လေထိုးလေအောင့် မကြောက်နဲ့
လေကို ပုံမှန်အစာခြေစနစ်မှာ လိုအပ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ ပုံမှန်အားဖြင့် လေတွေရှိနေပြီး လေချဥ်တက်တာနဲ့ လေလည်တာဟာလည်း သဘာဝပါပဲ။
အစာလမ်းကြောင်းထဲက လေတွေဟာ လေချဥ်တက်ခြင်း၊ လေလည်ခြင်းအားဖြင့် အပြင်ကို ထွက်မလာနိုင်ဘဲ အထဲမှာပဲ လှည့်ပတ်နေတဲ့အခါ လေထိုးလေအောင့်နာ ခံစားရပါတော့တယ်။ လေထိုးလေအောင့် မကြောက်နဲ့ဆိုပေမယ့်လည်း သေလုမတတ်နာကျင်တာကို တကယ်ခံစားရတဲ့သူမှ သိနိုင်တာပါ။ ရှေးက သံဃာတော်တွေတောင် လေနာရောဂါထလို့ ပျံလွန်တော်မူရတဲ့အကြောင်း ဇာတ်တော်တွေထဲမှာ ဖတ်ဖူးပါတယ်။ လေတွေက အပြင်ကို မထွက်နိုင်ဘဲ အထဲမှာမွှေ့ပြီး လှည့်ပတ်နေတာကို ခံနိုင်ရည်ရှိဖို့က တကယ်မလွယ်လှပါဘူး။
အစာစားတဲ့အခါ အရည်သောက်တဲ့အခါ မျိုချမိတဲ့လေတွေက အစာအိမ်ထဲကို ရောက်ပါတယ်။ အစာအိမ်ထဲက လေတွေကို လေချဥ်တက်တဲ့အခါ ပြန်စွန့်ထုတ်ပါတယ်။
အူသိမ်ထဲက မခြေလိုက်တဲ့ အမျှင်ဓာတ်၊ ကစီဓာတ်နဲ့ သကြားဓာတ်တွေကို အူမကြီးထဲမှာ အစာခြေပြီး အူမကြီးထဲရှိ ဘက်တီရီးယားတွေက လေတွေကိုထုတ်ပေးပါတယ်။ အဲဒီလေတွေထဲက တချို့က ဘက်တီးရီးယားတွေက ပြန်စားသုံးပြီး ကျန်တဲ့လေတွေကို စအိုမှတဆင့် လေလည်ရင်းစွန့်ထုတ်ပါတယ်။
- လေချဥ်တက်တာ
- ဝမ်းဗိုက်ကြီးကယ်နေတာ
- ဝမ်းဗိုက်က ဖောင်းလာတာ
- လေတွေက ဗိုက်ထဲမှာ လှည့်ပတ်နေပြီး နာနေအောင့်နေတာ
- တခါတရံ ခါးတွေပါ နာနေတတ်တာက လေထိုးလေအောင့်တာရဲ့ ပုံမှန်လက္ခဏာတွေပါပဲ။
- လျက်ဆားပဲလျက်လျက်၊ Kremil-S, Air X, Digene တို့လို့ အင်္ဂလိပ်ဆေးတွေပဲစားစား သိပ်မကြာခင် လေလည်ပြီး သက်သာသွားလေ့ရှိပါတယ်။
မကြာခဏ လေထိုးလေအောင့်တာနဲ့အတူ
- ဝမ်းသွားရင် သွေးပါလာတာ
- ဝမ်းသွားကျင့်ပြောင်းလာတာ
- မကြာခဏ ဝမ်းချုပ်လာတာ သို့မဟုတ် ဝမ်းလျှောလာတာ
- ပျို့အန်တာ
- ကိုယ်အလေးချိန်ကျလာတာ
- ဝမ်းဗိုက်က တောက်လျှောက်အောင့်နေတာ
- ရင်ဘတ်ပါအောင့်လာတာ ဆိုရင်တော့ ဆေးရုံဆေးခန်း ချက်ချင်းသွားသင့်ပါတယ်။
ဘာကြောင့် လေအောင့်တတ်သလဲ?
အဖြစ်အများဆုံးကတော့ အစားအစာကြောင့်ပါ။
အမျှင်ဓာတ်များတဲ့ အစားအစာတွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက လေအောင့်စေပါတယ်။ ဒါပေမယ့် အမျှင်ဓာတ်များတဲ့ အစားအစာတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တာမို့ ချင့်ချိန်ပြီးတော့ စားသုံးရပါမယ်။
လက်ဖက်နဲ့ လက်ဖက်ရည်၊ ကော်ဖီတွေကလည်း လေချုပ်စေပါတယ်။
ဆိုဒါတို့ ဘီယာတို့လို ဂတ်စ်ပါတဲ့ သောက်စရာတွေ နဲ့ ဂတ်စ်ပါတဲ့ အချိုရည်အမျိုးမျိုးကလည်း လေအောင့်စေတဲ့ အကြောင်းတရားတွေပါ။
စားသောက်တဲ့အကျင့် ဥပမာ မြန်မြန်နဲ့အလောတကြီးစားတာ၊ ပိုက်နဲ့စုပ်သောက်တာ၊ ချိုချဥ်ကို စုပ်စားတာ၊ ပီကေဝါးတာ စတာတွေက လေကိုပိုပြီး မျိုချမိစေလို့ ဝမ်းဗိုက်ထဲမှာ လေများစေပါတယ်။
ရောဂါတွေအနေနဲ့
အူရောင်တာ၊ အူမှာအနာဖြစ်တာတွေက အူထဲမှာလေတွေ များစေပါတယ်။
အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ ပုံမှန်ထက်ကို များနေရင်လည်း လေအောင့်တာ၊ ဝမ်းလျှောတာနဲ့ ကိုယ်အလေးချိန်ကျတာတွေ ဖြစ်စေပါတယ်။
ဝမ်းချုပ်ဝမ်းမသွားနိုင်ရင်လည်း လေပါမလည်နိုင်လို့ လေထိုးလေအောင့် ဖြစ်တတ်ပါတယ်။
အကြမ်းအားဖြင့် ပြောရရင်တော့ လေထိုးလေအောင့်တာဟာ အစားအသောက်ကြောင့်နဲ့ ဝမ်းချုပ်တာကြောင့် အဖြစ်များပြီး လေဆေးသောက်လိုက်လို့ လေလည်ရင် သက်သာသွားတတ်ပါတယ်။ ဘယ်လိုမှ မသက်သာဘဲ အထက်မှာ ဖော်ပြထားတဲ့ စိုးရိမ်ရတဲ့ လက္ခဏာတွေနဲ့ တွဲနေရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး အကြောင်းရင်းကို ရှာဖွေသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
Htet Lin Naing 24 Mar 2023 |
အခုတလောအစားစားpရင်လေဘဲလေနေတယ် ပါးစပ်ကလဲလေထွက်တယ် ဆီးကမနက်အိပ်ရာထလို့သွားရင် အရောင်နည်းနည်းရင့်တယ် ကျန်တဲ့အချိန်မရင့်ဘူးရေလည်းများများသောက်ပါတယ်