ဘယ်လိုဆေးဝါးတွေက ကျောက်ကပ်ကိုထိခိုက်စေသလဲ
Nephrotoxic medications (ကျောက်ကပ်ကို ထိခိုက်စေတဲ့ ဆေးဝါးတွေ )ထဲမှာ အချို့ဆေးဝါးတွေက ကျောက်ကပ်ရဲ့ လုပ်ငန်းတွေကို ညှင်ညှင်သာသာ ပိုဆိုးလာစေသလို အချို့ကတော့ ကျောက်ကပ်ကို ကြီးကြီးမားမား ထိခိုက်စေပါတယ်။ စိတ်မကောင်းစွာနဲ့ နာတာရှည်အတွက် သောက်နေရတဲ့ ဆေးဝါးတွေဟာ ကျောက်ကပ်ကို အနည်းနဲ့အများတော့ ထိခိုက်စေတဲ့အထဲ ပါနေပါတယ်။ ဒီတော့ "တစ်ခု မကောင်း၊ တစ်ခုကောင်း" ဆိုသလို ဆရာဝန်တွေအနေနဲ့လည်း ကျောက်ကပ်ပျက်စီးနိုင်ချေနဲ့ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးကို အားနည်းချက်၊ အားသာချက်တွေကို ချိန်တွယ်တွက်ဆကာ ပေးနေရပါတယ်။
1. NSAID
Non-steroidal anti-inflammatory drugs (ibuprofenနဲ့naproxenကဲ့သို့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ)ကို ဖျားနာကိုက်ခဲတာ၊ မိန်ူကလေးတွေ ရာသီဓမ္မတာကြောင့် ကိုက်ခဲတာ၊ အဆစ်အမြစ်တွေ ယောင်ယမ်းကိုက်ခဲတာအတွက် သုံးတာများပါတယ်။ ဒီဆေးတွေကို ရေရှည်အကြာကြီး စွဲသုံးတဲ့အခါ ကျောက်ကပ်ဆီကို သွေးစီးဆင်းမှုနည်းနိုင်တဲ့အတွက် ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် ထိရောက်တဲ့ ပမာဏနည်းနည်းကိုသာ အချိန်တိုတိုပဲ သုံးသင့်ပါတယ်။
2. Vancomycin
Penicillinအုပ်စုဝင်ဖြစ်တဲ့ Methicillin ကိုယဉ်ပါးသွားတဲ့ Staphylococcus aureus ရောဂါပိုးတွေကို နှိမ်နင်းဖို့ အကြောဆေးအဖြစ် ထိုးရတဲ့ Vancomycin ပိုးသတ်ဆေးဟာ တချို့လူနာတွေမှာ ကျောက်ကပ်ကို ယောင်ယမ်းစေပါတယ်။ ဒါ့ကြောင့် ရောဂါပိုးအတွက် ပိုးသတ်ဆေးထိုးနေရတဲ့ ကာလမှာ ကျောက်ကပ်ကို သေချာစောင့်ကြပ်ကုသရပါတယ်။
3. ဆီးဆေး
Water pills လို့ခေါ်တဲ့ ဆီးဆေးတွေကို သွေးပေါင်ချိန်တက်သူတွေ၊ မျေက်စိရေတိမ်ရှိသူတွေနဲ့ ခန္ဓာကိုယ်မှာ ဖောသွပ်ယောင်ယမ်းနေတဲ့သူတွေမှာ ပေးလေ့ရှိပါတယ်။ အသုံးများတဲ့ ဆီးဆေးတွေဖြစ်တဲ့ Hydrochlorothiazide , Furosemideနဲ့ Spironolactone တို့ဟာ အရည်တွေ အများအပြားဆုံးရှုံးစေလို့ တစ်ခါတစ်ရံ ရေဓာတ်ကျဆင်းကာ ကျောက်ကပ်ကို ထိခိုက်နိုင်ချေရှိပါတယ်။
4. Iodine ပါတဲ့ ရေဒီယိုသတ္တိကြွဆေးရည်
ကွန်ပြူတာဓာတ်မှန် ရိုက်တဲ့အခါမှာ ပုံရိပ်ပိုပေါ်လွင်စေဖို့ သုံးတဲ့၊ အကြောထဲ သွင်းရတဲ့ ဆေးရည် (iodinated radiocontrast) ဟာလည်းဆေးရုံတက်နေတဲ့လူနာတွေထဲမှာ ကျောက်ကပ်ထိခိုက်ရတဲ့အကြောင်းအရင်းတစ်ချက် အဖြစ်ရှိနေပါတယ်။ လူတိုင်းတော့မဟုတ်ပေမဲ့ ဆေးသွင်းပြီး ၂၄-၄၈နာရီအတွင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။
5. ACE inhibitors
သွေးတိုးရောဂါအတွက် သောက်ရတဲ့ ACE အင်ဇိုင်းတွေကိုပိတ်ပေးတဲ့ Lisinopril, Enalaprilနဲ့ Ramipril စတဲ့ သွေးပေါင်ချိန်ထိန်းဆေးတွေဟာ ကျောက်ကပ်အတွက် ကောင်းလည်းကောင်းတယ်၊ မကောင်းလည်း မကောင်းဘူးလို့ ဆိုရပါမယ်။ ACE inhibitor တွေဟာ သွေးပေါင်ချိန်မြင့်ခြင်းနဲ့ နှလုံးရောဂါဖောက်ခြင်းတို့မှာ အရမ်းအစွမ်းထက်ပါတယ်။ ဒီဆေးတွေကို ကျောက်ကပ်က ချေဖျက်ရပါတယ်။ အကယ်၍ လူနာဟာ ကျောက်ကပ်ပျက်နို်င်ချေလည်း များသလို ACE inhibitor ကိုလည်း လိုအပ်တယ်ဆိုရင် ပမာဏအနည်းဆုံးနဲ့ စတင်သောက်ရပြီး ကျောက်ကပ်ကျန်းမာရေးအတွက် သွေးသွင်း Creatinine ပမာဏကို မကြာမကြာ စစ်ဆေးပေးရပါတယ်။
6. Aminoglycoside
Aminoglycoside ပိုးသတ်ဆေး(neomycin, gentamycin, tobramycin, amikacin) တွေကတော့ ပမာဏနည်းနည်းနဲ့တောင် ကျောက်ကပ်ကို ပျက်စီးစေပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါရှိသူတွေနဲ့ ရေဓာတ်ကျဆင်းနေတဲ့သူတွေ၊ ရေရှည်စွဲသောက်ရသူတွေမှာ ကျောက်ကပ်ပျက်တတ်ပါတယ်။
7. HIV ဆေးနဲ့ ဗိုင်းရပ်စ်သတ်ဆေးများ
တချို့ HIV ဆေးဝါးတွေ (Tenofovir, Atazanavir) ဟာ ကျောက်ကပ်ကို ပျက်စီးနိုင်ချေ၊ ကျောက်ကပ်ရောဂါဖြစ်လာနိုင်ချေ ရှိပါတယ်။
8. Zoledronic acid
အရိုးပွရောဂါနဲ့ အရိုးကို ကင်ဆာဆဲလ်တွေပျံ့တဲ့အခါ သုံးတဲ့ Zoledronic acid ဟာလည်း ကျောက်ကပ်ကို ထိခိုက်စေပါတယ်။
ခန္ဓာကိုယ်ရဲ့ အညစ်အကြေးစွန့်ရာမှာ သာမက သွေးပေါင်ချိန်ထိန်းရာမှာ၊ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ရာမှာ၊ အရိုးအတွက် လိုအပ်တဲ့ Vitamin D ကို ပြုလုပ်ပေးရာမှာပါဝင်နေတဲ့ မိမိတို့ရဲ့ကျောက်ကပ် နာမကျန်းမဖြစ်စေဖို့ ဆေးဝါးတွေကို လက်လွတ်စပယ်မသောက်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှသာ လိုမှ စနစ်တကျ သောက်ကြဖို့ အကြံပေးလိုက်ရပါတယ်ရှင့်။
ရေးသားသူ - Dr. May Myat Tun