အသည်းအတွက် စူပါအစားအစာများ
နေ့စဥ်နေ့တိုင်း စားလိုက်တဲ့အစားအစာတွေထဲက အဆီ၊ အသားနဲ့ ကာဗိုဟိုက်ဒရိတ်တွေရဲ့ ဇီဝလုပ်ငန်းစဥ်တွေကို အသည်းက လုပ်ဆောင်ပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်တွေကို ထုတ်လုပ်ပေးပါတယ်။
ဒါ့အပြင် သောက်လိုက်တဲ့ဆေးတွေကိုလည်း အသည်းကတဆင့် ခန္ဓာကိုယ်အတွက် လိုအပ်တာတွေကို သွေးကြောထဲကို ပြန်ပို့ပေးပြီး မလိုအပ်တဲ့ အဆိပ်အတောက်တွေကို အသည်းနဲ့ ကျောက်ကပ်ကနေ ပြန်ပြီး စွန့်ထုတ်ပေးတာမို့ လူတစ်ယောက်မှာ အသည်းကျန်းမာနေဖို့က အလွန်အရေးကြီးလှတဲ့ အရာပါ။
အသည်းကျန်းမာနေစေဖို့ ဆောင်ရန်ရှောင်ရန်တွေထဲမှာ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ဖို့လည်း ပါပါတယ်။ ဒီဆောင်းပါးထဲမှာတော့ အသည်းအတွက် စားသင့်တဲ့ စူပါအစားအစာတွေကို ပြောပြပေးမယ်နော်။
(1) ကော်ဖီ
ကော်ဖီဟာ အသည်းထဲမှာ အဆီစုခြင်းကို ကာကွယ်ပေးနိုင်လို့ အသည်းအဆီဖုံးရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကော်ဖီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ထွက်စေတာမို့ အသည်းကင်ဆာနဲ့ နာတာရှည်အသည်းရောဂါတွေ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
(2) ကြက်သွန်ဖြူ
ကြက်သွန်ဖြူကလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါလို့ ကင်ဆာရောဂါတွေ ကာကွယ်နိုင်တာ အတော်များများ သိပြီးသားဖြစ်မှာပါ။ ကြက်သွန်ဖြူက အဆီကိုလည်း ကျစေတာကြောင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးပါတယ်။
(3) လက်ဖက်စိမ်း green tea
Green tea သောက်တာက အသည်းကင်ဆာအပါအဝင် ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(4) စပျစ်သီး
စပျစ်သီးရဲ့ အခွံရော အသားနဲ့အစေ့မှာပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါလို့ ကင်ဆာအမျိုးမျိုးကနေ ကာကွယ်နိုင်တဲ့အပြင် နုပျိုလှပစေပါတယ် ။ ယခုနောက်ပိုင်းအားဆေးတွေ၊ အလှအပဆိုင်ရာ ဖြည့်စွက်စာတွေမှာလည်း grape seeds extract ကို ထည့်သွင်းအသုံးပြုလာကြပါတယ်။
(5) ဘယ်ရီသီး
ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီနဲ့ ကရမ်ဘယ်ရီတို့လို ဘယ်ရီသီးတွေမှာ ပေါ်လီဖီနောလ်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပြီး အသည်းကို ကျန်းမာစေလို့ အစိမ်းစားတာဖြစ်ဖြစ်၊ ဖျော်သောက်တာဖြစ်ဖြစ် လုပ်သင့်ပါတယ်။
(6) ဂရိတ်ဖရုသီး
ဂရိန်ဖရုသီးမှာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး အသည်းရဲ့ဆဲလ်တွေကို ကာကွယ်ပေးသလို ရောင်ရမ်းတာကိုလည်း လျှော့ချပေးပါတယ်။ ဂရိတ်ဖရုသီးဟာ အသည်းမှာ ဇီဝလုပ်ငန်းစဥ်လုပ်ပြီး ချေဖျက်ပေးရတဲ့ ဆေးတော်တော်များများနဲ့ ဓာတ်ပြုခြင်းရှိတတ်လို့ ပုံမှန်စွဲသောက်နေရတဲ့ဆေးတွေ ရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပါ။
(7) အုတ်ဂျုံ
အုတ်ဂျုံမှာပါတဲ့ beta-glucans ဟာ ကိုယ်ခံအားကို ကောင်းစေပြီး ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝလို့ အစာခြေခြင်းအတွက် အသုံးဝင်သလို အသည်းကိုလည်း အကျိုးပြုပါတယ်။
(8) အဆီများတဲ့ငါး
အဆီများတဲ့ငါးတွေမှာပါတဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်က နှလုံး၊ အသည်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကျိုးပေးပါတယ်။ အသည်းအဆီဖုံးတာကို လျော့ကျစေသလို ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ ငါးကိုစားနိုင်သလို ဖြည့်စွက်စာအနေနဲ့ ငါးကြီးဆီကို သောက်သုံးလို့လည်း ရပါတယ်။
(9) သံလွင်ဆီ
သံလွင်ဆီမှာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်လို့ အသည်းရဲ့လုပ်ငန်းတွေကို တိုးတက်စေပြီး စားသုံးသင့်တဲ့ အဆီဖြစ်ပါတယ်။
(10) အခွံမာသီး
ကျန်းမာချင်ရင် အခွံမာသီးနေ့တိုင်း စားပါလို့ အဆိုရှိပါတယ်။ အခွံမာသီးမှာ ဗိုက်တာမင်အီး၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ unsaturated fatty acids တွေပါလို့ အသည်းအဆီဖုံးတာနဲ့ အသည်းရောင်တာတွေအတွက် စားသင့်ပါတယ်။
အထက်ပါအစားအစာတွေအပြင် ထောပတ်သီး၊ ငှက်ပျောသီး၊ သကြားမုန်လာ၊ မုန်လာဥနီ၊ ဖရဲသီး၊ သေင်္ဘာသီး၊ သံပရိုသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဆလပ်ရွက်၊ ဆန်လုံးညို စတာတွေကလည်း အသည်းကျန်းမာရေးအတွက် ကောင်းတာမို့ နေ့စဥ်စားတဲ့အစားအစာတွေထဲမှာ တတ်နိုင်သမျှ ပါဝင်အောင် စားသင့်ပါတယ်။
ရှောင်သင့်တာကတော့
- ဆီကြော်တွေ၊ အဆီအစိမ့်တွေ
- ရယ်ဒီမိတ်အစားအစာတွေ
- ဆားနဲ့ သကြားလွန်ကဲတဲ့အစားအစာတွေ
- အရက်နဲ့ ဆေးလိပ်တို့ကို ရှောင်သင့်ပါတယ်။
အသည်းကျန်းမာဖို့ အနေအထိုင်အပြင် အစားအသောက်ကလည်း အရေးကြီးတာမို့ ဖော်ပြထားတဲ့ စူပါအစားအစာတွေ စားခြင်းဖြင့် ကျန်းမာတဲ့အသည်းလေးကို ပိုင်ဆိုင်ကြရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်