ဦးနှောက်သေခြင်းအကြောင်း
Coma Vs ဦးနှောက်သေခြင်း
Coma
Coma ဆိုတာ လူက မျက်စိပိတ်နေတယ်၊ သတိမရှိဘူး၊ ပတ်ဝန်းကျင်က လူတွေကို တုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိဘဲ မေ့မြောနေတယ်။ ဒါပေမဲ့ လူက အသက်ရှင်သေးတယ်ဆိုနိုင်တယ်၊ ဦးနှောက်ထဲမှာ လုပ်ဆောင်ချက် (brain activity) တွေရှိနေပါသေးတယ်။ ထိခိုက်ဒဏ်ရာ ပြင်းထန်ပုံပေါ်မူတည်ပြီး သတိမေ့နေတာ ယာယီဖြစ်နိုင်သလို တသက်လုံးလည်း ဖြစ်နိုင်ပါတယ်။
Coma ဝင်နေတဲ့သူမှာ ဦးနှောက်ရဲ့တုံ့ပြန်ချက်တွေ၊ အလိုအလျောက် အသက်ရှူနိုင်မှုတွေ၊ ကြွက်သားကို လှုံဆော်လိုက်ရင် တန်ပြန်မှုတွေ တွေ့နေရနိုင်ပါတယ်။
Coma ရဲ့ ရလဒ်သုံးမျိုးမှာတော့
- ဦးနှောက်သေသွားနိုင်တယ်
- သတိပြန်ရလာနိုင်တယ်
- ရေရှည် မေ့မြောပြီး Vegetative state အနေအထား ဖြစ်သွားနိုင်ပါတယ်။
Coma ဝင်နေသူတွေကို ကိုယ်အင်္ဂါအစိတ်အပိုင်း၊ မျက်စိနဲ့ တစ်ရှူးလှူဒန်းဖို့အတွက် ထည့်သွင်းစဉ်းစားလေ့မရှိပါဘူး။
ဦးနှောက်သေခြင်း(brain death)
ဦးနှောက်သေဆုံးရင် လူလည်း သေဆုံးပြီလို့ သတ်မှတ်ပါတယ်။ ဦးနှောက်ထဲမှာ လုပ်ဆောင်ချက်မရှိတော့ပါ။ ဦးနှောက်တစ်ရှူးတွေ ယောင်ယမ်းတာ၊ ဦးနှောက်ဆီကို သွေးစီးဆင်းမှုတွေ ရပ်တန့်သွားတာ၊ သွေးမရှိတော့ အောက်စီဂျင်လည်း မရတော့တာတွေကြောင့် ဦးနှောက်သေသွားပါတယ်။
ဦးနှောက်ဟာ လုပ်ဆောင်ချက်တွေ အများကြီးကို လုပ်ပေးပါတယ်။ စဉ်းစားတွေးခေါ်တာ၊ လှုပ်ရှားတာ၊ အာရုံကြောစနစ်တစ်ခုလုံးကို ချုပ်ကိုင်ပြီး သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ်အပူချိန်၊ ဟော်မုန်း၊ အသက်ရှူနှုန်း စတာတွေကို လည်ပတ်စေပါတယ်။ ဦးနှောက်သေသွားပြီဆိုရင် ဘယ်အရာနဲ့မှ ပြန်ကုစားလို့မရတော့ပါ။ အသက်မရှူနိုင်၊ နှလုံးမခုန်နိုင်၊ တစ်ကိုယ်လုံးရဲ့ စနစ်တွေ အကုန်ရပ်သွားပါတယ်။ များစွာသော ဆေးပစ္စည်းကိရိယာတွေနဲ့ တပ်ဆင်ကာ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ငန်းတွေကို ထိန်းထားလည်း ယာယီသာ ခံပါလိမ့်မယ်။
ဦးနှောက်သေဆုံးကြောင်း စစ်ဆေးချက်
ဆရာဝန်မှ လူမှာ စကားနဲ့လှုံ့ဆော်မှု၊ အမြင်နဲ့ လှုံ့ဆော်မှုကို တုံ့ပြန်မှု မရှိကြောင်း၊ လူက ပျော့ဖတ်နေကြောင်း၊ မျက်စိသူငယ်အိမ်မှာ မတုံ့ပြန်တော့ဘဲ ငြိမ်နေကြောင်း၊ အလိုအလျောက် အသက်မရှူနိုင်တော့ကြောင်း စတာတွေကို အတည်ပြုရပါတယ်။ ဒိထပ်သေချာချင်ရင် ဦးနှောက်အတွင်း လုပ်ဆောင်ချက်လှိုင်းများ မရှိတော့ကြောင်းကို Electroencephalogram(EEG) ၊ ဦးနှောက်ဆီကို သွေးစီးဆင်းမှုကို စစ်ဆေးတဲ့ Cerebral blood flow study စတဲ့ စစ်ဆေးချက်တွေနဲ့ ထပ်မံအတည်ပြုနိုင်ပါတယ်။
ဦးနှောက်သေဆုံးကြောင်း အတည်ပြုပြီး သေဆုံးချိန်ကြေငြာပြီးနောက်မှာ အချက်အလက်တွေ ကိုက်ညီရင် ကိုယ်အင်္ဂါတွေကို လှူဒါန်းနိုင်ပါတယ်။ အကယ်၍ မိသားစုဝင်ဘက်မှ လှူဒါန်းဖို့ ငြင်းဆန်ရင်တော့ တပ်ဆင်ထားတဲ့ အသက်ရှူစက်တွေ၊ ဆေးသွင်းတာတွေကို နှလုံးရပ်တာနဲ့ ဖြုတ်ပစ်လိုက်မှာ ဖြစ်ပါတယ်။
ဦးနှောက်သေဆုံးနိုင်တဲ့ အကြောင်းအရင်းများ
- ဦးနှောက်ကို ထိခိုက်မိခြင်း (ယာဉ်မတော်တဆမှုများ၊ သေနတ်ပစ်ခံရတာ၊ ချော်လဲတာ၊ ခေါင်းကိုရိုက်မိ/ဆောင့်မိတာ)
- ဦးနှောက်သွေးကြော ထိခိုက်ပျက်စီးတာ (လေဖြတ်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ)
- ဦးနှောက် အောက်စီဂျင်ပြတ်တာ (ရေနစ်တာ၊ နှလုံးအမောဖောက်ပြီး နှလုံးရပ်တာ)
- ဦးနှောင်အကြိတ်
ဦးနှောက်သေဆုံးခြင်း သဘောတရားဟာ မိသားစုဝင်တွေအနေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ နားလည်လက်ခံရခက်တတ်ပါတယ်။ အကြီးအကျယ် ထိခိုက်ခံရပြီး အထူးကြပ်မတ်ကုသဆောင်မှာ အသက်ရှူစက်တွေ၊ monitor စက်တွေအမျိုးမျိုး ပတ်လည်ဝိုင်း တပ်ဆင်ထားရတာ ရှိသလို မတော်တဆမှု မဖြစ်ပါဘဲ လေဖြတ်ရုံနဲ့ ဆိုးဝါးလှတဲ့၊ ပြန်ကုစားမရဘဲ ဦးနှောက်သေဆုံးသွားတဲ့အခါ ယုံမှားသံသယဖြစ်စဖွယ် အတွေးဝင်မိတတ်ပါတယ်။ "လူနာကို ကိုင်ကြည့်လိုက်ရင် နွေးနေတုန်းပဲ"၊ "အသက်ရှူနေသေးသလိုပဲ"၊ " အိပ်ပျော်နေတာနဲ့ တူလိုက်တာ" စသည့်ဖြင့် တွေးမိတတ်ကြပါတယ်။ ဒီလိုဖြစ်ရပ်တွေနဲ့ တကယ်ထိပ်တိုက်တွေ့တဲ့အခါ ဆရာဝန်တွေ ရှင်းပြပေမဲ့ နားမလည်နိုင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သတိမေ့မြောတာ၊ ဦးနှောက်သေတာတွေကို ကွဲပြားစေလိုတဲ့ဆန္ဒနဲ့ ဆေးပညာဗဟုသုတအဖြစ် ရေးသားဖော်ပြလိုက်ပါတယ်။
ရေးသားသူ - Dr. May Myat Tun