မနက်အိပ်ရာနိုးတဲ့အခါ ကိုယ့်ခံတွင်းက ဘာလို့နံနေတာလဲ
ညဘက်တွေ သွားသေချာတိုက်ပြီး အိပ်ရာဝင်လိုက်တယ်၊ ဒါပေမယ့် မနက်နိုးလာလို့ သမ်းဝေလိုက်တဲ့အချိန် ကိုယ့်ခံတွင်းက ချဉ်စူးစူးအနံ့၊ အောက်သိုးသိုးအနံ့တွေ ထွက်လာတာကို လူတော်တော်များများ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီပြဿနာကို Morning Breath သို့မဟုတ် မနက်ပိုင်းမှာဖြစ်တဲ့ ခံတွင်းနံခြင်းလို့ ခေါ်ပါတယ်။
မနက်နိုးလာလို့ ခံတွင်းနံတယ်ဆိုတဲ့ ပြဿနာရဲ့နောက်ကွယ်က တရားခံအကြောင်းရင်းတွေကို ပြန်ရှာကြည့်လိုက်တဲ့အခါ
၁။ ခံတွင်းခြောက်ခြင်း
ညဘက်အိပ်တဲ့အခါ လူအများစုသည် ဆီးထသွားရမှာစိုးတဲ့အတွက် ရေမသောက်တတ်ကြသလို ရေသောက်တယ်ဆိုရင်လည်း အိပ်ချိန်သည် အနည်းဆုံး ၇ နာရှိတဲ့အတွက် ဒီကြားထဲမှာ ခံတွင်းက ရေဓာတ်တွေ ခန်းခြောက်ပြီး တံတွေးထုတ်လုပ်မှု နည်းသွားပါတယ်။ လူ့ခံတွင်းထဲက တံတွေးဆိုတာ သွားကြားထဲက အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ညအိပ်ချိန်အတွင်း တံတွေးနည်းလာတာနဲ့အမျှ နိုးလာတာနဲ့ ခံတွင်းအနံ့ဆိုးဖြစ်လာတဲ့ ပြဿနာကို စတွေ့တာပေါ့။
တချို့လူတွေမှာတော့ ညအိပ်တာနဲ့မသက်ဆိုင်ဘဲ ရောဂါသောက်ဆေးများ စွဲသောက်နေရခြင်းကြောင့် Side Effect ပြတဲ့အနေနဲ့ ခံတွင်းခြောက်တာပါ။ ဒီလူတွေမှာတော့ ညအိပ်ပြီး မနက်နိုးတဲ့အချိန်တင်မကဘဲ တစ်နေ့လုံး ခံတွင်းအနံ့ဆိုးထွက်တဲ့ ပြဿနာကို ခံစားရနိုင်ပါတယ်။
၂။ ခံတွင်းသန့်ရှင်းရေး အားနည်းခြင်း
သွားနဲ့ခံတွင်း သန့်ရှင်းရေးမှာဆိုရင် မနက်နိုးလာသည်နှင့် သွားတိုက်ခြင်း၊ ညအိပ်ရာဝင်ကာနီးမှာ သွားတိုက်ခြင်း၊ ကိုယ့်သွားနဲ့ ကိုက်ညီမယ့် သွားပွတ်တံကို သေချာရွေးချယ်ခြင်း၊ အစာစားပြီးသည်နှင့် သွားပွတ်ကြိုးထိုး၍ သွားကြားထဲမှ စားကြွင်းစားကျန်များကို သန့်ရှင်းပေးခြင်း၊ လျှာခြစ်ခြင်း၊ ပလုတ်ကျင်းခြင်း စတာတွေ ပါဝင်ပါတယ်။ ဒီအချက်တွေကို သေချာမလုပ်မိတဲ့အခါ၊ လုပ်ဖို့ မကြာခဏပျက်ကွက်တာ၊ ခံတွင်းသန့်ရှင်းပေမယ့် နည်းစနစ်မှားယွင်းနေတဲ့အခါ ခံတွင်းသန့်ရှင်းရေး အားနည်းတယ်လို့ ယူဆနိုင်ပြီး မနက်အိပ်ရာနိုးလာတာနဲ့ ခံတွင်းအနံ့ဆိုး ထွက်နေမှာပါ။
၃။ မအိပ်ခင် စားလိုက်မိတဲ့ အစားအစာတွေ
ရုပ်ရှင်ကြည့်နေလို့၊ စာကျက်နေလို့၊ အလုပ်လုပ်နေလို့ ညဉ့်နက်သွားတဲ့အခါ ဦးနှောက်က အစာတစ်ခုခုကို တောင့်တလာတဲ့အတွက် အစာအိမ်က အနားယူနေတဲ့အချိန်မှာလည်း လူတွေက အစာစားမိတတ်ကြပါတယ်။ ပြဿနာမှာ သွားတိုက်ပြီး ညသန်းခေါင်၊ သို့မဟုတ် ညနောက်ကျမှ အစာစားတတ်ကြသလို စားပြီးသွားရင်လည်း ပလုတ်ကျင်းဖို့၊ သွားပြန်တိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ဒီအတွက် စားကြွင်းစားကျန်တွေက သွားကြားထဲ ကပ်ငြိကျန်ခဲ့တာကြောင့် အိပ်နေတဲ့အချိန်တောက်လျှောက် ဘက်တီးရီးယားပိုးတွေ ပွားလာတဲ့အတွက် ခံတွင်းအနံ့ဆိုး ထွက်ရတာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ အစာစားလိုက်ခြင်းကြောင့် အစာအိမ်ကနေ အစာချေဖျက်ပြီး စားချဉ့်ရည်တွေ ပြန်ကန်တက်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာဟာ လူတွေနိုးထနေတဲ့အချိန်မှာသာမက အိပ်ပျော်နေစဉ်မှာလည်း ဖြစ်နိုင်တဲ့အတွက် အစာစားပြီး အိပ်လိုက်တဲ့အခါ စားချင့်ရည်ပြန်ကန်တက်လာပြီး လည်ချောင်းထဲ ကပ်နေနိုင်ပါတယ်။ လူတွေဟာ အိပ်ပျော်နေစဉ် ရေသောက်ဖို့လည်း သတိမရတာကြောင့် နိုးလာရင် ခံတွင်းက ချဉ်စူးစူးအနံ့တစ်မျိုး ကျန်ခဲ့တာပါ။
၄။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်သူတွေမှာ ဘယ်လောက်ပဲ သွားတိုက်တိုက်၊ ပလုတ်ကျင်းကျင်း ခံတွင်းထဲမှာ ဆေးလိပ်အနံ့က အမြဲကျန်နေတာကို သတိထားမိမယ်ထင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းထဲက ရေဓာတ်နဲ့ တံတွေးများကို ခန်းခြောက်သွားစေပြီး သွားဖုံးရောဂါများကို ဖြစ်စေသလို ဘက်တီးရီးယားပိုးတွေ ပိုပေါက်လာစေဖို့ ကူညီပေးနေတဲ့အတွက် အိပ်ပြီးနိုးလာတဲ့အချိန်တင်မကဘဲ တစ်နေ့တာလုံး ခံတွင်းအနံ့ဆိုးက ကျန်နေမှာပါ။
မနက်ပိုင်း ခံတွင်းအနံ့ဆိုးထွက်တာကို ကာကွယ်ဖို့အတွက်
· ညမအိပ်ခင် ရေများများ ကြိုသောက်ထားပါ။ မနက်အိပ်ရာနိုးတာနဲ့ ရေတစ်ခွက် အဝသောက်ပါ။
· ညဘက်တွေမှာ အစာစားတာကို ရှောင်ကြဉ်ပါ။ အနံ့ပြင်းပြီး အရသာလေးပင်တဲ့ အစားအစာတွေကို စားမိတဲ့အခါ ပလုတ်ကျင်း၊ သွားတိုက်ပါ။
· သွားတိုက်ပြီးတိုင်း ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုပါ။
· ဆေးလိပ်ကို ဖြတ်ပါ။
· သွားမတိုက်ဘဲ အိပ်တတ်တဲ့ အကျင့်ဆိုးကို ဖျောက်ပါ။
· လျှာခြစ်တံနဲ့ သေချာခြစ်ပါ။
သွားနဲ့ ခံတွင်းကျန်းမာရေးပြဿနာများအတွက် သွားဆရာဝန်နဲ့ သေချာပြသဖို့လိုအပ်သလို ၆ လတစ်ကြိမ် သွားနဲ့ခံတွင်း သန့်ရှင်းရေးလုပ်ဖို့လည်း မမေ့လျော့သင့်ပါဘူး။