ကလေးလေးတွေကို သွားနဲ့ခံတွင်း ဘယ်လို သန့်ရှင်းပေးမလဲ?
သွားနဲ့ခံတွင်း ကျန်းမာရေးက အရွယ်သုံးပါးစလုံးအတွက် အရေးပါပါတယ်။ ဒီတော့ ကလေးလေးကို ဘယ်အချိန်ကစပြီး သွားနဲ့ခံတွင်းသန့်ရှင်းရေး လုပ်ပေးမလဲ? ဘယ်လိုတွေ သန့်ရှင်းပေးရမလဲ? ဆိုတာကို ပြောပြပေးချင်ပါတယ်။
ပူတူးတူးလေးကို ဘယ်အချိန်မှာ သွားနဲ့ ခံတွင်း သန့်ရှင်းပေးရမလဲ
ပူတူးတူးလေးကို သူတို့လေးတွေရဲ့ ငယ်သွားလေးတွေ မပေါက်ခင်မှာ စတင် သန့်ရှင်းပေးဖို့ လိုပါမယ်။ ဒါမှ ကလေးက သွားနဲ့ ခံတွင်း ကျန်းမာမှာပါ။ ကလေးပိစိလေးတွေက သွားတွေ မပေါက်သေးလို့ သွားကြားထဲမှာ စားကြွင်းစားကျန်တွေ မရှိဘူး ဆိုပေမယ့် ဘက်တီးရီးယားတွေတော့ ရှိနေနိုင်ပါတယ်။ မေမေ့နို့ ဖော်မြူလာနို့တွေကို သောက်နေတာကြောင့် ခံတွင်းကို သန့်ရှင်းဖို့ လိုပါမယ်။
ကလေးလေးတွေကို သွားနဲ့ခံတွင်း ဘယ်လို သန့်ရှင်းပေးမလဲ?
ကလေးလေးကို တစ်နေ့ ၂ ကြိမ် ခံတွင်း သန့်ရှင်းပေးဖို့ လိုပါမယ်။ ဘယ်လို သန့်ရှင်းပေးရမလဲဆိုတော့ သွားမပေါက် သေးတာကြောင့် လူကြီးတွေလို သန့်ရှင်းပေးလို့တော့ မရသေးဘူးပေါ့။ ဒီတော့ ဘယ်လို သန့်ရှင်းပေးရမလဲဆိုတော့
- လိုအပ်တာက အဝတ်စ သန့်သန့်လေး တစ်ခု
- ရေနွေးနွေးလေး တစ်ခွက်
- ဇလုံသန့်သန့်လေး တစ်လုံးပါ။
ဘယ်လိုသန့်ရှင်းပေးမလဲဆိုတော့ ဘေဘီလေးကို ခံတွင်းသန့်ရှင်းရေး မလုပ်ပေးခင်မှာ မေမေ ဒါမှမဟုတ် ပူတူးတူးလေးကို ခံတွင်းသန့်ရှင်းပေးမယ့် တစ်ယောက်ယောက်က လက်ကိုသန့်အောင်ဆေးပါ။ ပြီးရင် ရေနွေးကို ဇလုံ သန့်သန့်ထဲ ထည့်ပေးပါ။ ရေအပူချိန်ကို စမ်းပါ ငွေ့ငွေ့လေးပဲ နွေးနေပါစေ။ အရမ်းပူနေရင် ကလေးလေးရဲ့ လျှာနဲ့ ခံတွင်းတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။
ရေနွေး ကြက်သီးနွေးလေးကို အဝတ်စသန့်သန့်လေးမှာ စွတ်ပါ။ ပြီးရင် ညှစ်ချပါ။ နောက်တစ်ဆင့်အနေနဲ့ လက်ချောင်းလေးမှာ စွတ်ပါ။
ပြီးရင်တော့ သွားဖုံးလေးတွေ၊ လျှာလေးတွေ၊ ပါးစောင်လေးတွေကို တိုက်ပေးပါ။ လျှာ အောက်ဘက်နဲ့ အာခေါင်လေးကိုလည်း မေ့မထားပါနဲ့။ ပြီးရင် ရေနွေးလေး ထပ်စွတ် ညှစ်ချပြီး နောက်တစ်ကြိမ် အပြီးသတ် သန့်စင်ပေးလိုက်ပါ။
ခံတွင်းသန့်ရှင်းရေး လုပ်ပေးနေချိန်မှာ ကလေးလေးက စကားတွေပြောရင်း ချော့မြူပေးပါ။ ဒါမှ ကလေးလေးက မငိုမှာပါ။
မနက်တစ်ကြိမ် ညတစ်ကြိမ် သန့်စင်ပေးပါ။ ဒီလိုလေး ပုံမှန်လုပ်ပေးတာက ကလေးလေးကို သွားနဲ့ ခံတွင်း ကျန်းမာစေပြီး သွားနဲ့ခံတွင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒီလိုကနေ သွားလေးတွေ စထွက်ပြီ မစုံသေးဘူး ကလေးကလည်း အသက် ၁ နှစ် မပြည့်သေးဘူးဆိုရင် ဒီအတိုင်းလေး သန့်ရှင်းပေးပါ။ ကလေးက သွားလေးတွေ ထွက်ပြီဆိုရင် သွားပွတ်တံလေးနဲ့ ကလေးလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးတွေနဲ့ တိုက်ပေးလို့ ရပါတယ်။
ကလေးကို ထွေးထုတ်ဖို့ အာလုပ်ကျင်းဖို့ သင်ပေးပါ။ ကလေးကို အရွယ်အလိုက် လိုအပ်တဲ့ သွားနဲ့ ခံတွင်းစောင့်ရှောက်မှု လုပ်ပေးပါ။ သွားနဲ့ခံတွင်းသန့်ရှင်းရေး လုပ်ပေးတာက နှလုံးကျန်းမာရေးကိုလည်း ဂရုစိုက်ပြီးသား ဖြစ်ပါတယ်။
ရေးသားသူ - မွန်မွန်