သားမျက်ကင်ဆာအကြောင်းသိကောင်းစရာ
သားမျက်ကင်ဆာဆိုတာ နို့ရည်ထုတ်တဲ့ ပြွန်တွေ၊ နို့ထဲက တစ်ရှူးတွေရဲ့ ဆဲလ်တွေကနေ စတတ်ပါတယ်။ မူမမှန်စွာနဲ့ ကြီးထွား၊ နဂိုပုံမှန်ဆဲလ်တွေထက် ပိုမြန်မြန်ပွားကာ စုဝေးလာတော့ အလုံး၊အကြိတ်ရယ်ဆိုပြီး ရင်သားမှာ ဖြစ်လာပါတော့တယ်။ ပြီးတော့ ဒီဆဲလ်တွေဟာ ပြန်ရည်ကြိတ်တွေနဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းကိုပါ ပျံ့နှံ့ပါတော့တယ်။
လေ့လာသူတွေကတော့ ဟော်မုန်း၊ ဘဝနေထိုင်ပုံနဲ့ ပတ်ဝန်းကျင်စတဲ့ အချက်တွေက သားမျက်ကင်ဆာဖြစ်စေဖို့ လွှမ်းမိုးတယ်လို့ဆိုပါတယ်။
မျိုးရိုးလိုက်တတ်တဲ့ သားမျက်ကင်ဆာ
၅-၁၀ % သားမျက်ကင်ဆာတွေဟာ မိသားစုမျိုးဆက်အရ ဇီဝရုပ်ပြောင်းလဲမှု လက်ဆင့်ကမ်းခြင်းကြောင့် ဖြစ်လာရတယ်လို့ ဆရာဝန်တွေက ခန့်မှန်းကြပါတယ်။ သားမျက်ကင်ဆာဗီဇ Gene နာမည်တွေအနက် BRCA1 နဲ့ BRCA2 ဆိုတဲ့ Gene နှစ်မျိုးဟာ ရင်သားကင်ဆာနဲ့ သားဥကင်ဆာ ဖြစ်နိုင်ချေ မြင့်စေတယ်လို့ နာမည်ကြီးပါတယ်။
ရောဂါလက္ခဏာများ
- ရင်သားမှာ အလုံး (သို့) ဘေးဘက်ကအသားနဲ့ ယှဉ်ကြည့်ရင် ပိုထူသလို၊ မတူသလို ခံစားရခြင်း
- ရင်သား အရွယ်အစား၊ ပုံသဏ္ဌာန်၊ ပုံပန်းအသွင်အပြင် ပြောင်းလာခြင်း
- ရင်သားရဲ့ အရေပြား ပြောင်းလာခြင်း
- နို့သီးခေါင်း ချိုင့်ဝင်ခြင်း
- ရင်သားအရေပြားမှာ (သို့) နို့သီးခေါင်းပတ်လည် အမည်းဝိုင်းမှာ အရေပြားအဖတ်တွေ၊ ကွာကျတာတွေ၊ အစိအစိလေးတွေ ပေါ်တာ စတဲ့အရေပြား ပြောင်းလဲမှုများ
- နီရဲကာ လိမ္မော်ခွံမျက်နှာပြင်ကဲ့သို့ အပေါက်ပေါက်များ ဖြစ်နေခြင်း
- တခြားနေရာတွေကို ကင်ဆာပျံ့တဲ့အခါ လည်ပင်းကြိတ်၊ ချိုင်းအကြိတ်တွေ ပါကြီးလာခြင်း၊ အသည်းကြီးခြင်း၊ အသားဝါခြင်း၊ မောခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရိုးတွေ နာခြင်း၊ ဆီးထဲသွေးပါခြင်း၊ ခါးနာခြင်း၊ ကျောက်ကပ်ပျက်ခြင်းစတဲ့ ပြသာနာအမျိုးမျိုးတွေ ကြုံလာရပါတယ်။
ဖြစ်နိုင်ချေများတဲ့ အခြေအနေများ
- အသက်ရလာရင်
- ရင်သားနဲ့ပတ်သက်တဲ့ အသားစယူလိုက်တဲ့အခါ ပုံသေမဟုတ်တဲ့ ဆဲလ်တွေ ပွားနေကြောင်း တွေ့ထားဖူးရင်
- မိသားစုဝင်ထဲမှာ သားမျက်ကင်ဆာ ဖြစ်ဖူးတဲ့ ရာဇဝင်ရှိရင်
- ကင်ဆာမျိုးရိုးရှိရင်
- ရင်ဘတ်ကို ဓာတ်ရောင်ခြည်ပြ၊ ဓာတ်ကင်ဖူးရင်
- အဝလွန်ရင်
- အသက်ငယ်ငယ်မှာ ရာသီစပေါ်ရင် (အသက် ၁၂နှစ်မတိုင်ခင်)
- သွေးဆုံးတာနောက်ကျရင်
- ပထမကလေးကို အသက်၃၀ ကျော်မှ ရရင်
- တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးရင်
- အရက်သောက်ရင်
- သွေးဆုံးပြီးနောက် ဟော်မုန်းဆေးတွေသောက်နေရင် စတဲ့အခြေအနေတွေဆိုရင် သားမျက်ကင်ဆာ ဖြစ်နို်င်ချေမြင့်ပါတယ်။
ကုသပုံ နည်းလမ်းများ
- ခွဲစိတ်ခြင်း (အလုံးကိုထုတ်တာ၊ လေးပုံတစ်ပုံ ဖြတ်ထုတ်တာ၊ ဖြစ်တဲ့ ရင်သားတစ်ဖက်လုံး ဖြတ်ထုတ်တာ စသည့်ဖြင့်)
- ဓာတ်ရောင်ခြည်နဲ့ကုသခြင်း (မခွဲခင် ဓာတ်ကင်တာ၊ ခွဲစိတ်ပြီး ဓာတ်ကင်တာ၊ ခွဲထုတ်မရတဲ့ အကြိတ်ကို ဓာတ်ကင်တာ စသည့်ဖြင့် )
- ကင်ဆာဆေး (cyclophosphamide, methotrexate, Fluorouracil) (တစ်လတစ်ကြိမ်၊ ခြောက်လကြာ)
- ဟော်မုန်းဆေးများ
ကာကွယ်ရန် နည်းလမ်းများ
ပျမ်းမျှ ဖြစ်နိုင်ချေရှိတဲ့ အမျိုးသမီးများ (average risk)
- သားမျက်ကင်ဆာ ရောဂါစစ်ချခြင်း (breast cancer screening) အတွက် ဆရာဝန်နဲ့ တိုင်ပင်ကာ ဘယ်အချိန်မှာ စလုပ်သင့်သလဲ ဆွေးနွေးကာ ရင်သား စမ်းသပ်ခြင်း၊ mammogram ရိုက်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။
- ကိုယ့်ရဲ့ရင်သားကို ကိုယ်တိုင် နှိပ်နယ်စမ်းသပ်ကြည့်ကာ အရွယ်အစား၊ အလုံးအကြိတ်၊ အနာ စတဲ့ မူမမှန်တဲ့ လက္ခဏာတွေကို ရေချိုးချိန်ဖြစ်ဖြစ်၊ အဝတ်လဲတဲ့အချိန်ဖြစ်ဖြစ် ကိုယ့်ဘာကို ကြုံသလို ဂရုပြုဆန်းစစ်ကြည့်ပါ။ လက္ခဏာရှိလာတာနဲ့ ဆရာဝန်ထံပြပါ။
- အရက်ကို အသင့်အတင့်သာ သောက်ပါ။
- ရက်တော်တော်များများ လှုပ်လှုပ်ရှားရှား နေပါ။
- သွေးဆုံးချိန် ဝေဒနာတွေအတွက် ဟော်မုန်းဆေးသောက်ရင် ဆရာဝန်နဲ့တိုင်ပင်ကာ အကန့်အသတ်နဲ့ သောက်ပါ။
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ။
- ကျန်းမာတဲ့ အစားအစာတွေကို ရွေးချယ်စားပါ။
ဖြစ်နိုင်ချေများတဲ့ အမျိုးသမီးများ (high risk)
မိသားစုမျိုးရိုးရှိတဲ့သူတွေ၊ ကင်ဆာဖြစ်ချင်သလို ဖြစ်နေတဲ့ ရင်သားအခြေအနေရှိသူတွေမှာ ဆရာဝန်နဲ့ စနစ်တကျ ဆွေးနွေးတိုင်ပင်ကာ ကင်ဆာဆေးများ ကြိုသောက်တာမျိုး၊ ကင်ဆာဆဲလ်တွေမပျံ့ခင်၊ ကင်ဆာသို့မပြောင်းခင် ကြိုတင်ခွဲစိတ် ဖြတ်တောက်ဖယ်ထုတ်တာတွေ အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ လူနာသဘောဆန္ဒအတိုင်း ပြုလုပ်ကြပါတယ်။
ရေးသားသူ - Dr. May Myat Tun