ဦးနှောက်ကျွံခြင်း (Brain Herniation) အကြောင်း
ဦးနှောက်ကျွံတယ်ဆိုတာ ဦးနှောက်သား၊ သွေးနဲ့ ဦးနှောက်ပတ်လည်မှာရှိတဲ့အရည် Cerebrospinal fluid တို့ဟာ ဦးခေါင်းခွံရိုးအတွင်းမှာပဲ နဂိုမူလနေရာကနေ ရွေ့သွားတာကို ဆိုလိုပါတယ်။ ခေါင်းကို ထိခိုက်မိရင်၊ လေဖြတ်ရင်၊ ဦးနှောက်ထဲမှာ သွေးယိုရင်၊ ဦးနှောက်မှာ အကြိတ်ဖြစ်ရင် စတဲ့ ဦးနှောက်ယောင်ယမ်းစေတဲ့ အခြေအနေတွေနဲ့ တွဲတွေ့ရတတ်ပါတယ်။ ဦးနှောက်ကျွံခြင်းဟာ စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ ချက်ချင်း မကုသရင် အသက်ဆုံးရှုံးနိုင်ပါတယ်။
ရောဂါလက္ခဏာများ
- မျက်စိသူငယ်အိမ်ကျယ်ခြင်း
- ခေါင်းကိုက်ခြင်း
- ငိုက်မျဉ်းခြင်း
- အာရုံစူးစိုက်ဖို့ခက်ခြင်း
- သွေးတိုးခြင်း (သို့) သွေးပေါင်ချိန် အရမ်းကျခြင်း
- အလိုအလျောက် တုန့်ပြန်မှုတွေ မရှိတော့ခြင်း (သို့) တုန့်ပြန်မှုများနေခြင်း
- တက်ခြင်း
- အသက်ရှူနှုန်းမြန်ခြင်း (သို့) အသက်ရှူမဝခြင်း
- ပုံမှန်မဟုတ်တဲ့ ကိုယ်နေဟန်ထားများ (ခန္ဓာကိုယ် အတောင့်လိုက်ဖြစ်နေခြင်း)
- နှလုံးခုန်ရပ်ခြင်း
- သတိလစ်မေ့မြောခြင်း
ဦးနှောက်ကျွံခြင်း လက္ခဏာတွေရဲ့ အချိန်ကာလတွေဟာ ကွဲပြားနိုင်ပါတယ်။ ဥပမာ ပြင်းထန်တဲ့ ယာဉ်တိုက်မှုမှာ ဦးနှောက်ကျွံတာဟာ တစ်နာရီအတွင်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်အကြိတ်မှာကျ ဖြည်းဖြည်းချင်းစတင်ကာ ရုတ်တရက် ပိုဆိုးလာနိုင်တဲ့ သဘောတရားနဲ့ တွေ့ရပါတယ်။ လေဖြတ်ပြီးတဲ့နောက်ပိုင်းမှာတော့ ပုံသေမရှိဘဲ ရက်အနည်းငယ်အတွင်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။
ဦးနှောက်ကျွံရခြင်း အကြောင်းအရင်း
ဦးနှောက်ကျွံရတာဟာ ထုံးစံအရ ဦးနှောက်ယောင်ယမ်းလို့ပဲ ဖြစ်ပါတယ်။ ဒီယောင်ယမ်းမှုကြောင့် ဦးနှောက်ထုထည်ကြီးလာတဲ့အခါ ဦးခေါင်းခွံရိုးအတွင်းမှာ ဖိအားမြင့်လာပါတယ်။ အဲ့ဒိအခါ ဒီဖိအားဒဏ်ဟာ ဦးနှောက်ကို Foramen magnum လို့ခေါ်တဲ့ ဦးနှောက်ရဲ့အခြေမှာရှိတဲ့ အပေါက်ထဲကို ညှစ်ထည့်သလို ဖြစ်စေပြီး ဦးနှောက်ကျွံရပါတယ်။
အတွေ့ရများတဲ့ ဦးနှောက်ကျွံစေတဲ့ အကြောင်းအရင်းတွေကတော့
- ထိခိုက်ဒဏ်ရာကြောင့် ဦးခေါင်းခွံရိုးနဲ့ အောက်ကပ်လျက် ဦးနှောက်ရဲ့ မျက်နှာပြင်မှာ သွေးစုခြင်း (Subdural hematoma) (သို့) ဦးနှောက်ဖောယောင်ခြင်း (cerebral oedema)
- လေဖြတ်ခြင်း
- ဦးနှောက်မှာ သွေးထွက်ခြင်း (cerebral hemorrhage )
- ဦးနှောက်အကြိတ် တို့ဖြစ်ပါတယ်။
ဦးခေါင်းခွံရိုးတွင်းမှာ ဖိအားတက်စေတဲ့ တခြားအကြောင်းတို့မှာ
- ဘတ်တီးရီးယား (သို့) မှိုကြောင့် ဦးနှောက်ပိုးဝင်ကာ ပြည်တည်နာဖြစ်ခြင်း (abscess)
- ဦးနှောက်မှာ အရည်စုခြင်း (hydrocephalus)
- ဦးနှောက်ခွဲစိတ်မှု
- ဦးနှောက်ရဲ့ ဖွဲ့စည်းပုံမမှန်တဲ့ (Chiari Malformation) စသည်တို့ ဖြစ်ပါတယ်။
- ဦးနှောက်မှာ အကြိတ်ဖြစ်တဲ့သူ (သို့) သွေးကြောဖောင်း ပြသာနာရှိသူ (aneurysm) တွေဟာလည်း ဦးနှောက်ကျွံနိုင်ချေ မြင့်ပါတယ်။
ဒါ့အပြင် ဦးနှောက်ကို ထိခိုက်နိုင်ချေများတဲ့ လုပ်ဆောင်ချက်အားလုံးဟာလည်း ဦးနှောက်ကျွံဖို့ အခွင့်အလမ်းများပါတယ်။
ကုသမှုနည်းလမ်းများ
ကုသမှုသည် ယောင်ယမ်းခြင်းနဲ့ ဦးနှောက်တွင်း ဖိအားကို သက်သာစေဖို့ ရည်ရွယ်ပါတယ်။ သို့မှသာ ဦးနှောက်ဟာ တစ်ကန့်မှ တစ်ကန့်သို့ မကျွံနိုင်မှာ ဖြစ်ပါတယ်။ ဦးနှောက်ကို ထပ်မပျက်စီးမှာ ၊ ဦးနှောက်မသေမှာ ဖြစ်ပါတယ်။
ယောင်ယမ်းတာနဲ့ ဖိအား လျော့ကျဖို့ရာ
- အကြိတ်၊ သွေးခဲ၊ ပြည်ခဲတွေကို ခွဲစိတ်ဖယ်ထုတ်ခြင်း
- ဦးခေါင်းခွံရိုးကနေ အပေါက်ဖောက်ကာ ပိုက်မှတစ်ဆင့် အရည်တွေ ဖယ်ရှားခြင်း
- ဦးနှောက်တွင်းမှ အရည်တွေကို ဆွဲယူဖယ်ရှားဖို့ ဆီးဆေးများ (သို့) mannitol drip ချိတ်ရခြင်း
- အယောင်ကျစေဖို့ corticosteroid ပေးရခြင်း
- ဦးခေါင်းခွံရိုးရဲ့ အစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်ဖယ်ရှားကာ နေရာလှပ်ထားပြီး ဦးနှောက်ကို ဖိအားသက်သာစေခြင်း (craniectomy)
များသောအားဖြင့် ကုသပုံအားလုံးကို တစ်ပေါင်းတည်း လိုအပ်လေ့ရှိပါတယ်။ ဦးနှောက်ကျွံခြင်းအတွက် ကုသနေချိန်မှာ လူနာကို အောက်စီဂျင်၊ အသက်ရှူစက်များ၊ အတက်သက်သာစေတဲ့ဆေးများ၊ ပိုးသတ်ဆေးများ၊ အိပ်ဆေးများ ပေးထားရပါတယ်။
ဦးနှောက်ကျွံခြင်းရဲ့ နောက်ဆက်တွဲများ
- ဦးနှောက်သေခြင်း
- အသက်ရှူရပ်ခြင်း၊ နှလုံးရပ်ခြင်း
- ရာသက်ပန် ဦးနှောက်ပျက်စီးခြင်း
- သတိလစ်ခြင်း
- သေဆုံးခြင်း
ဦးနှောက်ကျွံခြင်းကြောင့် ဦးနှောက်ရဲ့ သွေးအထောက်အပံ့ ပြတ်တောက်သွားနိုင်ပါတယ်။ ဒီအချက်ကြောင့် သေချာကုသမှု မခံရရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်အကြိတ်ဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာဖြစ်ဖြစ် ရှိရင် တက်တာ၊ သတိလစ်ချင်သလို ဖြစ်တာ၊ သိပ်မတက်ကြွတော့ဘဲ ဟန်ချက်မညီတော့ရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
ရေးသားသူ - Dr. May Myat Tun