ရုတ်တရက် ထလိုက်ရင် မူးသွားတာ စိုးရိမ်ရလား
အိပ်နေရာကနေ ဒါမှမဟုတ် ထိုင်နေရာကနေ ရုတ်တရက်ထလိုက်တဲ့အခါ မူးမိုက်ပြာဝေပြီး ကြယ်တွေလတွေမမြင်ဘဲ မှောင်မိုက်ကျသွားတာမျိုး ဖြစ်ဖူးကြသလား??
အဲလိုဖြစ်တဲ့အခါ ကြောက်လန့်ပြီး ငါ့မှာဘာရောဂါတွေ ရှိနေပြီလဲမသိ၊ နှလုံးမကောင်းတာလား၊ ဦးနှောက်ထဲမှာ ကျူမာအကျိတ်ရှိနေလို့လား၊ ဦးနှောက်သွေးကြောပြတ်တော့မှာလား စတဲ့မေးခွန်းတွေနဲ့ စိုးရိမ်တုန်လှုပ်သွားတာမျိုးရော ဖြစ်ဖူးကြလား??
ဖြစ်ဖူးကြတယ် ဒါမှမဟုတ် ဘာကြောင့်ဖြစ်လဲသိချင်တယ်ဆိုရင် အဆုံးထိ ဆက်ဖတ်လိုက်ကြရအောင်နော်။
ရုတ်တရက် ထလိုက်ရင်မူးသွားတာကို ဆေးပညာမှာ orthostatic hypotension or postural hypotension လို့ခေါ်ပြီး အိပ်နေရာ သို့မဟုတ် ထိုင်နေရာကနေ ရုတ်တရက်ထလိုက်တဲ့အခါ သွေးပေါင်ကျသွားတဲ့အတွက် ဖြစ်တာပါ။
ခေါင်းမူးသွားတာ၊ ခေါင်းကိုက်တာ၊ မျက်စိတွေပြာဝေသွားတာ၊ မူးမေ့လဲသွားတာမျိုး ဖြစ်တတ်ပြီး အများအားဖြင့် မိနစ်ပိုင်းမျှသာကြာတဲ့ ယာယီဖြစ်ခြင်းမျိုးပါ။ တကယ်လို့ အချိန်ကြာကြာဖြစ်တယ်၊ မကြာခဏဖြစ်တယ်ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။
ဘာကြောင့်ဖြစ်သလဲ?
ထိုင်နေရာ၊ အိပ်နေရာကနေ ရုတ်တရက်ထလိုက်တဲ့အခါ ကမ္ဘာမြေရဲ့ဆွဲအားကြောင့် ဝမ်းဗိုက်နဲ့ ခြေထောက်တွေမှာ သွေးတွေပိုစုသွားပြီး နှလုံးကို သွေးပြန်လည်စီးဆင်းမှု ရုတ်တရက်နည်းသွားတဲ့အတွက် သွေးပေါင်ပြုတ်ကျသွားပါတယ်။
နှလုံးနဲ့လည်ပင်းအနီးတဝိုက်က သွေးကြောတွေမှာရှိတဲ့ baroreceptors လို့ခေါ်တဲ့ဆဲလ််တွေက သွေးပေါင်ကျတာကိုသိပြီး ဦးနှောက်ကိုအချက်ပြသတင်းပို့လိုက်တဲ့အခါ နှလုံးကိုပိုပြီးမြန်မြန်ခုန်ကာ သွေးတွေပိုညှစ်ထုတ်နိုင်အောင်၊ သွေးကြောတွေကိုကျဥ်းစေပြီး သွေးပေါင်မြန်မြန်တက်အောင် လုပ်ဆောင်ပေးပါတယ်။
အဲဒီလုပ်ငန်းစဥ်ကို နှောက်ယှက်ဟန့်တားတဲ့ တစုံတရာရှိလာတဲ့အခါ အဆိုပါ postural hypotension ဆိုတာ ဖြစ်လာတာပါပဲ။
(1) ရေဓာတ်ခန်းခြောက်တဲ့အခါ
အဖျားရှိတာ၊ အန်တာ၊ ဝမ်းလျှောဝမ်းပျက်ဖြစ်တာ၊ ချွေးထွက်လွန်တာတွေကြောင့် ရေဓာတ်ခန်းခြောက်တတ်ပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးပမာဏလည်း နည်းသွားပြီး ရုတ်တရက်ထလိုက်တဲ့အခါ သွေးပေါင်ကျသွားတာကို ချက်ချင်းပြန်တက်အောင် မလုပ်နိုင်တဲ့အတွက် မူးမိုက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။
(2) နှလုံးရောဂါရှိတဲ့အခါ
ပုံမှန်ထက်နှလုံးခုန်နှုန်းနှေးနေတာ၊ နှလုံးအဆို့ရှင် မကောင်းတာ၊ နှလုံးအမောဖောက်တာ၊ နှလုံးပျက်စီးတာ စတဲ့နှလုံးပြဿနာတွေ ရှိနေရင်လည်း နှလုံးကသွေးကို ညှစ်မထုတ်နိုင်တဲ့အတွက် ဖြစ်တတ်ပါတယ်။ အသက်ရှူကြပ်တာ၊ မောတာ၊ ခြေတွေလက်တွေဖောတာ၊ ခြေလက်နဲ့ နှုတ်ခမ်းတွေ ပြာတာ၊ ဆီးနည်းတာမျိုးလည်း တွဲတွေ့ရနိုင်ပါတယ်။
(3) ဟော်မုန်းပြဿနာတွေ ရှိတဲ့အခါ
သိုင်းရွိုက်ဂလင်း၊ အက်ဒရီနယ်ဂလင်းနဲ့ မုန့်ချိုအိတ်ကနေ ထုတ်တဲ့ဟော်မုန်းတွေ မညီမျှမှုကြောင့်လည်း ရုတ်တရက်ထရင် မူးတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ မုန့်ချိုအိတ်ကနေ အင်ဆူလင်ထုတ်တာများတဲ့အခါ သွေးတွင်းသကြားဓာတ်ကျပြီး မူးဝေတတ်ပါတယ်။
(4) အာရုံကြောရောဂါတွေရှိတဲ့အခါ
ပါကင်ဆွန်ရောဂါ၊ သူငယ်ပြန်ရောဂါ၊ အလိုအလျောက်အာရုံကြောတုံ့ပြန်မှုချို့ယွင်းတဲ့ရောဂါ စတဲ့ရောဂါတွေမှာ ခန္ဓာကိုယ်က သွေးပေါင်ကိုထိန်းညှိနိုင်စွမ်းကို ပျက်စီးစေလို့ ရုတ်တရက်မူးဝေတတ်တာပါ။
(5) အစာစားပြီးတဲ့အခါ
တချို့လူကြီးတွေမှာ အစာစားပြီးချိန် သွေးပေါင်ကျတတ်ပါတယ်။
အဖြစ်များတဲ့သူတွေက ဘယ်သူတွေလဲ?
- အသက် ၆၅ နှစ်နဲ့အထက် လူကြီးတွေ
- သွေးကျဆေး၊ ဆီးဆေးနဲ့ နှလုံးဆေးတချို့ ပုံမှန်သောက်နေရသူတွေ
- ပါကင်ဆွန်ရောဂါ၊ စိတ်ကျရောဂါမှာ ပေးတဲ့ဆေးတွေနဲ့ တချို့စိတ်ရောဂါဆေးတွေ၊ မူးယစ်ဆေးတွေ သုံးစွဲသောက်သုံးထားသူတွေ
- နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူတွေ
- ဆီးချိုရောဂါနဲ့ အာရုံကြောရောဂါရှိသူတွေ
- နေမကောင်းလို့ အိပ်ယာမှာ ကြာရှည်လှဲနေရသူတွေ
- ပူအိုက်တဲ့ပတ်ဝန်းကျင်မှာနေသူ သို့မဟုတ် ချွေးထွက်များတတ်သူတွေ
- အရက်သောက်ထားတဲ့သူတွေမှာ အဖြစ်များပါတယ်။
ရုတ်တရက် ထလိုက်တိုင်းအမြဲလို မူးဝေတတ်တဲ့သူဟာ နှလုံးရောဂါ အခံရှိတာကြောင့် ဖြစ်နိုင်သလို မူးဝေတဲ့အချိန် ဦးနှောက်ကို သွေးစီးဆင်းမှု နည်းသွားတဲ့အတွက် လေဖြတ်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။
မူးဝေတဲ့အချိန် ဘာမှမမြင်ဘဲ လဲကျခိုက်မိခြင်းကြောင့် ထိခိုက်ဒဏ်ရာရတာ၊ အရိုးကျိုးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် တခါတလေ ဖြစ်တတ်တာဆို ကိစ္စမရှိပေမယ့် မကြာခဏ မူးဝေနေရင် ဘာကြောင့်ဖြစ်သလဲ သိအောင်စစ်ဆေးပါ။
ရေဓာတ်ခန်းခြောက်တာဆိုရင် ရေများများသောက်ပါ၊ ဓာတ်ဆားသောက်ပါ။
ရောဂါအခံတွေကြောင့် ဟုတ်မဟုတ်သိအောင်၊ ဆေးတွေကြောင့်ဆိုရင် ဆေးပြောင်းလဲလို့ရမရ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်