အစာရေမျိုကင်ဆာ
အစာရေမျိုဆိုတာ လည်ချောင်းနဲ့ အစာအိမ်ကို ဆက်သွယ်ထားတဲ့ ၈ လက်မခန့်အရှည်ရှိတဲ့ပြွန်တစ်ခု ဖြစ်ပြီး လည်ချောင်းထဲရောက်လာတဲ့ အစာနဲ့ရေတွေကို အစာအိမ်ထဲရောက်အောင် ပို့ဆောင်ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်ပေးပါတယ်။ အစာရေမျိုဟာ အသက်ရှူလေပြွန် (trachea) နဲ့ နှလုံးရဲ့ နောက်ဘက်ကပ်လျက်မှာ တည်ရှိပါတယ်။
အစာရေမျိုကင်ဆာဟာ ကမ္ဘာပေါ်မှာ ခြောက်ခုမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပါတယ်။ အစာရေမျိုကင်ဆာဟာ အစာရေမျိုရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပြီး အစာရေမျိုရဲ့အတွင်းဘက်ဆဲလ်တွေက စဖြစ်လေ့ရှိပါတယ်။ ယောကျ်ားတွေမှာ မိန်းမတွေထက် ပိုအဖြစ်များပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့
- အစာမျိုချရ ခက်ခဲတာ
- ဝိတ်လျှော့ဖို့မကြိုးစားဘဲ သိသိသာသာပိန်လာတာ
- ချောင်းဆိုးတာ၊ အသံဝင်တာ
- အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ရင်ပူတာ
- ရင်ဘတ်အောင့်တာ၊ ရင်ဘတ်ထဲမှာ လေးလံတင်းကျပ်နေတာတွေ ဖြစ်နိုင်ပြီး အစပိုင်းမှာ ဘာရောဂါလက္ခဏာမှ မပြဘဲလည်း ရှိနိုင်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
အစာရေမျိုက ဆဲလ်တွေကို မကြာခဏလှုံဆော်တဲ့ အပြုအမူ၊ အလေ့အထနဲ့ ရောဂါတွေရှိတဲ့သူတွေမှာ အဖြစ်များပါတယ်။
-ဆေးလိပ်စွဲသောက်တဲ့သူတွေ
-အရက်အလွန်အကျွံသောက်သူတွေ
-GERD လို့ခေါ်တဲ့ အစာအိမ်ထဲက အစာခြေအက်ဆစ်ရည်တွေ ပြန်ဆန်တက်တဲ့ ရောဂါရှိသူတွေ
-အဝလွန်သူတွေ
-အရမ်းပူတဲ့အရည်တွေ သောက်နေကျသူတွေ
-သစ်သီးနဲ့ ဟင်းသီးဟင်းရွက် လုံလောက်အောင် မစားတဲ့သူတွေ
-အစာရေမျိုကြွက်သားက အကျုံ့လွန်ပြီး အစာမျိုရခက်ခဲတဲ့ ရောဂါရှိသူတွေ
-ရင်ဘတ်နဲ့ ဝမ်းဗိုက်ပိုင်းကင်ဆာရောဂါအတွက် ဓာတ်ကင်ကုသမှု ခံယူဖူးသူတွေမှာ ပိုအဖြစ်များပါတယ်။
အစာရေမျိုရောဂါ ရှိနေတယ်လို့ သံသယရှိရင် ဟုတ်မဟုတ်သေချာအောင် လုပ်ရမယ့်နည်းလမ်းက အစာအိမ်မှန်ပြောင်း ကြည့်တာပါ။ အစာအိမ်မှန်ပြောင်းကြည့်တာဟာ အိပ်ဆေးထိုးပြီး အစာလမ်းကြောင်းထဲ ထုံဆေးဖြန်းကာ ကြည့်ရပြီး ၁၀မိနစ်၊ ၁၅ မိနစ်ခန့်သာကြာတတ်ပါတယ်။ လိုအပ်ရင် အသားစပါယူပြီး ဓာတ်ခွဲခန်းပို့ကာ စစ်ဆေးကြည့်နိုင်ပါတယ်။
ကုသမှု
အစာရေမျိုကင်ဆာဟာ ကုသရခက်ခဲပေမယ့် ရောဂါအခြေအနေပေါ်မူတည်ပြီး ကင်ဆာဖြစ်တဲ့ အစိတ်အပိုင်းကို ခွဲစိတ်ဖြတ်ထုတ်လို့ ရတာလည်းရှိတတ်ပါတယ်။
ဓာတ်ကင်တာ၊ ကင်ဆာဆေးသွင်းတာ စသဖြင့် ကုသမှုတစ်မျိုးတည်း သို့မဟုတ် ၂ မျိုး၊ သုံးမျိုးတွဲပြီးလည်း လုပ်လို့ရပါတယ်။
Target medicine သို့မဟုတ် immunotherapy လို့ခေါ်တဲ့ ကိုယ်ခံအားမြှင့်တင်ပေးတဲ့ ကုသမှုကို ခွဲစိတ်ကုသလို့မရတဲ့ လူနာတွေမှာ တခြားအင်္ဂါတွေကို မြန်မြန်ပျံမ့သွားအောင် ပေးတတ်ကြပါတယ်။
နောက်ဆက်တွဲဆိုးကျိုးအနေနဲ့
အစာမျိုချလို့မရတော့တာ
နာနေတာ
ကင်ဆာအကျိတ်/အနာက သွေးထွက်တာတွေ ဖြစ်နိုင်ပါတယ်။
မဖြစ်အောင် ကာကွယ်ဖို့ဆိုရင်
ဆေးလိပ်ဖြတ်ပါ။
အရက်လျှော့သောက်ပါ။
အသီးအရွက် များများစားပါ။
အရမ်းပူတဲ့ အစားအစာတွေ စားခြင်းမှ ရှောင်ပါ။
ကိုယ်အလေးချိန် ထိန်းပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်