ကြောက်စရာကောင်းတဲ့ အဆုတ်ကင်ဆာ
ခေတ်ကာလနေထိုင်စားသောက်ပုံတွေအရ ကင်ဆာရောဂါအမျိုးမျိုးက လူတွေကို နေ့စဥ်တိုက်ခိုက်လျက် ရှိပါတယ်။
လွန်ခဲ့သောနှစ်တွေက မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ကင်ဆာရောဂါ ဒုတိယအဖြစ်အများဆုံးပါ။ ယခုအချိန်မှာ ပထမဖြစ်နေမလားတောင် မပြောတတ်ပါဘူး။
ခေါင်းအစခြေအဆုံး ကင်ဆာရောဂါအမျိုးမျိုး ရှိတဲ့အထဲမှာ အဆုတ်ကင်ဆာကလည်း အဖြစ်အများဆုံးထဲမှာ တစ်ခုအပါအဝင်ပါ။
အဆုတ်ဟာ သူကိုယ်တိုင်ကနေဖြစ်တဲ့ ကင်ဆာရှိသလို ခန္ဓာကိုယ်ရဲ့တခြားတစ်နေရာမှာ ဖြစ်တဲ့ကင်ဆာက အဆုတ်ကို ပျံ့လာတာမျိုးလည်း ရှိပါတယ်။
ကင်ဆာဆိုတာ မူမမှန်တဲ့ဆဲလ်တွေ အများကြီးပွားလာပြီး ကျူမာလို့ခေါ်တဲ့ အလုံးအကျိတ်ဖြစ်လာတာပါ။ ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ အချိန်တန်ရင်သေလိုက်၊ ဆဲလ်အသစ်ဖြစ်လိုက်နဲ့ လည်ပတ်နေပေမယ့် မူမမှန်တဲ့ကင်ဆာဆဲလ်တွေကတော့ သေဆုံးခြင်းမရှိဘဲ အထိန်းအကွပ်မဲ့ ပွားလာပါတယ်။
အဆုတ်ကင်ဆာဆဲလ်တွေဟာ အဆုတ်ကို အသက်ကောင်းကောင်းမရှူနိုင်အောင် ပြုလုပ်ပစ်လိုက်တာပါ။
အဆုတ်ကင်ဆာရှိမှန်းဘယ်လိုသိမလဲ?
- နာတာရှည်ချောင်းဆိုးတာ၊ ချောင်းဆိုးရင် သွေးပါလာတာ
- ရင်ဘတ်အောင့်နေတတ်တာ
- အသက်ရှုကြပ်၊ အသက်ရှူမဝဘဲ မောပန်းနေတာ
- အသက်ရှူရင် ရင်ဘတ်ထဲက ရွှီရွှီသံမြည်နေတာ (ပန်းနာရင်ကြပ်မှာလို)
- ကိုယ်အလေးချိန်ကျလာတာ၊ မစားချင်မသောက်ချင်ဖြစ်တာ
- မကြာခဏ အသက်ရှူလမ်းကြောင်းပိုးဝင်တာ၊ နမိုးနီးယားဖြစ်လွယ်တာ
- အသံဝင်လာတာ
- အရိုးကို ပျံ့သွားရင် အရိုးတွေနာနေတတ်တာ
- အသည်းကို ပျံ့သွားရင် ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း အောင့်နေတတ်တာတွေကြောင့် သိနိုင်ပါတယ်။
- အဆုတ်ကင်ဆာလို့ သံသယရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ရင်ဘတ်ဓာတ်မှန်၊ တီဗီဓာတ်မှန်နဲ့ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- သွေး၊သလိပ်နဲ့ အဆုတ်ထဲကရေကို စုပ်ထုတ်ပြီး စစ်ခြင်း
- မှန်ပြောင်းကတဆင့် အသားစယူပြီး စစ်ဆေးခြင်းဖြင့် အဆုတ်ကင်ဆာဟုတ်မဟုတ် ခွဲခြားနိုင်ပါတယ်။
အဆုတ်ကင်ဆာရောဂါဟာ ပျံ့နှံ့နှုန်းမြန်ပြီး သေဆုံးနှုန်းမြင့်တဲ့ ရောဂါဖြစ်ပေမယ့် စောစောစီးစီးသိပြီး ကုသမှုမှန်မှန်ကန်ကန်ရခဲ့ရင် အသက်ရှင်နိုင်ခြေ ရှိနိုင်ပါတယ်။
*အဆုတ်ကင်ဆာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းကတော့ ဆေးလိပ်ပါပဲ။ ဆေးလိပ်ကို ကိုယ်တိုင်သောက်တာဖြစ်ဖြစ် ၊ ကိုယ်နဲ့အမြဲတစေတွေ့နေရတဲ့ မိသားစုဝင်နဲ့ မိတ်ဆွေတွေထဲမှာ ဆေးလိပ်စွဲသောက်သူကတဆင့် ဆေးလိပ်ငွေ့ရှူနေရတာဖြစ်ဖြစ် အဆုတ်ကင်ဆာဖြစ်နိုင်ခြေများပါတယ်။
*ဆေးလိပ်အပြင် ကား၊ဆိုင်ကယ်လိုယာဥ်တွေက ထွက်တဲ့အငွေ့တွေ၊ စက်ရုံအလုပ်ရုံတွေကထွက်တဲ့ အငွေ့တွေ၊ အမှိုက်မီးရှို့လို့ထွက်လာတဲ့ အငွေ့တွေ စတဲ့ လေထုညစ်ညမ်းစေတဲ့အရာတွေ ရှူနေရတာကလည်း အဆုတ်ကင်ဆာဖြစ်စေသလို မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကုသမှုအနေနဲ့ ကင်ဆာဆဲလ်တွေ ပျံ့နှံ့မှုအပေါ်မူတည်ပြီး
- ခွဲစိတ်ဖြတ်ထုတ်ခြင်း
- radiation therapyလို့ခေါ်တဲ့ ဓာတ်ကင်ခြင်း
- chemotherapy လို့ခေါ်တဲ့ ကင်ဆာဆေးသွင်းခြင်း
- radiofrequency ablation လို့ခေါ်တဲ့ အပ်ကလေးကတဆင့် လျှပ်စစ်စီးစေပြီး ကင်ဆာဆဲလ်တွေကို ချေဖျက်ပေးခြင်း
- immunotherapy လို့ခေါ်တဲ့ ကင်ဆာဆဲလ်တွေကို ခုခံတိုက်ထုတ်ဖို့ ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း စသဖြင့် လုပ်လို့ရပါတယ်။
အဆုတ်ကင်ဆာဟာ ဖြစ်လာရင် တကယ်ကြောက်စရာကောင်းပြီး ရောဂါပျံ့နှုန်းမြန်တဲ့၊ အသက်ရှင်နှုန်းနည်းတဲ့ ရောဂါတစ်ခုပါ။
ဒါကြောင့် ကာကွယ်ဖို့ဆိုရင်
- ကိုယ်တိုင်လည်း ဆေးလိပ်မသောက်ပါနဲ့။ တပါးသူဆီက ဆေးလိပ်ငွေ့တွေလည်း မရှူမိပါစေနဲ့။
- ကျန်းမာစွာ နေထိုင်စားသောက်ပါ။
- လေထုညစ်ညမ်းမှုတွေနဲ့ တတ်နိုင်သမျှမထိတွေ့အောင် ရှောင်ပါ။
မိမိမှာအဆုတ်ကင်ဆာဖြစ်နေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ရောဂါရှာဖွေကုသဖို့ အကြံပေးပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်