လည်ချောင်းနာခြင်းအတွက် မြန်ဆန်ထိရောက်တဲ့ နည်းလမ်းများ
ခုလို တုပ်ကွေးရာသီမှာ လည်ချောင်းနာ၊ အာသီးယောင်တာအတွက် အတော့်ကို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ လည်ချောင်းနာခြင်း (pharyngitis ) ဟာ အအေးမိရင်၊ ရာသီတုပ်ကွေးဖြစ်ရင်၊ Streptococcus ဘတ်တီးရီးယားပိုးဝင်ရင် ဖြစ်တတ်ပါတယ်။ တစ်ပတ်လောက်တော့ အနည်းဆုံး မသက်မသာကြီး ခံစားနေရပါတယ်။ ဒါ့ကြောင့် လည်ချောင်းနာတာကို အပျောက်မြန်ချင်၊ ဆေးမသောက်ချင်၊ ဆေးကြောက်သူတွေအတွက် သဘာဝပစ္စည်းလေးတွေနဲ့ ပြုလုပ်ရလွယ်ပြီး အသုံးတည့်လောက်မယ့် နည်းလမ်းအချို့ မျှဝေပေးပါမယ်နော်။
1. ဆားရည်နဲ့ အာလုတ်ကျင်းခြင်း
ဒီနည်းလမ်းကို အထင်မသေးစေလိုပါ။ အချွဲအကျိတွေကို ရှင်းလင်းပေးရုံ၊ အနာသက်သာရုံမက ဘတ်တီးရီးယားတွေကို သေစေနိုင်တဲ့ အတော်လေး ထိရောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ကို ရေနွေး 250ml တစ်ခွက်ထဲထည့်ပြီး အာလုတ်ကျင်းပြီး အိပ်ကြည့်လိုက်ပါ။ မနက်နိုးလာရင် အထိုက်အလျောက် သက်သာသွားတာ ကြုံရပါလိမ့်မယ်။
2. လည်ချောင်းနာခြင်းအတွက် ပျားရည်
ပျားရည်ဟာလည်း ဆားလိုမျိုး သဘာဝအတိုင်း ဘတ်တီးရီးယားတွေကို ရှင်းပေးနိုင်တဲ့ natural antibacterial property ကို ပိုင်ဆိုင်လို့ ယောင်ယမ်းနေတဲ့ လည်ချောင်း၊ အာသီးကို သက်သာစေတယ်၊ အနာကျက်စေတယ်။ ဒါ့အပြင် ပျားရည်က ဗိုင်းရပ်စ်ကိုလည်း ကူညီတိုက်ထုတ်ပေးပါတယ်။
အကယ်၍ သင်ဟာ ချောင်းဆိုး၊ လည်ချောင်းနာနေရင် ပျားရည် စားပွဲတင်ဇွန်းနှစ်ဇွန်းခန့်ကို ရေနွေး(သို့) ရေနွေးကြမ်းထဲ ထည့်မွှေကာ တစ်နေ့ကို အကြိမ်အနည်းငယ် သောက်ကြည့်ပါ။
တစ်နှစ်အောက် ကလေးငယ်တွေကိုတော့ မတိုက်ဖို့ မှာပါရစေ။
3. ခုခံအားကို မြှင့်တင်ဖို့ သံပရာ
သံပရာဟာလည်း ချွဲတွေကို ရှင်းချပေးနိုင်တယ်။ လည်ချောင်းနာကျင်တာကို သက်သာစေတယ်။ ဒါ့အပြင် Vitamin C ကြွယ်ဝလို့ ရောဂါပိုးတွေ တိုက်ထုတ်နိုင်တယ်။ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တယ်။ ဒါ့ကြောင့် ရေနွေးထဲ သံပရာသီးညှစ်ထည့်ကာ သောက်သုံးနိုင်ပါတယ်။
4. ပူတဲ့ ငရုတ်ဆော့စ်
ငရုတ်ကောင်းပါတဲ့ ဆော့စ်တွေမှာ Capsaicin ပါဝင်လို့ ယောင်ယမ်းတာတွေကို တိုက်ထုတ်ဖယ်ရှားနိုင်သလို နာကျင်မှုကို သက်သာစေပါတယ်။ ဆားရည်လိုပဲ ရေနွေးတဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ထားတဲ့ ရေနွေးနဲ့ အာလုတ်ကျင်းပေးနိုင်ပါတယ်။
5. ဆေးဖက်ဝင် လက်ဖက်ခြောက်အမျိုးမျိုး
လေးညှင်းရွက်ခြောက်၊ လက်ဖက်စိမ်းရွက်ခြောက်တွေမှာလည်း anti-inflammatory, anti-bacterial အာနိသင်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် Chamomile လက်ဖက်ရည်ဟာ အသံဝင်နေတဲ့အချိန်၊ အသံအက်နေတဲ့အချိန်တွေဟာ သဘာဝအတိုင်း လည်ချောင်းကို ရှင်းလင်းချောမွေ့စေနိုင်ပါတယ်။ Peppermint လက်ဖက်ရည်ရဲ့ ပူရှိန်းရှိန်းနဲ့ ထုံသွားစေတဲ့ခံစားချက်လေးကြောင့် နာကျင်မှုကို လျော့နည်းသက်သာစေပါတယ်။
6. Humidifier နဲ့ရေငွေ့ပေးခြင်း
ခြောက်သွေ့တဲ့လေထုကြောင့် လည်ချောင်းနာတာ ပိုခံရခက်စေပါတယ်။ Humidifier ဖွင့်ထားပေးခြင်းက လေထုကို စိုစွတ်စေပြီး နှာခေါင်းနားတဝိုက် လေဝင်ထွက်တဲ့ ကလိုင်ပေါက်ငယ်တွေ (sinuses ) တွေကို ပွင့်စေကာ အဆင်ပြေစေနိုင်ပါတယ်။
လည်ချောင်းနာနေရင် ဘာတွေရှောင်ရမလဲ
မျိုချရခက်တဲ့ အစားအစာတွေ လည်ချောင်းနာနေချိန်မှာ ရှောင်ပါ။ လည်ချောင်းနာ မပျောက်သေးသရွေ့ စွပ်ပြုတ်၊ အစာပျော့ပျော့လေးတွေပဲ စားပေးပါ။
အကယ်၍
- အပေါ်ကနည်းလမ်းတွေနဲ့ မသက်သာရင်
- ချမ်းတုန်ဖျားရင်
- အစာမျိုချရ အရမ်း ခက်ခဲလာရင်
- အရည်ကိုတောင်ဝင်အောင်မသောက်နိုင်တော့ရင်
ဆရာဝန်ထံ အမြန်ဆုံးပြသဖို့ အကြံပြုပါတယ်။
ရေးသားသူ - Dr. May Myat Tun