အာရုံကြောနာကျင်မှုအတွက် ကောင်းမွန်တဲ့ ဖြည့်စွက်ဓာတ်များ
လူ့ခန္ဓာကိုယ်မှာ သန်းချီတဲ့ အာရုံကြောတွေဟာ လျှပ်စစ်ဝါယာကြိုးတွေလိုမျိုး ရှုပ်ထွေးပွေလီစွာနဲ့ ရှိနေပါတယ်။ ဒီအာရုံကြောတွေ ပျက်စီးပြီး အလုပ်မလုပ်တဲ့အခါ အပ်နဲ့ထိုးသလို စူးတာ၊ ကျဉ်တာ၊ ဆောင့်ထိုးသလို နာတာ၊ နောက်ဆုံး အာရုံခံစားနိုင်စွမ်းပျောက်သွားတာတွေ ကြုံရတတ်ပါတယ်။ ဒီလိုအာရုံကြော ထိခိုက်နာကျင်ရတာဟာ ခုခံအားကြောင့်၊ ရောဂါပိုးကြောင့်၊ ကင်ဆာကြောင့်၊ မတော်တဆထိခိုက်မှုတွေကြောင့်၊ သွေးကြောပြသာနာတွေကြောင့် စတဲ့အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်ရပါတယ်။
တိကျတဲ့ လေ့လာချက်အမျိုးမျိုးအရ အာရုံကြောနာကျင်မှုအတွက် ကောင်းမွန်တဲ့ ဖြည့်စွက်ဓာတ်တွေမှာ
၁။ Acetyl -L-Carnitine
Acetyl-L-Carnitine ဟာ ပြုပြင်မွမ်းမံထားတဲ့ Amino acid တစ်မျိုးဖြစ်ပါတယ်။ ဒီ amino acid က အာရုံကြောမျှင်တွေ ပြန်လည်တည်ဆောက်နိုင်ဖို့ ပံ့ပိုးပေးသလို ဆီးချိုရောဂါနောက်ဆက်တွဲကြောင့်ဖြစ်လာတဲ့ အာရုံကြောပြသာနာတွေနဲ့ အာရုံကြောနာကျင်မှုတွေကို သက်သာစေပါတယ်။
၂။ Alpha-lipoic acid
Alpha-lipoic acid ဟာ အိုမင်းရင့်ရော်တာကို ကာကွယ်ပေးတဲ့၊ နှလုံး၊ဦးနှောက်၊ မျက်စိနဲ့ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ anti-oxidant ဖြစ်ပါတယ်။ ဒီ alpha-lipoic acid ဟာ ဆီးချိုရောဂါရဲ့ အာရုံကြောပြသာနာတွေကို လျော့ကျစေနိုင်သလို ခါးအောက်ဘက်၊ တင်ပါးနဲ့ ခြေချောင်းတစ်လျှောက် လုံးရဲ့ sciatic အာရုံကြောထိခိုက်ပြီးတဲ့အခါ အာရုံကြောအနာကျက်စေနှုန်းကိုလည်း မြန်စေပါတယ်။ ဒါ့အပြင် လက်အတွင်းမှာရှိတဲ့ အာရုံကြောပိတဲ့ရောဂါ Carpal Tunnel Syndrome အတွက် ခွဲစိ်တ်ရတဲ့အခါ alpha-lipoic acid ကို မခွဲခင်တစ်လ၊ ခွဲပြီးနှစ်လ စွဲသောက်ပေးရင် ရလဒ်ကောင်းတယ်ဆိုတဲ့ လေ့လာချက်တွေ ရှိပါတယ်။
၃။ B vitamin များ
ဗီတာမင်ဘီအုပ်စုဟာ အာရုံကြောလုပ်ငန်းတွေနဲ့ ပြုပြင်တဲ့အပိုင်းတွေမှာ အရေးကြီးတယ်လို့ သိပြီးသားဖြစ်မှာပါ။ ဗီတာမင် B12 မလုံလောက်ရင် (Vitamin B12 deficiency) ဆီးချိုရောဂါရဲ့ အာရုံကြောအားနည်းမှုအတွက် မကောင်းနိုင်ပါ။ ဗီတာမင် B6 နည်းရင် (Vitamin B6 deficiency) တော့ လက်အာရုံကြောပိတတ်တဲ့ Carpel Tunnel Syndrome ဖြစ်ပွားနို်င်မှုနဲ့ ဆက်စပ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အာရုံကြောနာကျင်တတ်တဲ့သူတွေအတွက် ဗီတာမင်ဘီအုပ်စု ဖြည့်ပေးဖို့က အရေးကြီးပါတယ်။
၄။ Curcumin
Curcumin ဟာလည်း စွမ်းအားမြင့်တဲ့ antioxidant တစ်မျိုး ဖြစ်တဲ့အပြင် ယောင်ယမ်းမှုကိုလည်း လျော့ကျစေပါတယ်။ ဒါ့ကြောင့် ဆီးချိုရောဂါရဲ့ အာရုံကြောပြသာနာတွေ၊ ကင်ဆာ chemo ဆေးတွေကြောင့် ဖြစ်ပေါ်ရတဲ့ အာရုံကြောပြသာနာတွေအတွက် ကူညီဖြေရှင်းပေးပါတယ်။ ခွဲစိတ်ပြီးစ နာကျင်မှုဝေဒနာတွေကိုလည်း ကာကွယ်ပေးပါတယ်။
၅။ N-acetyl cysteine
N-acetyl cysteine မှာလည်း antioxidant ရော ၊ anti-inflammatory ဂုဏ်သတ္တိရော ပိုင်ဆိုင်ပါတယ်။ chemo ဆေးတွေကြောင့် ဖြစ်ရတဲ့ အာရုံကြောပြသာနာတွေ၊ ဆီးချိုရောဂါ နောက်ဆက်တွဲ အာရုံကြောနာကျင်မှုတွေကို လျော့နည်းစေပါတယ်။
၆။ Omega-3 fatty acid များ
ငါးကြီးဆီတွေဟာ အာရုံကြောကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်ဆိုတဲ့ လေ့လာချက်တွေ အများကြီးရှိပါတယ်။ Omega 3 ကိုသောက်ပေးရင် ကင်ဆာဆေးတွေကြောင့် ဖြစ်လာနိုင်တဲ့ အာရုံကြောအားနည်းခြင်းတွေကို လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါအမျိုးအစား(၂) (Type 2 diabetes mellitus) ဖြစ်နေတဲ့ လူကြီးတွေမှာ အာရုံကြောနာကျင်မှုကိုလည်း လျော့နည်းစေပါတယ်။ လက်အတွင်းမှာရှိတဲ့ အာရုံကြောပိတဲ့ရောဂါ Carpal Tunnel Syndrome မှာလည်း ရောဂါလက္ခဏာတွေကို နည်းစေပါတယ်။
ရေးသားသူ - Dr. May Myat Tun