ကိုဗစ်ကပ်ဘေးကို အဆုံးသတ်နိုင်တော့မယ်လို့ WHO ကြေညာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဒေါက်တာ ဒက်ဒရို့စ် ဂီဘရီယက်ဆုစ်ကတော့ တစ်ကမ္ဘာလုံးကို ၃ နှစ်ဝန်းကျင်ကြာ ဒုက္ခပေးနေတဲ့ COVID-19 ရောဂါကပ်ဘေးကြီးကို အဆုံးသတ်နိုင်တော့မယ့် လမ်းစဟာ မျက်စိရှေ့ကိုရောက်နေပြီလို့ တရားဝင်ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
COVID-19 ရောဂါပိုးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ပြီးချိန်ကတည်းက ကမ္ဘာတစ်ဝှမ်းကို ကပ်ဘေးအသွင် ပြန့်နှံ့သွားခဲ့ပြီး ၃ နှစ်တာကာလအတွင်း လူပေါင်း ၆.၅ သန်းဝန်းကျင်ရဲ့ အသက်တွေကို နှုတ်ယူခဲ့ပါတယ်။
လက်ရှိအချိန်အထိ အဆိုပါရောဂါကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေကို ရှာဖွေနေဆဲဖြစ်ပြီး ကာကွယ်ဆေးတွေသာ ထုတ်လုပ်နိုင်ပါသေးတယ်။ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုဟာ ရောဂါကိုတားဆီးရာမှာ အတော်လေး ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်လာခဲ့ပြီး ကာကွယ်ဆေး အဆင့်ဆင့်ထိုးနှံမှုတွေကြောင့် ရောဂါကူးစက်နှုန်းကို သိသိသာသာ ထိမ်းချုပ်လာနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။
ဒါပေမယ့်လည်း COVID-19 ရောဂါပိုးဟာ မျိုးဗီဇဆင့်ကဲပြောင်းလဲမှုတွေ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့တာကြောင့် ဒီကနေ့အချိန်အထိ မျိုးကွဲပေါင်းမြောက်များစွာနဲ့ ကမ္ဘာတစ်လွှားမှု ကူးစက်ပျံ့နှံ့မှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း WHO ကတော့ လက်ရှိအခြေအနေဟာ ရောဂါကပ်ဘေးကို ရပ်တန့်နိုင်ဖို့အတွက် လမ်းကြောင်းမှန်တစ်ခုဖြစ်တယ်လို့ အခိုင်အမာယုံကြည်မှုရှိနေတာပါ။
"ပြီးခဲ့တဲ့အပတ်တုန်းကဆိုရင် သေဆုံးနှုန်းက ၂၀၂၀ ခုနှစ် မတ်လနောက်ပိုင်းမှာ အနည်းဆုံးပမာဏဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေးကာလတစ်လျှောက်မှာ ကျွန်တော်တို့ ဒီလောက်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ပါဘူး။ ကျွန်တော်တို့ အဆုံးမသတ်နိုင်သေးပေမယ့် လမ်းကြောင်းမှန်က မျက်စိရှေ့မှောက်ကိုရောက်နေပြီဆိုတာကတော့ သေချာပါတယ်" လို့ ဒေါက်တာ ဒက်ဒရို့စ် ဂီဘရီယက်ဆုစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
WHO ဘက်က အပြုသဘောဆောင်တဲ့ ရှုမြင်မှုကို တရားဝင်ထုတ်ဖော်ပြောဆိုလာခဲ့ပေမယ့်လည်း COVID-19 ရဲ့ မျိုးကွဲသစ်တွေဖြစ်တဲ့ အိုမီခရွန် BA.4.6 နဲ့ BA.5 တို့ရဲ့ ကူးစက်မှုနှုန်းတွေမြင့်တက်လာနေတယ်လို့ ကမ္ဘာတစ်ဝှမ်းက သတင်းအချက်အလက်တွေက ဖော်ပြနေကြပါတယ်။