နေထိုင်စားသောက်မှုပုံစံပြောင်းခြင်းဖြင့် ဆီးချိုထိန်းရအောင်
ကမ္ဘာကြီးဟာ တိုးတက်လာတာနဲ့အမျှ လိုက်ပြီးတိုးတက်လာတာက အမျိုးမျိုးသော ရောဂါတွေပဲ ဖြစ်သည်။ ကိုးဆယ့်ခြောက်ပါးမက ကိုးရာ့ခြောက်ဆယ်ထက်လည်းသာ ကိုးသိန်းခြောက်သောင်းထက်ပင် ကျော်နိုင်လောက်သည့် ဆန်းပြားသော ရောဂါတွေကို စမ်းသပ်ရှာဖွေ တွေ့ရှိလာကြသည်။
ဘယ်လိုပင် ရောဂါသစ်တွေတွေ့တွေ့ နှလုံး၊ သွေးတိုး၊ ဆီးချိုတွေက ထိပ်တန်းက မဆင်းပါ။ လူနာသစ်တွေသာ တရိပ်ရိပ် တိုးလာလျက်ရှိသည်။
ဘာကြောင့်လဲ? ။ တိုးတက်လာတာနဲ့အမျှ အားအင်ကုန်ခမ်းစရာမလိုဘဲ လွယ်လွယ်ကူကူလုပ်လို့ရသည့် အရာတွေများလာသည်။ အရင်က လမ်းလျှောက်သွားရမည့်နေရာက အခုဆိုင်ကယ်နဲ့ သွားသည်၊ ကားနဲ့သွားသည်။ ကွန်ပြူတာတစ်လုံးရှိရင် တကမ်ဘာလုံးကို ဆက်သွယ်လို့ ရသည်။ အင်တာနက်ပေါ်မှာ ကြည့်ရှုလေ့လာစရာတွေကများ၊ ဂိမ်းကစားချိန်တွေကများနဲ့ အလှုပ်အရှားနည်းလာရသည့်အထဲ အဆီအဆိမ့်တွေ၊ အချိုတွေ၊ ရယ်ဒီမိတ် အစားအစာတွေ အစားများလာကြသည်က ထိုရောဂါတွေ ပိုဖြစ်စေသည့် အကြောင်းရင်းတွေပဲ ဖြစ်သည်။
ထို့ကြောင့် သူဌေးရောဂါဟုပင် တခါတရံ ခေါ်တတ်ကြသည်။ အဆီအစိမ့်အချိုတွေစားပြီး မလှုပ်မရှားအခန့်သားနေ၍ ဖြစ်သည့်ရောဂါ မဟုတ္လား။ အထူးသဖြင့် ဆီးချိုရောဂါသမားတွေဟာ အဝလွန်ခြင်းနှင့်ပါ တွဲနေတတ်ပြီး သွေးတိုးနှလုံးရောဂါများ ဖြစ်နိုင်ခြေလည်း များပါသည်။
သွေးတွင်းအချိုဓာတ်ထိန်းသည့်ဆေးများ သုံးစွဲရုံနှင့် မလုံလောက်ဘဲ အနေအထိုင်အစားအသောက်ပုံစံကို ပြုပြင်ပြောင်းလဲမှသာ ကျန်းမာပြီး နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်မှာပါ။
ဘာတွေလုပ်ရမလဲ?
(1) ကျန်းမာရေးနှင့် ညီအောင်စားပါ
ကျန်းမာအောင် စားမှ သွေးတွင်းအချိုဓာတ်ကို ထိန်းနိုင်မှာ ဖြစ်သည်။ ဆီးချိုရောဂါရှင်တွေ စားသောက်သင့်သည့်ပုံစံ ဖြစ်သည့် ပုံမှန်ပန်းကန်ပြားရဲ့ တစ်ဝက်ကို ဟင်းသီးဟင်းရွက်၊ လေးပုံတစ်ပုံကို အသားနှင့် ကျန်လေးပုံတစ်ပုံကိုသာ ထမင်းစားသည့်အကျင့်ကို လုပ်ပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေ များများစားပါ။ အဆီထုတ်ထားသည့်နို့၊ ဒိန်ချဉ်နဲ့ ပဲနို့ကို ရွေးချယ်သောက်ပါ။ ဆီကြော်များ၊ အချိုနှင့် အငန်လွန်ကဲသော အစားအစာများ၊ ရယ်ဒီမိတ်အစားအစာများ၊ အချိုရည်နှင့် energy drink များကို ရှောင်ပါ။ ထမင်း၊ ခေါက်ဆွဲတို့ကဲ့သို့သော ကစီဓာတ်များသည့် ကာဗိုဟိုက်ဒရိတ်များကို သကြားဓာတ်အဖြစ် ပြောင်းလဲတာဖြစ်၍ အစာစားတိုင်း ကာစီဓာတ္ကို ချင့်ချိန်၍ စားပါ။
(2) လေ့ကျင့်ခန်းလုပ်ပါ
သင့်မှာ ဆီးချိုရှိရင် ထိုင်နေရမယ့်အချိန် မဟုတ်တော့ပါဘူး။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားပါ။ Gym သွားမှ၊ အေရိုးဗစ်လုပ်မှ မဟုတ်ပါဘူး။ လမ်းလျှောက်တာ၊ ပြေးတာ၊ လှေကားအတက်အဆင်းလုပ်တာ၊ ယောဂကျင့်တာ၊ အားကစားလုပ်တာ ဘာဖြစ်ဖြစ်ရပါတယ်။ အဓိကက ကိုယ်လက်လှုပ်ရှား ချွေးတွေဘာတွေထွက်ပြီး ကယ်လိုရီတွေ လောင်ကျွမ်းဖို့ပဲ လိုတာပါ။ တစ်နေ့ကို နာရီဝက်ခန့်ပုံမှန်လုပ်ရင် လုံလောက်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်သလို အဆီပိုတွေလောင်ကျွမ်းပြီး သွယ်လျလှပကာ နှလုံးသွေးတိုးရောဂါတွေကိုလည်း ကာကွယ်နိုင်မှာပါ။
(3) စိတ်ဖိစီးမှု လျှော့ချပါ
လူမှန်ရင် စိတ်ဖိစီးမှု အနည်းနဲ့အများတော့ ရှိတတ်မှာပါ။ စိတ်ဖိစီးမှုတွေများတဲ့အခါ သွေးတွင်းသကြားဓာတ်လည်း မြင့်တက်လာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ရှိလာရင် တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ ရင်းနှီးရတဲ့သူကို ရင်ဖွင့်တာ၊ အိပ်လိုက်တာ ဘယ်နည်းနဲ့ဖြစ်ဖြစ် ကိုယ်အဆင်ပြေတဲ့နည်းနဲ့ အမြန်ဆုံး လျှော့ချပါ။ လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
(4) ပုံမှန် စစ်ဆေးမှုလုပ်ပါ
သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်မှန်မှန် စစ်ဆေးပါ။ တစ်နှစ်မှာ အနည်းဆုံးနှစ်ခါ medical check up လုပ်ပါ။ သွေးတွင်းကိုလက်စထရော၊ နှလုံး၊ ကျောက်ကပ်၊ မျက်စိနဲ့ အာရုံကြောတွေကို အဓိကထား စစ်ဆေးရပါမယ်။ ဆရာဝန်နဲ့လည်း ပုံမှန်ပြသတိုင်ပင်ပါ။
(5) အရက်သောက်တတ်ရင် ချင့်ချိန်ပါ
အရက်မသောက်ရင်တော့ အကောင်းဆုံးပါ။ တကယ်လို့ မဖြတ်နိုင်ရင်လည်း အလွန်အကျွံသောက်ခြင်းမှ ရှောင်ပါ။ အရက်သောက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို အလွန်အမင်းကျဆင်းသွားတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အင်ဆူလင်နဲ့ ဆီးချိုကျဆေးတွေ သုံးစွဲနေရသူဆိုရင် အရက်သောက်ရင်း အမြည်းများများစားပါ။ ဝိုင်မှာ ကာဗိုဟိုက်ဒရိတ်ပိုများလို့ ချင့်ချိန်၍သောက်ပါ။ ဖြစ်နိုင်ရင် အရက်မသောက်ခင်နဲ့ သောက်ပြီးချိန် သွေးတွင်းသကြားဓာတ် စစ်ပါ။
(6) ဆေးလိပ်ဖြတ်ပါ
ဆီးချိုရောဂါဟာ နှလုံး၊ သွေးတိုး၊ မျက်စိ၊ ကျေက်ကပ်၊ သွေးကြောရောဂါ၊ အာရုံကြောထိခိုက်ပျက်စီးခြင်းနဲ့ ခြေထောက်အနာဖြစ်တာ၊ အနာမကျက်တာ စတဲ့ နောက်ဆက်တွဲပြဿနာမျိုးစုံ ဖြစ်နိုင်ပြီး ဆေးလိပ်သောက်ရင်တော့ ထိုနောက်ဆက်တွဲ ပြဿနာတွေကို ပိုလို့ဆိုးစေမှာမို့ ဆေးလိပ်ဖြတ်ကိုဖြတ်ဖို့ သင့်ပါတယ်။ ဆေးလိပ်ဟာ ကင်ဆာနဲ့ တခြားရောဂါများစွာကိုလည်း ဖြစ်စေတာမို့ မပြတ်နိုင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာဖြတ်ပါ။
ဆီးချိုဟာ ကုသလို့ပျောက်ကင်းနိုင်တဲ့ ရောဂါမဟုတ်ပေမယ့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတွင်း ထိန်းညှိထားနိုင်ရင် နောက်ဆက်တွဲရောဂါတွေမဝင်ဘဲ သက်တမ်းစေ့နေနိုင်မှာမို့ အထက်ပါအတိုင်း နေထိုင်စားသောက်မှုပုံစံ ပြောင်းခြင်းဖြင့် ကျန်းမာတဲ့ဆီးချိုရောဂါရှင်များ ဖြစ်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်