အသက်ငယ်ငယ်လေးနဲ့ လိင်တံထောင်မတ်နိုင်စွမ်း နည်းနေပြီလား
ပန်းသေပန်းညှိုးဆိုတာ အမျိုးသားတွေမှာသာ ဖြစ်တတ်တဲ့ လိင်တံမထောင်မတ်နိုင်ခြင်း ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အသက် ၄၀ အရွယ်နောက်ပိုင်းမှာ ကျားဟော်မုန်း ထုတ်လုပ်မှုကျဆင်းလာတဲ့အတွက် လိင်စိတ်နည်းလာသလို လိင်တံမထောင်မတ်နိုင်တာတွေလည်း အဖြစ်များလာတတ်ပါတယ်။
လူငယ်တွေမှာတော့ လူကြီးတွေလို ကျားဟော်မုန်းနည်းလာတာကြောင့် မဟုတ်ဘဲ နေထိုင်စားသောက်မှုပုံစံ မှားယွင်းတာ၊ စိတ်နဲ့ ခန္ဓာကျန်းမာရေးပြဿနာများကြောင့် လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းလာတာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကုရတာတော့ လွယ်ပါတယ်။
သင့်မှာ ဒီလို လိင်တံကောင်းကောင်း မထောင်မတ်နိုင်တဲ့ ပြဿနာ၊ အကြာကြီး မထောင်မတ်နိုင်တာမျိုး မကြာခဏ ကြုံလာခဲ့ရင် အမျိုးသားရောဂါကုဆရာဝန်နဲ့ သေချာပြသပြီး ရောဂါတွေရှိမရှိ စစ်ဆေးကြည့်သင့်ပါတယ်။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ အာရုံကြောအားနည်းသူတွေ၊ သက်လုံမကောင်းတဲ့ လူငယ်တွေမှာ ဒီလိုပန်းသေပန်းညှိုးပြဿနာ အဖြစ်များတတ်ပါတယ်။ ရုပ်ခန္ဓာရောဂါတွေရှိခဲ့ရင် သက်ဆိုင်ရာဆရာဝန်နဲ့ သေချာပြသပြီး လိုအပ်တဲ့ ဆေးဝါးများ သောက်ပြီး ကိုယ့်ရောဂါကို ထိန်းထားဖို့ လိုအပ်ပါတယ်။
လူငယ်တွေမှာ ပန်းသေပန်းညှိုး အဖြစ်များတာ သဘာဝပဲလား။
ယောက်ျားလေးအများစုက ဝန်မခံတတ်ကြဘူးဆိုပေမယ့် ဒီပြဿနာဟာ ယောက်ျားလေးလိင်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး များသောအားဖြင့် ကျန်းမာရေးပြဿနာကြောင့်မဟုတ်ဘဲ နေထိုင်မှုပုံစံမှားယွင်းတာ၊ စိတ်ခံစားချက်ဆိုင်ရာ ပြဿနာတွေကြောင့်ပါပဲ။
ပုံမှန်အားဖြင့် ယောက်ျားလေးတစ်ယောက် အသက် ၁၀-၁၂ နှစ်ဝန်းကျင် လူပျိုစဖြစ်တဲ့ကာလမှာ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းထုတ်လုပ်နှုန်းဟာ အမြင့်မားဆုံးဖြစ်နေပြီး ဒီကာလမှာ လိင်စိတ်ဆန္ဒ ပိုဖြစ်ပါတယ်။ အသက် ၃၀ အထိ ကျားဟော်မုန်းထုတ်လုပ်နှုန်းဟာ ကျဆင်းသွားတာမျိုး မရှိဘဲ အမြင့်ဆုံးမှာပဲ ရှိနေတာကြောင့် လူပျိုဖြစ်စအရွယ်ကနေ အသက် ၃၀ အထိ အသက်အပိုင်းအခြားဟာ အမျိုးသားတစ်ယောက်အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုအကောင်းဆုံး ကာလလို့ ဆိုနိုင်ပါတယ်။
စိတ်ကျန်းမာရေးနဲ့ လိင်တံမထောင်မတ်နိုင်ခြင်း
စိတ်ကျန်းမာရေးပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင် ချစ်သူရီးစားနဲ့ မကြာခဏ ဆက်ဆံရေး အဆင်မပြေတာ၊ စိတ်ဖိစီးမှုများလွန်းတာ၊ စိတ်ဓာတ်ကျတာ၊ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်စိတ်ဝင်တာတွေ အဖြစ်များပါတယ်။ တတ်နိုင်သလောက် ယုံကြည်ရတဲ့ မိတ်ဆွေတွေ၊ ကိုယ့်ချစ်သူ၊ မိသားစုနဲ့ တိုင်ပင်တာမျိုးဖြစ်စေ၊ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပြီး စိတ်ပေါ့ပါးလန်းဆန်းအောင် လုပ်တာမျိုး လုပ်ပေးသင့်ပါတယ်။
နေထိုင်မှုပုံစံ မှားယွင်းခြင်း
လေ့ကျင့်ခန်းမလုပ်တဲ့ အမျိုးသားတွေဟာ ထိုင်းမှိုင်းလေးလံသလို ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်းဟာလည်း သိပ်မများလို့ ပန်းသေပန်းညှိုး လက္ခဏာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရွယ်ငယ်သေးတဲ့ အမျိုးသားများ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပါ။ အားကစား၊ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပါ။ အစာအာဟာရကို ဂရုစိုက်ပါ။ လေ့ကျင့်ခန်းများများလုပ်လာလေ၊ မိမိရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ယုံကြည်မှုတွေ ပိုတိုးလာလို့ လိင်မှုကိစ္စမှာလည်း အရင်ကထက် စိတ်ကျေနပ်မှုတွေ ပိုရနိုင်ပါတယ်။
ကျန်းမာရေးအတွက် ကောင်းကျိုးမရှိတဲ့ အစာအာဟာရ စုံလင်အောင် မစားတာ၊ ဆေးလိပ်၊ အရက်သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ အဆီစားများတာတွေကလည်း လူငယ်ယောက်ျားလေးတွေကို လိင်ပိုင်းဆိုင်ရာ အားနည်းလာစေတဲ့ အချက်တွေပါပဲ။ လူ့ခန္ဓာကိုယ် ကောင်းစွာ အလုပ်လုပ်ဖို့ဆိုတာ ကိုယ့်ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးက အကောင်းဆုံးအခြေအနေမှာ ရှိနေဖို့ အရေးကြီးပါတယ်။
နောက်ဆုံးအချက်ကတော့ အိပ်ချိန်မှန်အောင် လုပ်ဖို့ပါပဲ။ ဒါက ကျား၊ မ မရွေး မဖြစ်မနေ လိုက်နာသင့်တဲ့ ကျန်းမာရေးအကြံပြုချက်ပဲ ဖြစ်ပါတယ်။ အိပ်ချိန်မှန်မှ စိတ်ကြည်လင်လန်းဆန်းတက်ကြွနေမယ်။ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို အိပ်ရေးဝအောင် အိပ်စက်အနားယူမှ နောက်တစ်နေ့မှာ အားအင်အပြည့် ဖြစ်နေမှာပါ။ ဒါကြောင့် တတ်နိုင်သလောက် ညဘက်ကို စောစောအိပ်စက်အနားယူပါ။ တစ်ရက်ကို အနည်းဆုံး အိပ်ချိန် ၇နာရီပြည့်အောင် အိပ်ပေးပါ။
လူငယ်တွေအတွက် လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ နေထိုင်စားသောက်မှုပုံစံကို နည်းနည်းပိုဂရုစိုက်ပေးရုံနဲ့ ပုံမှန်အတိုင်း လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ရည်ကို ပြန်လည်ရရှိနိုင်ပါတယ်။ အကယ်လို့ ကိုယ့်ပြဿနာနဲ့ ပတ်သက်ပြီး တိုင်ပင်ဖြေရှင်းလိုတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးစောင့်ရှောက်သူ၊ ဆရာဝန်နဲ့ဖြစ်စေ တိုင်ပင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ရေးသားသူ - ရဲမျိုးမြတ်