အရိုးကျိုးပြီးရင် စားသောက်သင့်တဲ့ အစားအစာပုံစံ
အရိုးဟာ သွေးကြောတွေအများကြီး ဝန်းရံနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပြီး လှုပ်ရှားမှုအတွက် များစွာ အသုံးပြုခံနေရပါတယ်။ အရိုးကျိုးသွားရင် အရိုးရဲ့အဆက်တွေ ပြတ်တောက်သွားတဲ့အတွက် ထိခိုက်ခံရတဲ့ ပြင်းထန်ပုံအလိုက် အပတ်၊လ၊ နှစ်နဲ့ချီပြီးတောင် အနာကျက်အောင် အချိန်ယူရပါတယ်။ ဒီလိုအချိန်တွေမှာ အရိုးအတွက် အာဟာရပြည့်ဝစေတဲ့၊ အနာကျက်မြန်စေတဲ့ စားသောက်ပုံကလည်း အဓိကကျလာပါတယ်။အရိုးကို ပြန်လည်တည်ဆောက်ဖို့၊ အနာအကျက်မြန်ဖို့ ပြုလုပ်နေတဲ့ အဆင့်တိုင်းဟာ ကောင်းမွန်မှန်ကန်တဲ့ အစားအစာကနေလာမယ့် အာဟာရဓာတ်၊ အသားဓာတ်တွေကို လိုအပ်နေပါတယ်။
အစားအစာထဲမှာ ပါဝင်သင့်တာတွေကတော့
1. Calcium
Calcium ဆိုတာ ဘဝတစ်လျှောက်လုံးအတွက် အရိုးတည်ဆောက်ခြင်းရဲ့ အဓိကအခြေခံ သတ္တုဓာတ်လို့ အားလုံးသိကြပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် အရိုးကိုကျိုးရာမှ၊ ဒဏ်ရာရထားရာမှ ပြန်လည်နာလန်ထူ ကောင်းမွန်ဖို့လည်း အရေးပါမယ်လို့ ခန့်မှန်းမိလောက်ကြမှာပါ။ Calcium ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ Almond စေ့၊အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပဲနို့၊ ပဲအမျိုးမျိုး၊ ပန်းပွင့်စိမ်း broccoli ၊ မုန်လာဥ၊ မုန်ညှင်း၊နှမ်းဖြူ စတဲ့ Calcium ကြွယ်ဝတဲ့ အစားအစာတွေ ရွေးချယ်စားသုံးပါ။
2. Vitamin D
Vitamin D ဟာ သွေးထဲက Calcium ကို အရိုးဆီသို့ ဆွဲယူပေးတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ Vitamin D လုံလောက်စွာ ရှိမနေရင် စားထားတဲ့ Calcium တွေ အရိုးဆီရောက်ဖို့ ခဲယဉ်းပါလိမ့်မယ်။ မနက်ပိုင်းရဲ့ နေရောင်ခြည်နုနုနဲ့ ၁၀-၃၀ မိနစ်မျှ Sunscreen မလိမ်းထားဘဲ ထိတွေ့ပေးခြင်းဟာ ခန္ဓာကိုယ်ထဲမှာ လုံလောက်တဲ့ Vitamin Dပမာဏ တည်ဆောက်မှုအတွက် ကူညီပေးနိုင်ပါတယ်။ Vitamin D ရရှိနိုင်တဲ့ အစားအစာတွေကတော့ ငါးကြီးဆီ၊ Salmon၊ ငါးသေတ္တာငါး၊ တူနာ၊ ကြက်ဥအနှစ်၊ နို့ထွက်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရိုးကျိုးထားကာစမှာ Vitamin D ကိုလည်း ထည့်စားပေးပါ။
3. Vitamin K
Vitamin K ကတော့ Osteocalcin လို့ခေါ်တဲ့ အရိုးမှာရှိတဲ့ ပရိုတင်းပါဝင်ဖက်ကို ကြံ့ခိုင်စေဖို့ ကူညီပေးပါတယ်။ Vitamin K ကို အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပဲပင်ပေါက်၊ broccoli ၊ ပန်းဂေါ်ဖီ၊ ငါး၊ အသည်း၊ အသား၊ ဥနဲ့ Cereal တွေမှ ရရှိနိုင်ပါတယ်။
4. Vitamin C
Vitamin C ဟာ အရိုးအနာကျက်စေဖို့ Collagen ထုတ်လုပ်ပေးရာမှာ ပံ့ပိုးပေးပါတယ်။ Vitamin Cကြွယ်ဝတဲ့ သံပရာ၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီး၊ မာလကာသီး စတဲ့ အသီးတွေကို ဖျော်ရည်လို သောက်သောက်၊ စားစား အရိုးကျိုးထားရင် ထည့်စားပေးပါ။
5. Protein
အစားအစာထဲက အသားဓာတ်ဟာ Calcium စုပ်ယူမှုအတွက်ကောင်းတယ်။ ကြွက်သားထုထည်ကို သန်မာစေတယ်။ အသား၊ ဥနဲ့ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။
6. Zinc
Zinc က အရိုးကိုကြီးထွားဖွံ့ဖြိုးစေတယ်။ရပြန်လည်တည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်။ Zinc ဓာတ်များတဲ့ အသား၊ အစေ့အဆန်(seeds, nuts, whole grains)၊ ပဲတောင့်ရှည်တွေကို စားပေးဖို့ လိုပါတယ်။
7. သံဓာတ် Iron
အရိုးတွေကို ပြန်တည်ဆောက်ဖို့ Collagen ပြုလုပ်ရာမှာ သံဓာတ်ကို လိုအပ်ပါတယ်။ ဒါ့အပြင် အရိုးဆီကို အောက်စီဂျင်ပေးစွမ်းနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝဖို့ Whole grainပေါင်မုန့်တွေ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥတွေ၊ Cereals တွေ ထည့်စားလို့ ရပါတယ်။
8. Potassium
အကယ်၍ အစားအစာထဲမှာPotassium လုံလောက်နေရင် ဆီးထဲကနေ Calcium ကို မဆုံးရှုံးနိုင်တော့ပါ။ ဒါ့ကြောင့် Potassium ပါတဲ့ ငှက်ပျောသီး၊ အာလူး၊ နို့၊ အသား၊ အစေ့အဆန်တွေ စားပေးပါ။
အရိုးကျိုးထားရင် စားပေးရမယ့် အစားအစာတွေ ရှိသလို ရှောင်ရမှာတွေလည်းရှိပါတယ်။ Bone robbers လို့တောင်တင်စားတဲ့ Calcium နဲ့ Vitamin တွေစုပ်ယူမှုတွေကို လျော့ကျစေနိုင်တဲ့အပြင် အရိုးဆီကနေ အာဟာရတွေကို ဆွဲထုတ်တတ်ပါသေးတယ်။
ရှောင်ရမယ့် အစားအစာတွေကတော့
1. Coffee
ကေဖိန်းပါတဲ့ သောက်စရာတွေဟာ ဆီးထဲမှာ Calcium တွေကို ပါသွားစေပါတယ်။ ဒါကြောင့် Coffee ၊ Caffeine ပါတဲ့ Cola စတာတွေ မသောက်ပါနဲ့။
2. ဆား
ဆားပမာဏ လျှော့စားဖို့ လိုပါတယ်။ ဆားနယ်ထားတဲ့ အာလူးကြော်၊ အသင့်ဖျော်လို့ရတဲ့ ဟင်းချိုအမှုန့်ထုပ်တွေ၊ အချဉ်စိမ်ထားတဲ့ သနပ်တွေ၊ တာရှည်ခံအောင်လုပ်ထားတဲ့ ခရမ်းချဉ်သီး Ketchup, ဆောစ့်တွေကို ရှောင်ပေးပါ။
3. အရက်
အရက်သောက်ရင်၊ ဆေးလိပ်သောက်ရင် အရိုးအနာကျက်ဖို့ အချိန်ပိုကြာသွားပါလိမ့်မယ်။ ဆေးလိပ်ငွေ့ဟာ အရိုးဆီကို သွေးစီးဆင်းမှု နည်းစေလို့ လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း အရောက်အပေါက်နည်းပါလိမ့်မယ်။
ရေးသားသူ - Dr. May Myat Tun