ခရမ်းချဉ်သီး အသားလှစေတာအပြင် ဘာတွေ ကျန်းမာစေသလဲ?
သုပ်စားသလို လက်ဖက်ထဲ ထည့်စားတာ၊ အချို့သော အသုပ်တွေထဲထည့်စားလေ့ရှိသလို ဟင်းချက်ရာမှာ အနှစ်ရအောင် သုံးလေ့ရှိတဲ့ နီနီစိုစို ခရမ်းချဉ်သီးလေးက အသားအရေ လှစေတယ်ဆိုတာကို ငယ်ငယ်ကတည်းက ကြားဖူးကြမယ် ထင်ပါတယ်။ ဒီလို စားစရာ တော်တော်များများမှာ ပါဝင်လေ့ရှိတဲ့ ခရမ်းချဉ်သီးလေးက အသားအရေ လှတာအပြင် ဘယ်လို အကျိုးကျေးဇူးလေးတွေ ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။
ခရမ်းချဉ်သီး ဆိုရာဝယ်
ခရမ်းချဉ်သီးမှာ ချယ်ရီ ခရမ်းချဉ်သီးလို့ ခေါ်တဲ့ ခရမ်းချဉ်သီး သေးသေးလေးကစလို့ ကိုင်းခရမ်းချဉ်သီး၊ ပန်ခရမ်းချဉ်သီး၊ ဆင်ခရမ်းချဉ်သီးဆိုပြီး အမျိုးမျိုး ရှိကြပေမယ့် ခရမ်းချဉ်သီးက ပေးတဲ့ အာဟာရတန်ဖိုးနဲ့ ကျန်းမာရေး အာနိသင်တွေကတော့အတူတူပါပဲ။
ခရမ်းချဉ်သီးတွေက မမှည့်ခင်မှာ အစိမ်းရောင် ရှိတတ်ပြီး မှည့်လာချိန်မှာ အဝါရောင်လေးကနေ အနီရဲရဲလေးဖြစ်လာတာပါ။ အရသာက ချိုချဉ်ကနေ အချဉ်စူးစူးလေးအထိ အမျိုးမျိုး ရှိပါတယ်။ အစိမ်းစားလို့ရသလို ဟင်းချက်ပြီး စားလို့လည်း ရပါတယ်။
ခရမ်းချဉ်သီးမှာ ဘာတွေပါ
ဘယ်လိုစားစား အရသာရှိလှတဲ့ ခရမ်းချဉ်သီးလေးမှာ
- ကယ်လ်လိုရီ
- ကာဗိုဟိုက်ဒရိတ်
- အဆီဓာတ်
- ပရိုတင်း
- ဗီတာမင် C
- ပိုတက်ဆီယမ်
- ဗီတာမင် K
- ဗီတာမင် B12
- ဖောလိတ်တို့ ပါဝင်နေပါတယ်။
ဗီတာမင် C ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေပြီး ရေဓာတ်ပြည့်ဝနေတာကြောင့် အသားအရေ ခြောက်သွေ့မှု ကင်းစေမှာပါ။
ခရမ်းချဉ်သီး အသားလှစေတာအပြင် ဘာတွေ ကျန်းမာစေသလဲ?
အရောင်အသွေး လှပသလို သဘောကျစရာ အရသာရှိတဲ့ ခရမ်းချဉ်သီးလေးက ဗီတာမင် C ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေပြီး ရေဓာတ်ပြည့်ဝနေတာကြောင့် အသားအရေ ခြောက်သွေ့မှု ကင်းစေမှာပါ။ ဒါတွေအပြင် ဘယ်လိုမျိုး ကျန်းမာရေး အာနိသင်တွေ ပေးသလဲဆိုတော့
ဦးနှောက် ကျန်းမာစေတယ်
ခရမ်းချဉ်သီး ပုံမှန် စားသုံးပေးတာက ဦးနှောက် ကျန်းမာစေပြီး အသက်အရွယ်ရလာတဲ့အခါ ခံစားရနိုင်တဲ့ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို မှတ်ဉာဏ်အားနည်းတာ၊ သိမြင်မှု စွမ်းရည် ကျဆင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ပါကင်ဆန်ရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
နာတာရှည် ရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်
ခရမ်းချဉ်သီး ပုံမှန်စားသုံးပေးတာက နာတာရှည် ရောဂါတွေဖြစ်ကြတဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်၊ သွေးတိုးရောဂါနဲ့ အဝလွန်တာ၊ သွေးတွင်းအဆီများတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အကျိုးပြု ကိုလက်စထရောပမာဏ မြင့်တက်စေပြီး အင်ဆူလင် ထုတ်လုပ်မှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ခရမ်းချဉ်သီးမှာ ပါတဲ့ lycopene က ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။
နှလုံး ကျန်းမာစေတယ်
ခရမ်းချဉ်သီး များများစားတာက နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ သွေးမတိုးအောင် ထိန်းညှိပေးသလို သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။ အကျိုးပြု ကိုလက်စထရော တိုးစေပြီး အရောင်ကျစေနိုင်တာကြောင့် သွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။
ဝမ်းချုပ်တာ သက်သာစေတယ်
ခရမ်းချဉ်သီးမှာ ရေဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူမကြီးကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းချုပ်တာ သက်သာစေဖို့ စားပေးလို့ ရပါတယ်။
အမျိုးအစား -၂ ဆီးချို ကာကွယ်ပေးတယ်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် နာတာရှည်ရောဂါဖြစ်တဲ့ ဆီးချိုရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်ပါဝင်နေတာက ကျန်းမာစေပြီး အင်ဆူလင်ထွက်ရှိမှု ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။
ကင်ဆာ ကာကွယ်ပေးတယ်
ခရမ်းချဉ်သီးမှာပါတဲ့ Lycopene နဲ့ဘီတာကယ်လ်ရိုတင်းလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၂ မျိုးက ဓာတ်တိုးပစ္စည်း တွေကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီး ပုံမှန်စားပေးတာက ရင်သားကင်ဆာ၊ အူမကြီး ကင်ဆာ၊ အစာဟောင်းအိမ် ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ခရမ်းချဉ်သီးမှာ ဗီတာမင် C နဲ့ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူ ပေးနိုင်ပါတယ်။ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးပြီး ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပါတယ်။
ခရမ်းချဉ်သီးက အသားအရေတင် လှစေတာ မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အခုလို ထောက်ကူပေးပါသေးတယ်။
ရေးသားသူ - မွန်မွန်