ရေပုံမှန်ကူးပေးတဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်စဉ်
ရေကူးတဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလှဟာ တကူးတက ပြုပြင်ထိန်းသိမ်းထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ သဘာဝအတိုင်း အဆီပိုမရှိ ကြွက်သားနဲ့ ကျစ်လျစ်ပြီး ကြည့်ကောင်းနေတာကို တော်တော်များများ သတိထားမိကြမယ်ထင်ပါတယ်။
ရေကူးခြင်းဆိုတာ တကယ်တော့ အားကစားတွေထဲမှာ ကြွက်သားပုံသွင်းဖို့နဲ့ အဆီပိုကျစေဖို့ အကောင်းဆုံးအားကစားတွေထဲက တစ်ခုဖြစ်ပြီး ယောက်ျားလေးတိုင်း မဖြစ်မနေ လုပ်ပေးသင့်တဲ့ အားကစားဆိုလည်း မမှားပါဘူး။
ရေစတင်ကူးပြီး လအနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်ပြောင်းလဲလာမှုဟာ တော်တော်လေးသိသာပေမယ့် နောက်ပိုင်းမှာတော့ ရုတ်တရက် သတိမထားတတ်ကြပါဘူး။ ရေကူးခြင်းဖြင့် ပြောင်းလဲလာမှု အလွန်သိသာတဲ့ ခန္ဓာကိုယ်ကြွက်သားများကို ပြန်ကြည့်မယ်ဆိုရင်
- လက်မောင်းနဲ့ ပုခုံးကြွက်သားများ
- ဝမ်းဗိုက်ကြွက်သားများ
- နောက်ကျောမှာရှိတဲ့ ကြွက်သားများ
- တင်ပဆုံကြွက်သားများ
- ခြေထောက်ကြွက်သားများကတော့ ပြောင်းလဲမှု အသိသာဆုံးဖြစ်ပြီး ရေပုံမှန်ကူးနေကျ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ အမိုက်ဆုံးကြွက်သားတွေလို့တောင် သတ်မှတ်လို့ ရပါတယ်။
ရေကူးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ပြန်ကြည့်မယ်ဆိုရင်
- ရေကူးခြင်းသည် ကယ်လိုရီတွေ လောင်ကျွမ်းမှုအများဆုံး အားကစားတွေထဲက တစ်ခုပါ။ ရေထဲမှာ ကစားနေရတာဖြစ်လို့ ချွေးတော့မထွက်ပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို အသုံးပြုရသလို သွေးလည်ပတ်စီးဆင်းနှုန်းမြန်ပြီး ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေတာကြောင့် ကယ်လိုရီတွေ အများအပြား လောင်ကျွမ်းရတာပါ။
- ဝမ်းဗိုက်အဆီရှိသူတွေအနေနဲ့ ဗိုက်အဆီကျမြန်စေတဲ့ အားကစားတစ်ခုကို စဉ်းစားနေတယ်ဆိုရင်တော့ ရေကူးခြင်းအားကစားကို နေ့တိုင်းလုပ်ပေးဖို့ အကြံပေးချင်ပါတယ်။ ဗိုက်အဆီရှိပြီးသားသူတွေမှာ အဆီကျစေနိုင်ပြီး အဆီမရှိသူများ၊ ပိန်သူများ၊ လေ့ကျင့်ခန်းသေချာလုပ်ထားသူတွေမှာ ဝမ်းဗိုက်ကြွက်သား မြန်မြန်ထွက်လာနိုင်ပါတယ်။
- ရေပုံမှန်ကူးပေးခြင်းဖြင့်လည်း နှလုံးအားကောင်းစေသလို Cardio Swimming type လိုမျိုး ၁၅ မိနစ်ဆက်တိုက် လုံးဝရပ်နားခြင်းမရှိဘဲ ရေကူးမယ်ဆိုရင်လည်း နှလုံးကို ပိုကျန်းမာစေနိုင်ပြီး သက်လုံပိုကောင်းလာစေပါတယ်။ အမျိုးသားတွေအတွက် သက်လုံကောင်းခြင်းဟာ ကျန်းမာရေးအတွက်သာမက အိပ်ရာထက်က စွမ်းဆောင်ရည်ကိုလည်း သိသိသာသာမြှင့်တင်ပေးနိုင်တယ်ဆိုတာ ပြောစရာမလိုဘဲ သိမယ် ထင်ပါတယ်ခင်ဗျ။
- လက်မောင်းကို ဆန့်တန်းပြီး အရှိန်ဖြင့် ကူးခတ်ရတဲ့ ကစားနည်းဖြစ်တာကြောင့် ရေကူးနေကျ အမျိုးသားတွေဟာ သာမန်အမျိုးသားတွေထက် ပုခုံးပြင်ကျယ်ပြီး လက်မောင်းကြွက်သားများ သန်မာစေတယ်။ အထူးသဖြင့် ခြေတံရှည်စေပြီး ပေါင်တံ၊ ခြေသလုံးကြွက်သားများကို သန်မာစေလို့ ရုပ်ခန္ဓာပိုင်းအရ တော်တော်လေး ကြည့်ကောင်းပြီး ယောက်ျားပီသတဲ့ impression မျိုး ရစေနိုင်ပါတယ်။
လူသိနည်းတာကတော့ တင်ပဆုံကြွက်သားအကြောင်းပါ။ ရေကူးတဲ့အခါ လက်နဲ့ခြေထောက်ကို ဆန့်တန်းရင်း ကူးခတ်ရသလို တင်ပဆုံကြွက်သားများကို အားဖြင့်ညှစ်ပြီး ကူးနေရတဲ့အတွက် တင်ပါးကြီးလာပြီး ပိုမိုကျစ်လျစ်လာစေတယ်။ ဘောင်းဘီဝတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုပေါ်လွင်စေလို့ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေအတွက်ပါ အကျိုးရှိပါတယ်။
ရေကူးတဲ့အခါ ဘာတွေဆောင်ရန်၊ ရှောင်ရန်လိုမလဲ။
- ရေကူးသင်ဖို့အတွက် အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပေမဲ့ ငယ်လွန်းတဲ့ကလေးတွေအတွက် ရေကူးတတ်တဲ့ မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးက အနားမှာ စောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။
- အပြင်ဘက်က လူအများသုံးတဲ့ ပုဂ္ဂလိကရေကူးကန်မှာ ရေကူးတဲ့သူများ အဝတ်လဲခန်း၊ ရေချိုးခန်းကို ဝင်ထွက်သွားလာတဲ့အခါ ခြေဗလာနဲ့ မသွားဘဲ ခြေညှပ်ဖိနပ်တစ်မျိုးမျိုး စီးသင့်ပါတယ်။
- ရေကူးကန်က ရေထဲ ကလိုရင်းများ ပါတဲ့အတွက် ရေချိုးတဲ့အခါ မျက်လုံး၊ မျက်နှာနဲ့ ခန္ဓာကိုယ်အရေပြားတွေကို သေချာတိုက်ချွတ်ဆေးကြောဖို့ အရေးကြီးပါတယ်။
- တခြားသူရဲ့ ရေကူးဘောင်းဘီကို ငှားဝတ်တာ၊ ဝတ်ပြီးသား ရေကူးဘောင်းဘီတွေကို နောက်တစ်ခါ ပြန်ဝတ်တာမျိုး လုံးဝမလုပ်ပါနဲ့။
- ရေကူးပြီး ပြန်လာတဲ့အခါ ကူးလာတဲ့အဝတ်အစားတွေကို အိတ်တစ်လုံးထဲထည့်ပြီး သန့်ရှင်းခြောက်သွေ့တဲ့ အဝတ်အစားတစ်စုံကို ပြန်လဲဝတ်ပါ။
- ရေမကူးခင် အစာစားတာထက် ရေကူးပြီးမှ အစာစားတာ ပိုကောင်းပါတယ်။
ရေးသားသူ - ဒေါက်တာ ရဲမျိုးမြတ်