အဆုတ်ကို သဘာဝနည်းနဲ့ သန့်စင်ရအောင်
လူတွေဟာ မွေးလာကတည်းက သေဆုံးချိန်အထိ စက္ကန့်မလပ် အသက်ရှူသွင်းရှူထုတ် လုပ်နေကြရပါတယ်။ အသက်ရှူဖို့အတွက် အရေးအကြီးဆုံးကိုယ်အင်္ဂါအစိတ်အပိုင်းကတော့ အဆုတ်ပါပဲ။
အဆုတ်ဟာ ရှူသွင်းလိုက်တဲ့လေထဲက အောက်ဆီဂျင်ကိုယူပြီး နှလုံးနဲ့ သွေးကြောတွေကတဆင့် ခန္ဓာကိုယ်တစ်ခုလုံးက တစ်ရှူးတွေဆဲလ်တွေဆီကို ပို့ဆောင်ပေးကာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပြန်လည်သယ်ဆောင်လာပြီး ရှူထုတ်လိုက်တဲ့လေကတဆင့် ပြန်လည်စွန့်ထုတ်တဲ့ လုပ်ငန်းစဥ်ကို အဓိကလုပ်ဆောင်ပါတယ်။
ဒီလို အရေးကြီးလှတဲ့ လုပ်ငန်းကိုလုပ်ဆောင်နေရတဲ့ အဆုတ်တွေရဲ့ ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ လေထုညစ်ညမ်းခြင်းနဲ့ စီးကရက်အငွေ့တွေကြောင့် အဆုတ်ကိုထိခိုက်နိုင်ပြီး နာတာရှည်အဆုတ်ရောဂါတွေ ဖြစ်နိုင်ပါတယ်။ အဆုတ်ကိုသန့်စင်ဖို့ လုပ်ဆောင်တာဟာ ဆေးလိပ်သောက်တဲ့သူတွေ၊ ညစ်ညမ်းတဲ့လေထုကို ရှူနေရသူတွေ၊ ပန်းနာရင်ကျပ်နဲ့ နာတာရှည်အဆုတ်လေပြွန်ပြဿနာ ခံစားနေရသူတွေအတွက် များစွားအထောက်အကူ ဖြစ်စေပါတယ်။
အဆုတ်ကို သဘာဝနည်းနဲ့ သန့်စင်တယ်ဆိုတာဟာ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲတာနဲ့ လေ့ကျင့်ခန်းလုပ်တာပါပဲ။
ညစ်ညမ်းတဲ့အငွေ့တွေနဲ့ ထိတွေ့ပြီးတဲ့အခါ ရင်ထဲမှာကျပ်သလို နေမထိထိုင်မသာ ခံစားရပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ရှိတဲ့အချွဲတွေဟာ ရောဂါပိုးတွေ၊ အမှုန်အမွှားတွေကို စုစည်းထားလိုက်တဲ့အတွက် ချွဲတွေပြည့်ပြီး ရင်ကျပ်သလို၊ လည်ချောင်းယားသလို ခံစားရတာပါ။ အဲဒီချွဲတွေကို အဆုတ်ထဲက စွန့်ထုတ်ပြီး အသက်ရှူလမ်းကြောင်း ရှင်းလင်းစွာ ပွင့်သွားဖို့၊ အသက်ရှူရတာ ပိုမိုကောင်းမွန်ဖို့ လုပ်တဲ့နည်းလမ်းတွေကို ပြောပြမှာပါ။
(၁) ရေနွေးငွေ့ရှူတာ
ရေနွေးငွေ့ရှူတာဟာ အသက်ရှူလမ်းကြောင်းကို ပိုပွင့်စေသလို ချွဲတွေပျော်ဝင်ဖို့လည်း အထောက်အကူပေးပါတယ်။ ဆောင်းတွင်းလို အေးပြီးခြောက်သွေ့တဲ့ ရာသီဥတုတွေမှာ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ပိုဖြစ်ကြတာ သတိထားမိမယ်ထင်ပါတယ်။ ရာသီဥတုကြောင့်အပြင် အဲယားကွန်းခန်းထဲမှာ အမြဲနေရသူတွေလည်း အလားတူပြဿနာတွေ ဖြစ်လေ့ရှိပါတယ်။ ရေများများသောက်ဖို့ လိုသလို ရေနွေးငွေ့ရှူပေးတာက အသက်ရှူလမ်းကြောင်းကို အစိုဓာတ်လည်းပေးတာမို့ အအေးမိနှာစေးဖြစ်သူတွေ၊ အသက်ရှူလမ်းကြောင်း ပြဿနာရှိသူတွေ လုပ်သင့်ပါတယ်။
(၂) ချောင်းဆိုးတာ
ချောင်းဆိုးတာဟာ အဆုတ်ထဲက အဆိပ်အတောက်တွေနဲ့ အချွဲတွေကို ဖယ်ရှားပေးတဲ့ သဘာဝနည်းလမ်း ဖြစ်ပါတယ်။ ချောင်းဆိုးတဲ့ လေ့ကျင့်ခန်းလုပ်တာကလည်း ဒီသဘောပါပဲ။ အဆုတ်ထဲကချွဲတွေရှင်းသွားပြီး အသက်ရှူရပိုကောင်းစေမှာပါ။
ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ပြီး ခြေထောက်တွေကို ကြမ်းပြင်ပေါ်ချထားကာ ပခုံးတွေကိုလည်း လျော့ထားပါ။
လက်ပိုက်ထားပြီး နှာခေါင်းကနေ ဖြည်းဖြည်းချင်း အသက်ရှူသွင်းပါ။
ရှေ့ဘက်ကိုနည်းနည်းကိုင်းပြီး ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပါ။
အသက်ရှူထုတ်နေစဥ် ပါးစပ်ကိုဖွင့်ထားပြီး ၂ ကြိမ်၊ ၃ ကြိမ်ခန့် ချောင်းဆိုးပါ။
ပြီးရင် နှာခေါင်းကနေ ဖြည်းဖြည်းချင်း အသက်ပြန်ရှူသွင်းပါ။
ဒီလေ့ကျင့်ခန်းကို လိုအပ်သလို နားလိုက်၊ ပြန်လုပ်လိုက် လုပ်နိုင်ပါတယ်။
(၃) ကိုယ်အနေအထားနဲ့ အဆုတ်ထဲက ချွဲတွေထုတ်တာ
ဒီနည်းက ကမ္ဘာမြေရဲ့ဆွဲအားနဲ့ အဆုတ်ထဲက ချွဲတွေထွက်အောင် လုပ်တဲ့နည်းပါ။
*ကြမ်းပြင်ပေါ်မှာ ပက်လက်လဲဲပါ။ ရင်ဘတ်က ခန္ဓာကိုယ်အောက်ပိုင်းထက် နိမ့်နေအောင် တင်ပါးအောက်မှာ ခေါင်းအုံးခုထားပါ။ နှာခေါင်းကနေ ဖြည်းဖြည်းချင်း အသက်ရှူသွင်းပြီး ပါးစပ်ကနေ ရှူထုတ်ပါ။ ရှူထုတ်ချိန်ကို ရှူသွင်းချိန်ထက် ၂ ဆခန့်ကြာအောင် ဖြည်းဖြည်းချင်း ရှူထုတ်ပါ။ ဒီလေ့ကျင့်ခန်းကို မိနစ်အနည်းငယ်ကြာအောင် လုပ်ပါ။
*ပြီးရင် ဘေးတစ်ဖက်ကို စောင်းပါ။ ခေါင်းအုံး သို့မဟုတ် လက်မောင်းကို အုံးပါ။ တင်ပါးအောက်မှာ ခေါင်းအုံးထားပြီး အပေါ်ကလို ၁း၂ ရှူသွင်းရှူထုတ် မိနစ်အနည်းငယ်ခန့် လုပ်ပါ။ ပြီးရင် နောက်တစ်ဖက်စောင်းပြီး လုပ်ပါ။
*ကြမ်းပြင်ပေါ်မှာ ခေါင်းအုံးတွေ ချထားပြီး ဝမ်းဗိုက်အစာအိမ်နေရာက ခေါင်းအုံးပေါ်ရောက်အောင် အိပ်ပါ။ တင်ပါးနဲ့ဗိုက်က ရင်ဘတ်ထက် မြင့်ပါစေ။ လက်မောင်းတွေကို ခေါင်းအောက်မှာထားပြီး ၁း၂ ရှူသွင်းရှူထုတ် မိနစ်အနည်းငယ်ခန့်လုပ်ပါ။
(၄) ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
လေ့ကျင့်ခန်းလုပ်တာ၊ အားကစားလုပ်တာက ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေသလို စိတ်ဖိစီးမှုတွေလျော့တာ၊ နာတာရှည်ရောဂါတွေကနေ ကာကွယ်ပေးတာအပြင် အဆုတ်ကျန်းမာရေးအတွက်လည်း ကောင်းတာမို့ ပုံမှန်လုပ်သင့်ပါတယ်။ ပန်းနာရင်ကြပ်လို နာတာရှည်အဆုတ်ရောဂါတွေ ရှိရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့ သင့်တော်လား၊ အမောခံနိုင်လားကို ဆရာဝန်နဲ့ အရင်စစ်ဆေးသင့်ပါတယ်။
(၅) အစားအစာတွေ
အစိမ်းရောင်အရွက်တွေ၊ ဘယ်ရီသီးတွေ၊ ပဲအမျိုးမျိုး၊ အခွံမာသီးတွေ၊ ထောပတ်သီး၊ လက်ဖက်စိမ်း၊ သံလွင်ဆီ နဲ့ နနွင်းတို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပြီး ရောင်ရမ်းခြင်း သက်သာစေတဲ့ အစားအစာတွေ များများစားပေးရပါမယ်။
(၆) ရင်ဘတ်ကို အသာအယာပုတ်ပေးတာ
Covid ကာလတုန်းက အသက်ရှူလေ့ကျင့်ခန်း ဗီဒီယိုတွေထဲမှာ ရင်ဘတ်ကို ပုတ်ပေးတာမျိုးပါတာ သတိထားမိမယ် ထင်ပါတယ်။ ရင်ဘတ်ပုတ်ပေးခြင်းဖြင့် ချွဲတွေပျော်စေပြီး အသက်ရှူလမ်းကြောင်းကို ရှင်းစေပါတယ်။ ရင်ဘတ်ပုတ်ပေးတာဟာ မှန်ကန်တဲ့ နည်းစနစ်လိုအပ်တာမို့ နားလည်တတ်ကျွမ်းတဲ့သူနဲ့ သေချာသင်ယူပြီးမှ လုပ်သင့်ပါတယ်။
အထက်ပါနည်းလမ်းတွေအပြင် ဆေးလိပ်ဖြတ်တာ၊ လေထုညစ်ညမ်းတဲ့ နေရာတွေ ရှောင်တာ၊ အလုပ်ခွင်က အဆုတ်ကျန်းမာရေးအတွက် မသင့်တော်ရင် (ဥပမာ ကျောက်မီးသွေးတွင်း၊ ဘိလပ်မြေစက်ရုံ) အလုပ်ပြောင်းတာမျိုး လုပ်ပါမှ အဆုတ်က ကျန်းမာနိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်