ပါးစောင်ကင်ဆာအကြောင်း
ပါးစောင်လို့ဆိုရာမှာ နှုတ်ခမ်း၊ သွားဖုံး၊ လျှာ၊ ပါးရဲ့အတွင်းနံရံ၊ ပါးစပ်ရဲ့ ခေါင်မိုးနဲ့ ပါးစပ်ရဲ့ကြမ်းပြင်(လျှာနောက်ဖက်) တို့ပါဝင်ပါတယ်။ ပါးစပ်ရဲ့အတွင်းဖက် ဘယ်နေရာမှာမဆို ကင်ဆာဖြစ်တာကို oral cancer (သို့) oral cavity cancer လို့ဆိုပါတယ်။ ပါးစောင်ကင်ဆာဟာ ဦးခေါင်းနဲ့လည်ပင်းအပိုင်းရဲ့ ကင်ဆာအမျိုးအစား အုပ်စုအောက်ထဲမှာ ပါဝင်ပါတယ်။
လက္ခဏာများ
- နှုတ်ခမ်း၊ ပါးစပ်မှာ နာရင် မပျောက်တာ၊ မသက်သာတာ
- အဖြူ (သို့) အနီ အဖတ်ဖတ်တွေ ပါးစပ်ထဲမှာ ပေါ်လာတာ
- သွားတွေ ချောင်လာတာ
- ပါးစပ်ထဲမှာ အလုံး၊ အဖု ပေါ်လာတာ
- ပါးစပ်နာတာ
- နားနာတာ
- အစာ၊ရေ မျိုချဖို့ခက်တာ၊ နာတာ စတဲ့လက္ခဏာတွေ ခံစားရပါတယ်။
အကြောင်းအရင်း
နှုတ်ခမ်းနဲ့ ပါးစပ်ရဲ့ ဆဲလ်တွေမှာ ကင်ဆာတို့ရဲ့ ထုံးစံအတိုင်း DNA ဆိုတဲ့ မျိုးရိုးဗီဇ ရုပ်ပြောင်းလဲခြင်းတွေ ဖြစ်ပြီး ပုံမမှန်တဲ့ဆဲလ်အစုအဝေးတွေကနေ အလုံးအကြိတ် ဖြစ်လာပါတယ်။ အချိန်ကြာလာတဲ့အခါ ပါးစပ်အတွင်းထဲမှာသာမက ဦးနှောက်နဲ့လည်ပင်းအပြင် ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့တတ်ပါတယ်။ ပါးစပ်ကင်ဆာတွေဟာ နှုတ်ခမ်းနဲ့ ပါးစပ်အတွင်းပိုင်းရဲ့ အနားသတ်မှာရှိတဲ့ ပြားကပ်သောဆဲလ် (squamous cell) တွေကနေ စတင်လေ့ရှိလို့ ပါးစပ်ကင်ဆာအများစုဟာ squamous cell ကင်ဆာတွေ ဖြစ်ကြပါတယ်။
ဖြစ်နိုင်ချေများစေတဲ့ အချက်များ
- စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါလိပ်၊ ကွမ်း စတဲ့ ဆေးရွက်ကြီး အနွယ်ဝင်များ
- အရက် အလွန်အကျွံသောက်ခြင်း
- နှုတ်ခမ်းကို နေရောင်ခြည် ထိတွေ့ခံရမှုများခြင်း
- လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ Human Papillomavirus
- ခန္ဓာကိုယ် ခုခံအားစနစ်ကျဆင်းနေခြင်း
ကာကွယ်ရန်နည်းလမ်းများ
- စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါလိပ်၊ ကွမ်းတွေကို သုံးစွဲစမရှိသေးရင် လုံးဝမစပါနဲ့။ ဆေးလိပ်သောက်လက်စ၊ ကွမ်းဝါးလက်စသူများ နည်းနည်းချင်းစီလျှော့ပါ။ ဖြတ်ပါ။
- အရက်ကိုလျှော့သောက်ပါ။
- နှုတ်ခမ်းအရေပြားကို နေရောင်ခြည်ဒဏ်သိပ်မထိစေဖို့ ကာကွယ်ပါ။
- သွားဆရာဝန်နဲ့ ဖြစ်နိုင်ရင် မကြာခဏ မှန်မှန်ပြသစစ်ဆေးပါ။
ဆေးစစ်ချက်လုပ်ငန်းစဉ်များ
အကယ်၍ ဆရာဝန်မှ ပါးစပ်အတွင်းကို ကြည့်ရှူစစ်ဆေးရင်း မသင်္ဃာစရာတွေ့ခဲ့ရင် ထိုနေရာရဲ့အသားစကို ဓာတ်ခွဲစစ်ဆေးစေပါလိမ့်မယ်။
ပါးစောင်ကင်ဆာလို့ ရောဂါနာမည်တပ်အပြီးမှာတော့ လည်ချောင်းအတွင်းကို မှန်ပြောင်းနဲ့ ကြည့်ရှူစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သလို ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်နဲ့ PET scan တို့နဲ့ ရောဂါအတိမ်အနက်အတွက် စစ်ဆေးအဖြေရှာရပါတယ်။
ကုသမှုနည်းလမ်းများ
၁။ ခွဲစိတ်ကုသခြင်း
- အလုံးအကြိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း
- လည်ပင်းမှာရှိတဲ့ ပြန်ရည်ကြောအကြိတ် (lymph node) တွေကိုပါ ပျံ့ခဲ့ရင် လည်ပင်းဖွင့်ကာ ထိုအကြိတ်တွေပါ လိုက်လံဖယ်ထုတ်ခြင်း
- ကင်ဆာကြိတ်ကြီးလွန်းတဲ့အခါ ပါးစပ်ရဲ့ ပုံသဏ္ဌာန်အနေအထား ပျက်ရတဲ့အထိ ဖွင့်လှစ်ခွဲစိတ်ရသော် အစားစားနိုင်ဖို့၊ စကားပြောနိုင်ဖို့ လိုအပ်တဲ့ အရေပြား၊ အရိုး၊ ကြွက်သားတွေကို ခန္ဓာကိုယ်အခြားနေရာမှ အရေပြားအစားထိုးရတဲ့အထိ ခွဲစိတ်ရခြင်း၊ သွားစိုက်ရခြင်း (reconstructive surgery and dental implant )
၂။ ဓာတ်ရောင်ခြည်များနဲ့ ကင်ဆာဆဲလ်တွေကို သတ်ခြင်း (Radiation Therapy)
၃။ Chemo ဆေးများဖြင့် ကုသခြင်း
၄။ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားနှုန်းကို လျော့နည်းစေတဲ့ Targeted drug therapy ကုသနည်း
၅။ ခန္ဓာကိုယ် ခုခံအားစနစ်ကို ကင်ဆာဆဲလ်များအား တိုက်ထုတ်နိုင်ဖို့ ပံ့ပိုးပေးတဲ့ Immunotherapy
နှုတ်ခမ်းနဲ့ ပါးစပ်ကင်ဆာဟာ ကျန်းမာရေးစစ်တမ်းအရ ၂၀၂၀၌ ကမ္ဘာအနှံ့မှာ ဖြစ်ပွားတဲ့ဦးရေဟာ သုံးသိန်းခုနှစ်သောင်းမျှရှိခဲ့ပြီး အဖြစ်အများဆုံးကင်ဆာတွေရဲ့ နံပါတ်၁၆ နေရာမှာရှိခဲ့ပါတယ်။ ဒါ့ကြောင့် အနေအထိုင်ဆင်ခြင်ပြီး ဖြစ်နိုင်ချေလျော့နည်းအောင် နေထိုင်ကြဖို့ တိုက်တွန်းအကြံပြုပါတယ်။
ရေးသားသူ - Dr. May Myat Tun