နှာခေါင်းမွှေးတွေကို ရှင်းလင်းပစ်တာ အန္တရာယ် ရှိသလား
မိမိဖယ်ရှားရှင်းလင်းတဲ့ နည်းလမ်းပေါ်မူတည်ပါတယ်။ ကပ်ကြေးသေးလေးနဲ့ ညှပ်တာ၊ ပါးအောင်လုပ်တာ၊ နှုတ်တာ စသည့်ဖြင့် ကွဲပြားပါတယ်။ အလွန်အကျွံမလုပ်မိဖို့တော့ အရေးကြီးပါတယ်။
နှာခေါင်းမွှေးမှာလည်း ခန္ဓာကိုယ်အတွက် အရေးပါတဲ့တာဝန်ကို ယူထားတာဖြစ်ပါတယ်။ လေထုထဲက ဝင်လာမယ့် အမှုန့်အမွှားတွေ၊ ဓာတ်မတည့်စေတဲ့ ပစ္စည်းငယ်တွေကို အသက်ရှူလမ်းကြောင်းထဲ ရောက်မသွားအောင် ဖမ်းယူထားပေးပါတယ်။ ရှူသွင်းလိုက်တဲ့လေထုရဲ့ စိုစွတ်မှု ထိန်းပေးထားပါတယ်။ ဒီအချက်က အမှုန်တွေ၊ အနံ့ပြင်းပြင်းတွေကို မခံနိုင်တဲ့ ပန်းနာရင်ကြပ်တတ်တဲ့သူတွေအတွက် အရေးကြီးပါတယ်။ နှာခေါင်းနဲ့ မျက်နှာမှာ သွေးကြောတွေဟာ အရမ်းများပါတယ်။ နှာခေါင်းမွှေးတွေ ရှင်သန်ဖို့ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
နှာခေါင်းမွှေးတွေကို ဖယ်ရှားရှင်းလင်းတာလွန်သွားရင် နာတာ၊ Ingrown hair ပေါက်တာ၊ နှာခေါင်းရဲ့ နံရံအနားသားတွေ ပျက်စီးတာ၊ အမှုန်အမွှားတွေ ဝင်လာနိုင်တာ စတာတွေ ဖြစ်တတ်ပါတယ်။
Ingrown hair ဆိုတာဘာလဲ
ပေါက်လာတဲ့ အမွှေးဟာ နှာခေါင်းရဲ့အရေပြားထဲကို ပြန်စိုက်ဝင်တာကို ဆိုလိုပါတယ်။ ပြည်တွေပါတဲ့ အဖုဖု သေးသေးလေးတွေ ဖြစ်တတ်တယ်။ နာမယ်၊ယားမယ်၊ နီမယ်။ Ingrown hair ပေါက်လာရင် နှာခေါင်းမွှေးရှင်းလင်းတာကို ယာယီရပ်ထားပေးပါ။ ရေနွေးစွတ်ထားတဲ့ အဝတ်သန့်လေးနဲ့ နှာခေါင်းဝထဲကို စက်ဝိုင်းပုံစံ ညင်ညင်သာသာလှည့်ပြီး ပွတ်သပ်ဖယ်ရှားပါ။ ရောဂါပိုးဝင်လာတယ်၊ ယောင်ယမ်းလာတယ်လို့ သံသယရှိရင် အရေပြားအထူးကုဆရာဝန်ထံ သွားရောက်ပြသပါ။
နှာခေါင်းမွှေးတွေ ရှင်းလင်းဖို့ နည်းလမ်းများ
1. Nose trimmers
ကပ်ကြေးသေးသေးလေးနဲ့ ညှပ်တာက ဘေးအကင်းဆုံး၊ လုပ်ရအလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ Nose trimmers တွေဟာ ကပ်ကြေးထိပ်မှာ တုံးတုံးလေးပြုလုပ်ထားလို့ အတွင်းက အရေပြားကို မထိုးမိဖို့ ၊ သွေးမထွက်စေဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ နှာခေါင်းအပြင်ထိ ရှည်ထွက်နေတဲ့အမွှေးလေးတွေကို နည်းနည်းစီ လိုက်ညှပ်ပေးရင် အဆင်ပြေပါတယ်။ အတွင်းကျကျထိတော့ ထည့်ညှပ်မနေပါနဲ့။ နှာခေါင်းမွှေးညှပ်တော့မယ်ဆိုရင် အလင်းရောင်ကောင်းတဲ့ နေရာ၊ မှန့်ရှေ့မှာ သေချာညှပ်ပါ။ ခေါင်းကိုမော့ပြီး ညှပ်ပါ။ ညှပ်ပြီးရင် နှာခေါင်းကိုလေမှုတ်ထုတ်ပါ။ နှာခေါင်းအတွင်းကို ရေဆေးစရာမလိုပါ။ အမွှေးအကုန်မညှပ်ပါနဲ့။
2. Waxing (သို့) ဆွဲနှုတ်ခြင်း
Waxing ဖြစ်ဖြစ်၊ ဆွဲနှုတ်တာဖြစ်ဖြစ် မပြုလုပ်သင့်ပါ။ Ingrown hair ဖြစ်ဖို့၊ ရောဂါပိုးဝင်ဖို့ အခွင့်အလမ်းများပါတယ်။ အထူးသဖြင့် Waxing ဆိုရင် နှာခေါင်းရဲ့ အတွင်းပိုင်းအရေပြားတွေ ပျက်စီးတတ်ပါတယ်။ အမွှေးပြန်ထွက်နှုန်းနှေးတယ်ဆိုပေမဲ့ အရေပြားအောက်ဘက်အမွှေးအရင်းကနေပါ ဆွဲဖယ်လိုက်တဲ့အတွက် မကောင်းပါ။
3. Laser Hair Removal
ခန္ဓာကိုယ်က မလိုချင်တဲ့ အမွှေးအမျှင်တွေကို ရာသက်ပန် ဖယ်ရှားပေးနိုင်ပါတယ်။ နှာခေါင်းမွှေးအတွက် Laser Hair Removal ကတော့ နှာခေါင်းအပြင်အစွန်းတွေမှာ သိသာထင်ရှားစွာ ရှည်ကျနေတဲ့ အမွှေးတွေကိုပဲ ဦးတည်ဖယ်ရှားမှာ ဖြစ်ပါတယ်။ နှာခေါင်းရဲ့ အနားသတ်နံရံက အရေပြားလွှာတွေကိုလည်း ထိခိုက်စေနိုင်လို့ နားလည်တက်ကျွမ်းတဲ့ အလှအပရေးရာ အရေပြားအထူးကုတွေနဲ့ စနစ်တကျ ဆွေးနွေး ပြုလုပ်သင့်ပါတယ်။
လုံးဝရှောင်ကြဉ်ရမယ့်နည်းလမ်း
Depilatory cream အမွှေးဖယ်ရှားတဲ့ ခရင်မ်ကိုတော့ လုံးဝအသုံးမပြုသင့်ပါ။ အရမ်းပြင်းတဲ့ အန္တရာယ်ရှိတဲ့ အငွေ့တွေကြောင့် နှာခေါင်းရဲ့အရေပြားနံရံတွေ လောင်တတ်ပါတယ်။ Natural product လို့ပြောထား၊ ညွှန်းထားရင်လည်း လက်တည့်စမ်း မသုံးပါနဲ့။ လုံးဝရှောင်ပေးပါ။
ရေးသားသူ - Dr. May Myat Tun