- ခိုလင်း
- မဂ္ဂနီဆီယမ်
- ဗီတာမင် A
- Riboflavin
- ဗီတာမင် B6
- ဗီတာမင် B12
- ဖောလိတ်တို့ ပါဝင်ပါတယ်။
နွားနို့သောက်ရင်း ရမယ့် ကျန်းမာရေး
နွားနို့သောက်ရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
အရိုးတွေ သန်မာစေတယ်
နို့သောက်တာက အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာကြံ့ခိုင်စေဖို့ ထောက်ကူပေးပါတယ်။
ဦးနှောက် ကျန်းမာစေတယ်
နွားနို့မှာ ဦးနှောက်ကို ထောက်ကူပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ glutathione ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နွားနို့ပုံမှန် သောက်ပေးတာက အရွယ်ရလာချိန်မှာ အရိုးပြဿနာတွေ ခံစားရနိုင်ခြေ နည်းစေပါတယ်။
နှလုံး ကျန်းမာစေတယ်
ပိုတက်ဆီယမ် ပါဝင်မှု များပြီး ဆိုဒီယမ် ပါဝင်မှု နည်းတာကြောင့် သွေးမတိုးအောင် ကာကွယ်ပေးပြီး နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ နှလုံးရောဂါ ခံစားရတာ လေဖြတ်တာမျိုးတွေ မဖြစ်အောင် ထိန်းပေးပါတယ်။
စိတ်ဓာတ်ကျတာ သက်သာစေတယ်
ဗီတာမင် D ပါဝင်နေတာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး စားချင်စိတ်နဲ့ အိပ်ချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းဖြစ်တဲ့ ဆီရိုတိုနင် ဟော်မုန်း ထွက်ရှိစေနိုင်ပါတယ်။
ကြွက်သားတက်စေတယ်
တစ်နေ့ကို အဆီထုတ်နို့ တစ်ခွက် သောက်သုံးပေးတာက ပရိုတင်း ပြည့်ဝစေပြီး ခန္ဓာကိုယ် တစ်ရှူးတွေကို ပြုပြင်ပေးသလို ကြွက်သားတက်စေဖို့ ထောက်ကူပေးပါတယ်။
အရသာရှိရှိ နွားနို့လေး သောက်ရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရယူလိုက်ပါ။
ရေးသားသူ - မွန်မွန်