ရေဖျဥ်းစွဲတာ ဘာကြောင့်လဲ
နေ့စေ့လစေ့ကိုယ်ဝန်လို့ ထင်ရလောက်တဲ့အထိ ဗိုက်ကြီးတွေဖောင်းပြီး ရေဖျဥ်းစွဲနေတဲ့ ယေကျ်ားမိန်းမတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ရှေးလူကြီးတွေက ထမင်းစားပြီးစ ရေချိုးရင် ရေဖျဥ်းစွဲတတ်တယ်ပြောလို့ ထမင်းစားပြီးချိန် အရမ်းပူအိုက်နေရင်တောင် ရေမချိုးရဲကြမျိုးရော ဖြစ်ဖူးကြမလား မသိ။
ဒါဆိုရင် ထမင်းစားပြီးစ ရေချိုးရင် တကယ်ရေဖျဥ်းစွဲသလား၊ ရေဖျဥ်းစွဲတာ ဘာကြောင့်လဲဆိုတာ ပြောပြမှာမို့လို့ အဆုံးထိ ဆက်ဖတ်လိုက်ကြရအောင်နော်။
ဘာ့ကြောင် ရေဖျဥ်းစွဲတာလဲ?
ဝမ်းဗိုက်ထဲမှာရှိတဲ့ အစာအိမ်၊ အူတွေ၊ အသည်း၊ ကျောက်ကပ်၊ ဘေလုံး၊ မုန့်ချိုအိတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို peritoneum လို့ခေါ်တဲ့ အဖုံးအကာတစ်ခုနဲ့ အုပ်ထားပြီး peritoneum မှာ အလွှာနှစ်ခုပါဝင်ပါတယ်။ အဲဒီအလွှာနှစ်ခုကြားမှာ အရည်တွေအများကြီး စုလာတာကို ရေဖျဥ်းစွဲတယ်လို့ ခေါ်တာပါ။
အသည်းက ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့အခါ အသည်းရဲ့သွေးပြန်ကြောတွေထဲမှာ ဖိအားများလာပြီး သွေးပြန်ကြောထဲက အရည်တွေကို ဝမ်းဗိုက်ထဲကို စိမ့်ထွက်စေတဲ့အတွက် အရည်တွေစုလာတာပါ။
ပုံမှန်ကျန်းမာတဲ့သူတွေမှာ ရေဖျဥ်းစွဲလေ့မရှိပါဘူး။
ရေဖျဥ်းစွဲတာရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ အသည်းခြောက်တဲ့ သူတွေမှာ ဖြစ်လေ့ရှိပါတယ်။
အသည်းခြောက်တာကို အများဆုံးဖြစ်စေတာကတော့
- အသည်းအဆီဖုံးတဲ့သူတွေ
- အရက်ကို စွဲသောက်တဲ့သူတွေ
- အသည်းရောင် ဘီပိုးစီပိုးရှိတဲ့သူတွေ
- ကိုယ်ခံအားနဲ့ဆိုင်တဲ့ အသည်းရောင်ရောဂါရှိသူတွေပါ။
အထက်ပါ အသည်းရောဂါတွေအပြင်
- နှလုံးအလုပ်မလုပ်နိုင်တော့တာ
- ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တာ
- ဝမ်းဗိုက်နဲ့ တင်ပဆုံရိုးအတွင်းက အင်္ဂါတွေ ကင်ဆာဖြစ်တာ
- ရောဂါပိုးဝင်တာတွေကြောင့်လည်း ရေဖျဥ်းစွဲနိုင်ပါတယ်။
လက္ခဏာတွေအနေနဲ့
- ဝမ်းဗိုက်ကြီးဖောင်းကားနေတာအပြင်
- မောပန်းနွမ်းနယ်နေတာ
- ထိုင်ရထရခက်တာ
- အသက်ရှူမြန်တာ
- ခြေထောက်တွေရောင်တာ
- ခါးနာတာ
- အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာတွေသာမက နှလုံးနဲ့ကျောက်ကပ်ရောဂါအခံကြောင့်
- ဆီးနည်းတာ
- လှဲအိပ်လိုက်ရင်မောတာ
- အသက်ရှူမဝတာလိုမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
ကုသမှုအနေနဲ့
- ဆားလျှော့စားတာ
- ဆီးသွားစေတဲ့ဆေးတွေပေးတာမျိုး လုပ်လို့ရပါတယ်။
- ဆီးဆေးနဲ့ မသက်သာခဲ့ရင် သို့မဟုတ် အရည်တွေအရမ်းများနေရင် ဝမ်းဗိုက်ထဲကို အပ်ထိုးထည့်ပြီး ပိုက်နဲ့အရည်တွေကို ထုတ်ပေးတာ
- အသည်းသွေးပြန်ကြောထဲကို ပြွန်ကလေးထည့်ပြီး အရည်တွေကို လမ်းလွှဲပေးတာ
- အသည်းခြောက်အသည်းကင်ဆာအတွက် အသည်းအစားထိုးတာ
- ဝမ်းဗိုက်နဲ့ တင်ပဆုံရိုးအတွင်းက ကင်ဆာတွေအတွက် ကင်ဆာဆေးသွင်းတာ၊ ဓာတ်ကင်တာတွေ လုပ်ခြင်းဖြင့် ရေဖျဥ်းစွဲတာကို လျှော့ချလို့ရပါတယ်။
- ကာကွယ်ဖို့အတွက်ဆိုရင်တော့ ကျန်းမာစွာ နေထိုင်စားသောက်ပါ။
- ကျောက်ကပ်နဲ့ နှလုံးကျန်းမာအောင် ဆားနဲ့ အငန်လျှော့စားပါ။
- အက်စပရင်လို အအကိုက်အခဲပျောက်ဆေးတွေက အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေလို့ အလွယ်တကူသောက်ခြင်းမှ ရှောင်ပါ။
- အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ပါ။
- ဘီပိုးကာကွယ်ဆေးထိုးပါ။ စီပိုးမဖြစ်အောင် ကာကွယ်ပါ။ ရှိနေရင် ကုသမှု ခံယူပါ။
- ကိုယ်အလေးချိန်ထိန်းပါ။
ရေဖျဥ်းစွဲတယ်ဆိုတာ အသည်းကို ထိခိုက်နေပြီဆိုတာ ပြသတဲ့လက္ခဏာတစ်ခုပါ။
မကုသဘဲထားရင် အသက်အန္တရာယ်ရှိတာမို့ မဖြစ်အောင် ကာကွယ်တာ၊ ဖြစ်လာရင် စောစီးစွာကုသမှုခံယူတာက အသက်က်အန္တရာယ်ထိခိုက်ခြင်းမှ ကင်းဝေးစေမှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်