တောက်ပလင်းလက်တဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ဖို့
အခုနောက်ပိုင်း glass skin ၊ glow skin တွေ အရမ်းခေတ်စားလာပါတယ်နော်။ အသားအရေက ဖြူသည်ဖြစ်စေ၊ ညိုသည်ဖြစ်စေ အဖုအပိမ့်အစက်အပြောက် ကင်းစင်ပြီး ကြည်လင်စိုပြေတောက်ပနေရင် အလှတရားနဲ့ ပြည့်စုံတယ်လို့ ပြောလို့ရမှာပါ။ နကိုအသားအရေဖြူပေမယ့် ညစ်ထပ်ထပ်ဖြစ်နေတာ၊ ခြောက်သွေ့နေတာထက်စာရင် ညိုပြီးစိုပြေတဲ့ အသားအရေလေးက ပိုကြည့်ကောင်းပါတယ်။ ညိုတဲ့အသားအရေကို ဖြူအောင်လုပ်လို့မရပေမယ့် အသားအရေရဲ့ ကောင်းခြင်းနဲ့ ပြည့်စုံအောင်တော့ လုပ်လို့ရပါတယ်။
ဒီတော့ ဖြူဖြူ၊ ညိုညိုလေးတို့ စိုပြေပြီး တောက်ပလင်းလက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ကြည့်ကြရအောင်။
(1) နေရောင်ကာခရင်မ် နေ့တိုင်းလိမ်းပါ
နေရောင်ခြည်မှာပါတဲ့ UV rays တွေဟာ အိုမင်းရင့်ရော်မှုရဲ့ တရားခံဖြစ်သလို အရေပြားကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။ SPF 30 နဲ့အထက်ရှိတဲ့ နေရောင်ကာခရင်မ်ကို မနက်ပိုင်းအသားအရေထိန်းသိမ်းခြင်းရဲ့ နောက်ဆုံးအဆင့်အဖြစ် မပျက်မကွက်လိမ်းရင် အဆိုပါပြဿနာတွေကို ကာကွယ်ပေးသလို အမဲစက်နဲ့မှဲ့ခြောက်ဖြစ်ခြင်းတွေကလည်း ကာကွယ်ပေးမှာပါ။ အကယ်၍ နေရောင်ထဲမှာ ကြာကြာနေရမယ်ဆိုရင်တော့ နေရောင်ကာခရင်မ်ကို ထပ်မံပြီးလိမ်းပေးဖို့ လိုအပ်သလို ဦးထုပ်၊ ထီးဆောင်းတာ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်တာမျိုးလည်း လုပ်သင့်ပါတယ်။
(2) ဂျီးချွတ်ပါ
Exfoliation လို့ခေါ်တဲ့ ဆဲလ်သေတွေကွာကျသွားအောင် ဂျီးချွတ်တာကလည်း တောက်ပတဲ့အသားအရေကို ဖြစ်စေပါတယ်။ ကြမ်းတမ်းတဲ့ scrub တွေမဟုတ်ဘဲ toner နဲ့ cleanser တွေထဲမှာ exfoliation အာနိသင်ပါတာတွေကို ရွေးချယ်လို့လည်းရပါတယ်။ ဂျီးချွတ်ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းဖို့ မမေ့ပါနဲ့။
(3) ကော်လဂျင်သောက်ပါ
ကော်လဂျင်ဟာ ဆဲလ်အသစ်တွေဖြစ်ဖို့နဲ့ အသားအရေတင်းရင်းဖို့ အထောက်အကူပေးပါတယ်။ကော်လဂျင်ပါတဲ့ ဖြည့်စွက်စာတွေ၊ ဆေးတွေဟာ အရည်၊ အမှုန့်၊ ဆေးလုံးစသဖြင့် အမျိုးစုံရှိလို့ ကိုယ်နဲ့သင့်တော်ရာကို ရွေးချယ်သောက်လို့ရပါတယ်။ ဆေးအနေနဲ့ မသောက်ချင်ရင်လည်း ကော်လဂျင်ကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးလို့ရပါတယ်။
(4) ရေချိုးပြီးတိုင်း အသားအရေကို ထိန်းသိမ်းပါ
ရေချိုးတဲ့အခါ သုံးတဲ့ဆပ်ပြာတွေ၊ shower gel တွေက အသားအရေကို အနည်းနဲ့အများ ခြောက်သွေ့စေတာမို့ ရေချိုးပြီးတိုင်း skin care လုပ်ဖို့ လိုပါတယ်။
(5) မျက်နှာကို ညင်သာစွာ နှိပ်နယ်ပေးပါ
မျက်နှာကို နှိပ်နယ်ပေးတာက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ဆဲလ်တွေကို ကျန်းမာစေတာမို့ နေ့စဥ်မိနစ်အနည်းငယ်ခန့် နှိပ်ပေးတာမျိုး လုပ်သင့်ပါတယ်။ Jade roll လိုမျိုး မျက်နှာကို နှိပ်တဲ့ပစ္စည်းတွေလည်း သုံးလို့ရပါတယ်။
(6) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များများစားပါ
Antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ အကောင်းဆုံးဖြစ်ပါတယ်။ အသီးအရွက်တွေများများစားပါ၊ detox သောက်လို့လည်း ရပါတယ်။
(7) ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ
ခန္ဓာကိုယ်ရဲ့ ၆၀% ခန့်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ ရေဓာတ်ပြည့်ဝနေအောင် ရေ ၃ လီတာခန့် နေ့စဥ်သောက်ပေးဖို့ လိုသလို moisturizer တွေလိမ်းပြီး အသားအရေကို တိုက်ရိုက်ရေဓာတ် ဖြည့်ပေးဖို့လည်း လိုပါတယ်။
(8) ကိုယ်လက်လှုပ်ရှားပါ
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး အသားအရေကို စိုပြေစေပါတယ်။
(9) ဗိုက်တာမင်စီ သုံးစွဲပါ
ဗိုက်တာမင်စီက တောက်ပတဲ့အသားအရေအတွက် အဓိကပါပဲ။ သူက ကော်လဂျင်နဲ့ elastin တွေ ထွက်စေလို့ တင်းရင်းလှပမှုကိုလည်း ဖြစ်စေပါတယ်။ ဗိုက်တာမင်စီ ပါတဲ့ထုတ်ကုန်တွေ သုံးစွဲလို့ရသလို ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အသီးအရွက်တွေ များများစားပေးဖို့ လိုပါတယ်။
(10) အိပ်ရေးဝအောင်အိပ်ပါ၊ စိတ်ဖိစီးမှု လျှော့ချပါ
အိပ်ရေးပျက်တာနဲ့ စိတ်ဖိစီးမှုများတာဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။ အိပ်ရေးပျက်၊ စိတ်ဖိစီးမှုများရင် ထွက်လာတဲ့ ကော်တီဆောလ် ဟော်မုန်းတွေက အဆီဂလင်းကနေ အဆီတွေပိုမိုထွက်လာစေပြီး မွှေးညင်းပေါက်တွေ ပိတ်ကာဝက်ခြံနဲ့ ရောင်ရမ်းမှုတွေကို ဖြစ်စေပါတယ်။
ဒီအချက်တွေကို အကုန်လုံးမဟုတ်တောင် တတ်နိုင်သမျှ ဂရုတစိုက် လိုက်နာနိုင်ရင် တောက်ပလင်းလက်စိုပြေတဲ့ အသားအရေလေးကို ပိုင်းဆိုင်နိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်