အသက်ကြီးလာရင် နှလုံးကဘာတွေပြောင်းလဲသွားသလဲ
နှလုံးဟာ ရင်ခေါင်းအတွင်း ဘယ်ဘက်ခြမ်းမှာရှိတဲ့ သန်မာတဲ့ ကြွက်သားအစုအဝေးဖြစ်ပြီး လက်သီးဆုပ်ခန့်ပမာဏရှိကာ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေပို့ဆောင်ပေးရတဲ့ တာဝန်ကို လုပ်ဆောင်ပါတယ်။
နှလုံးရဲ့ ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းမှာ သွေးဝင်ခန်းနဲ့ သွေးထွက်ခန်း တစ်ခန်းစီရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ သွေးပြန်ကြောတွေက ပြန်သယ်လာတဲ့သွေးတွေကို နှလုံးရဲ့ညာဘက်ခြမ်းက လက်ခံပြီး အဆုတ်ကို ပို့ဆောင်ကာ အောက်ဆီဂျင်ကို ယူဆောင်ပါတယ်။ အောက်ဆီဂျင်ပြည့်ဝနေတဲ့ သွေးတွေကို နှလုံးရဲ့ဘယ်ဘက်ခြမ်းကနေ ညှစ်ထုတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပို့ဆောင်ပေးခြင်းဖြင့် နှလုံးဟာ အလုပ်လုပ်ပါတယ်။
နှလုံးထဲမှာရှိတဲ့ လျှပ်စစ်စနစ်က နှလုံးခုန်နှုန်းကို ထိန်းညှိပေးပြီး ဘယ်ညာသွေးဝင်ခန်း၊ သွေးထွက်ခန်းတွေ စည်းချက်ညီညီလှုပ်ရှားဖို့ လုပ်ဆောင်ပေးပါတယ်။
အသက် ၆၅ နှစ်အထက်လူကြီးတွေဟာ ငယ်တဲ့လူတွေထက် နှလုံးသွေးကြောကျဥ်းရောဂါ၊ လေဖြတ်တာ၊ နှလုံးပျက်စီးတာနဲ့ နှလုံးအမောဖောက်တာ ပိုအဖြစ်များပါတယ်။ နှလုံးရောဂါဟာ
လုပ်ကိုင်နိုင်စွမ်းနဲ့ ဘဝရဲ့အရည်အသွေးကို ကျဆင်းစေပါတယ်။
(၁) အသက်ကြီးလာတဲ့အခါ နှလုံးသွေးကြောတွေထဲမှာ အဆီတွေစုထားတာ များလာပြီး သွေးကြောတွေထူလာကျဥ်းလာကာ သွေးဖိအားများလာပြီး သွေးတိုးရောဂါ ဖြစ်လာနိုင်ခြေများလာပါတယ်။ သွေးကြောတွေ ထူလာကျဥ်းလာတဲ့အခါ ခန္ဓာကိုယ်ကို အောက်ဆီဂျင်နဲ့ သွေးတွေပို့ဆောင်ပေးမှုနည်းသွားသလို နှလုံးကြွက်သားတွေကိုလည်း အောက်ဆီဂျင်နဲ့ သွေးလှည့်ပတ်မှု နည်းသွားပါတယ်။
အချိန်ကြာလာတဲ့အခါ နှလုံးကြွက်သားတွေ အားနည်းလာပြီး heart failure လို့ခေါ်တဲ့ နှလုံးပျက်စီးခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။နှလုံးအမောဖောက်ဖူးတဲ့သူ၊ နာတာရှည်ဆီးချိုနဲ့သွေးတိုးရှိတဲ့သူနဲ့ အရက်အလွန်အကျွံ သောက်တဲ့သူတွေမှာ နှလုံးထိခိုက်နိုင်ခြေ ပိုများပါတယ်။
အသက်ကြီးလာတဲ့အခါ သွေးတိုးနဲ့နှလုံးရောဂါမရှိပေမယ့် သွေးပေါင်မကြာခဏချိန်တာမျိုး လုပ်သင့်ပါတယ်။ လက္ခဏာမပြဘဲလည်း သွေးတိုးရောဂါ ရှိနေနိုင်တာမို့ စောစောစီးစီး သိရှိပြီး ကုသနိုင်ရင် နောက်ဆက်တွဲ လေဖြတ်တာ၊ ဦးနှောက်သွေးကြောပြတ်တာ၊ ကျောက်ကပ်ထိခိုက်တာမျိုးကို ရှောင်နိုင်ပါလိမ့်မယ်။
(၂)အသက်ကြီးလာတဲ့အခါ နှလုံးကလျှပ်စစ်စနစ်က အားနည်းလာတဲ့အတွက် နှလုံးခုန်နှုန်းမမှန်တာ၊ စိတ်ဖိစီးမှုဖြစ်တာနဲ့ ထိတ်လန့်စရာကြုံတဲ့အခါမျိုးမှာ နှလုံးက တုံ့ပြန်တဲ့အနေနဲ့မြန်မြန်ခုန်တာမျိုး မလုပ်နိုင်တော့တွေ ဖြစ်တတ်ပါတယ်။
(၃)အသက်ကြီးလာတဲ့အခါ နှလုံးအဆို့ရှင်တွေကလည်း ပိုပြီးထူလာမာလာပါတယ်။ နှလုံးသွေးဝင်ခန်းနဲ့ သွေးထွက်ခန်းတွေရဲ့ ကြားမှာနဲ့ ပင်မသွေးလွှတ်ကြောကြီးတွေမှာရှိတဲ့ တစ်ဖက်ပွင့်အဆို့ရှင်တွေဟာ သွေးဝင်ခန်းက သွေးတွေကို သွေးထွက်ခန်းထဲကို ပို့ဆောင်တာ၊ အဆုတ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေပို့ဆောင်ပေးတာကို လုပ်ပြီး နောက်ပြန်စီးဆင်းတာမျိုး မဖြစ်အောင် တားထားပါတယ်။ အဲဒီအဆို့ရှင်တွေ ထူလာမာလာတဲ့အခါ သွေးစီးဆင်းမှုမကောင်းတော့သလို နောက်ပြန်သွေးစီးဆင်းမှုတွေလည်း ဖြစ်လာပါတယ်။ အကျိုးဆက်အနေနဲ့ အဆုတ်ထဲမှာအရည်တွေစုလာတာ၊ ခန္ဓာကိုယ် အထူးသဖြင့် ခြေ၊လက်နဲ့ ဝမ်းဗိုက်မှာ အရည်တွေစုပြီး ဖောလာမောလာတာမျိုး ဖြစ်နိုင်ပါတယ်။
(၄)အသက်ကြီးလာရင် နှလုံးရဲ့အရွယ်အစားက ပိုကြီးလာပေမယ့် နှလုံးကြွက်သားနံရံတွေကလည်း ပိုထူလာတဲ့အခါ နှလုံးက သိမ်းဆည်းထားနိုင်တဲ့ သွေးပမာဏ လျော့နည်းလာသလို နှလုံးထဲကို သွေးပြန်ဖြည့်ဖို့လည်း အချိန်ပိုကြာလာပါလိမ့်မယ်။ သွေးတိုးရောဂါရှိတဲ့သူတွေမှာ ဒီပြဿနာပိုတွေ့ရလေ့ရှိပြီး နှလုံးစည်းချက်မမှန်တာနဲ့ နှလုံးအမောဖောက်တာ စတဲ့နောက်ဆက်တွဲတွေ ဖြစ်နိုင်ခြေရှိပါတယ်။
(၅)အသက်ကြီးလာတဲ့အခါ ဆားစားသုံးမှုနည်းနည်းများတာနဲ့ သွေးဖိအားများ၊ သွေးတိုးတာ၊ ဖောရောင်တာ စတာတွေကို ငယ်ရွယ်စဥ်ကထက် ပိုခံစားရနိုင်ပါတယ်။
အသက်ကြီးတဲ့သူတွေ အကုန်လုံးရဲ့ နှလုံးက ဒီလိုရောဂါတွေ ဖြစ်စေမှာတော့ မဟုတ်ပါဘူး။ ငယ်ရွယ်စဥ်ကစလို့ ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်မှု လုပ်ခဲ့ရင် နှလုံးရောဂါ မဖြစ်ဘဲ သက်တမ်းစေ့နေသွားလို့ရပါတယ်။
- အဆီအစိမ့်၊ အချို၊ဆားနဲ့အငန်တွေ၊ တိရိစ္ဆာန်အဆီတွေ ရှောင်ပြီး အသီးအရွက်၊ အစေ့အဆန်နဲ့ ပဲတွေ၊ အဆီများတဲ့ငါးတွေ စားပါ။
- ရေများများသောက်ပါ။
- ဆေးလိပ်၊ အရက် ဖြတ်ပါ။
- လေ့ကျင့်ခန်း နာရီဝက်ခန့် နေ့စဥ်လုပ်ပါ။
- နှလုံး၊ သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါတွေ မျိုးရိုးရှိခဲ့ရင် medical check up မှန်မှန်လုပ်ပါ။
- အကယ်၍ ရောဂါရှိခဲ့ရင်လည်း နောက်ဆက်တွဲရောဂါတွေ မဖြစ်ရအောင် ပုံမှန်ကုသမှု ခံယူပါ။
အသက်ကြီးလာတာကို တားလို့မရပေမယ့် ရောဂါတွေမဖြစ်အောင်တော့ ကာကွယ်လို့ ရတာမို့ ကျန်းမာနုပျိုစွာ အသက်ရှည်နိုင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်