ကင်ဆာသမားတွေရဲ့ အဖြစ်များတဲ့ ဝေဒနာများ
ပျို့အန်ခြင်း
ကင်ဆာဆေးတွေရဲ့ဒဏ်၊ ဝမ်းချုပ်ခြင်း၊ သွေးတွင်းကယ်လ်ဆီယမ်ဓာတ်များရင်၊ ခုခံအားနည်းနေလို့ ပါးစပ်မှာ မှိုရောဂါ(oral candidiasis)ဖြစ်ရင်၊ အူပိတ်ရင်၊ နာကျင်မှု အရမ်းဆိုးရင်၊ ပိုးဝင်ရင်၊ ကျောက်ကပ် အားနည်းလာရင် ပျို့အန်တတ်ပါတယ်။ အဲ့အခါ ဝေဒနာသက်သာအောင် သက်ဆိုင်ရာ အကြောင်းရင်းတွေအတွက် ဝမ်းချုပ်တာအတွက် ဝမ်းပျော့ဆေး၊ ကိုက်ရင် အကိုက်အခဲပျောက်ဆေး၊ အန်ရင် အအန်ပျောက်ဆေး၊ မှိုရောဂါအတွက် ပိုးသတ်ဆေးတွေ သောက်သုံးရပါတယ်။
ဝမ်းချုပ်ခြင်း
ကင်ဆာသမားတွေရဲ့ နာကျင်ခံစားမှုဟာ မူးယစ်စေတဲ့ အကိုက်အခဲပျောက်ဆေး သောက်ရလောက်တဲ့အထိ အပြင်းအထန် ခံစားရတာ ဖြစ်ပါတယ်။ မူးယစ်ဆေး ဘိန်း opioids တွေဟာ ဝမ်းချုပ်စေပါတယ်။ ဒါ့ကြောင့် opioids အကိုက်အခဲပျောက်ဆေး စသောက်ရပြီဆိုရင် ဝမ်းပျော့ဆေးတွေနဲ့ပါ တွဲဖက်သောက်စေပါတယ်။ သွေးတွင်းကယ်လ်ဆီယမ်များတာ၊ ရေဓာတ်နည်းတာ၊ ဆေးတွေ၊ဝမ်းဗိုက်အတွင်း ပြသာနာတွေကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။
မောခြင်း၊ အသက်ရှူမဝခြင်း
အသက်ရှူလမ်းကြောင်း ပိုးဝင်တာ၊ အဆုတ်ရေဝိုင်းတာ၊ သွေးအားနည်းတာ၊ နှလုံးစည်းချက်မမှန်တာ၊ သွေးကြောတွေမှာ သွေးခဲပိတ်တာစတဲ့ ပြသာနာတွေကြောင့် မောနိုင်ပါတယ်။ အကယ်၍ အသက်ရှူကြပ်တဲ့၊ မောတဲ့အချိန်မှာ ဆူညံသံ၊တရွှီရွှီ မြည်တာတွေ ရှိရင် အမြန်ဆုံး နီးစပ်ရာဆေးရုံ၊ဆေးခန်းကို ပြေးသင့်ပါတယ်။
ခံတွင်းပြသာနာများ
ခံတွင်းသန့်ရှင်းမှု အားနည်းရင်၊ ဓာတ်ကင်ရရင်၊ ကင်ဆာဆေးတွေ၊ ဆီးဆေး စတဲ့ဆေးတွေ သောက်နေရရင်၊ ခုခံအားကျလို့ ရေယုံပေါက်တာ၊ မှိုစွဲတာ စတဲ့ ပြသာနာတွေကို ကင်ဆာသမားတွေ ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် ပါးစပ်သန့်ရှင်းရေးကို ကင်ဆာသမားတွေအနေနဲ့ အထူးဂရုစိုက်ဖို့လိုပါတယ်။ ရေဓာတ်ပြည့်အောင်လည်း ရေကို နည်းနည်း ခဏခဏ သောက်ပေးဖို့လိုပါတယ်။ တံတွေးထွက်စေတဲ့နည်းလမ်းတွေဟာ အထောက်အကူပြုပါလိမ့်မယ်။ သကြားမပါတဲ့ ပီကေဝါးပေးတာ၊ ဆားရည်နဲ့ ပါးစပ်ကို ပါးလုတ်ကျင်းတာတွေ ပြုလုပ်သင့်ပါတယ်။ alcohol ပါတဲ့ ပါးစပ်သန့်ဆေးရည်တွေ အနာတွေရှိနေတဲ့အတွက် သုံးရင် စပ်ကြိမ်းစေနိုင်ပါတယ်။ သွားတိုက်တံအပျော့အမျိုးအစားကို သုံးသင့်ပါတယ်။
အိပ်မပျော်ခြင်း
နောက်ဆုံးအဆင့်ရောက်နေတဲ့လူနာတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ရောလူပါ လက်ပန်းကျနေပြီဖြစ်လို့ ညဘက်အိပ်မပျော်တာတွေ ကြုံရနိုင်ပါတယ်။ အိပ်မပျော်တဲ့အခါ ဝေဒနာတွေကို ပိုမိုဆိုးဝါးစေပါတယ်။ ရိုးစင်းတဲ့အဆင့်လေးတွေက ပြောင်းလဲစေနိုင်ပါတယ်။ သင့်တော်တဲ့ အခန်းအပူချိန်၊ အမှောင်၊ တိတ်ဆိတ်မှု တွေအတွက် ဂရုစိုက်သင့်ပါတယ်။ ဆေးတိုက်တဲ့အချိန်ကို ညနောက်ကျမှတိုက်တာမျိုးတွေ မလုပ်ပါနဲ့။ မိသားစု၊ လူမှုရေးဆိုင်တဲ့ စိတ်သောကပြသာနာတွေအတွက် စိတ်ရှင်းသွားရအောင် သေချာဆွေးနွေးသင့်ပါတယ်။
ယားယံခြင်း
ကျောက်ကပ်ပျက်တာ၊ အသည်းရောင်တာ၊ အရေပြားပြသာနာတွေ၊ ဆေးတွေရဲ့ တန်ပြန်အကျိုးတွေ (ကင်ဆာဆေး၊အကိုက်အခဲပျောက်ဆေး စသည့်ဖြင့်) ၊သည်းခြေလမ်းကြောင်းမှာ ပိတ်နေတာ စတဲ့အခြေအနေတွေကြောင့် အသားအရည်တွေ ယားယံတတ်ပါတယ်။
သွေးကြောများ ယောင်ယမ်းခြင်း
ခန္ဓာကိုယ်အနှံ့သွေးကြောတွေကို သွေးဖောက်တာ၊ အကြောဆေးသွင်းတာ အတွက် ခဏခဏ အသုံးပြုရတဲ့အတွက် ပိုးဝင်တာ၊ သွေးကြောပိတ်တာတွေကို လူနာတွေခမျာ ကြုံရပါတယ်။
စိုးရိမ်ကြောင့်ကြခြင်း
နာကျင်ခံစားရတာ၊ ရေဓာတ်ခမ်းခြောက်တာစတဲ့ ဝေဒနာအမျိုးမျိုးကြောင့် စိုးရိမ်ကြောင့်ကြ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေ ဖြစ်လာပါတယ်။
အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ အရည်တွေ အထွက်များလာခြင်း
နာတာရှည်လှဲနေရတဲ့ အခြေအနေမှာ ပါးစပ်နောက်ဖက်မှာ အကျိအချွဲတွေအိုင်လာတဲ့အတွက် အသက်ရှူသွင်းထုတ်တဲ့ လေလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်တဲ့အခါ ဆူညံသံတွေပါ မြည်လာတတ်ပါတယ်။ ခန္ဓာကိုယ်အနေအထား ပြောင်းပေးရတာ၊ စက်နဲ့ ချွဲစုပ်ထုတ်တာတွေ ပြုလုပ်ရပါတယ်။
သတ်သေချင်လောက်အောင် စိတ်ဝိညာဉ်ပြိုလဲရတဲ့အထိ ဝေဒနာတွေ ကြုံရတတ်ကြတဲ့ ကင်ဆာလူနာတွေကို "ဒီနေ့ ဘာခံစားရလဲ" "မနက်ဖြန်အတွက် ဘာတွေတွေးပူနေလဲ" မေးပါ။ နားထောင်ပေးပါ။ သူ့အတွက် သက်တောင့်သက်သာ အဖြစ်စေနိုင်ဆုံးကို တက်စွမ်းသလောက် ကြိုးစားပါ။ ဖေးမပေးပါ။
"လူသားအားလုံး ကင်ဆာဝေဒနာဆိုးကြီးမှ ရှောင်ရှားနိုင်ကြပါစေ" ဆုတောင်းရင်း ဆောင်းပါးလေး အဆုံးသတ်လိုက်ပါတယ်။
ရေးသားသူ - Dr. May Myat Tun