သွေးကင်ဆာ (သို့) Leukemia
Leukemia ဆိုတာ ခန္ဓာကိုယ်မှာ သွေးဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့ ရိုးတွင်းခြင်ဆီနဲ့ ပြန်ရည်ကြောစနစ်တွေ အပါအဝင် တစ်ရှူးတွေမှာ ကင်ဆာဖြစ်တာကို ခေါ်ပါတယ်။ တချို့ Leukemia အမျိုးအစားတွေဟာ ကလေးငယ်တွေမှာ အဖြစ်များပြီး တချို့ကတော့ လူကြီးတွေမှာ ဖြစ်တတ်ပါတယ်။ Leukemia ဟာ ရောဂါပိုးတွေကို တိုက်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ တပ်သားတွေလို့ တင်စားရတဲ့ သွေးဖြူဥတွေနဲ့ အဓိကဆက်စပ်ပါတယ်။ ရိုးတွင်းခြင်ဆီကနေ လိုအပ်တဲ့ပမာဏထက် ကျော်လွန်ပြီး မူမမှန် ကောင်းစွာ အလုပ်မလုပ်တဲ့ သွေးဖြူဥဆဲလ်တွေကို ထုတ်လုပ်ပါတယ်။
Leukemia လက္ခဏာများ
Leukemia အမျိုးအစားပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲပြားပါတယ်။ အတွေ့ရများတဲ့လက္ခဏာတွေကတော့
- ဖျားခြင်း၊ ချမ်းတုန်ခြင်း
- အမြဲတစေ အားမရှိခြင်း၊ မောပန်းနေခြင်း
- ရောဂါပိုး ခဏခဏဝင်ခြင်း
- ဘာမှမလုပ်ပဲ ဝိတ်ကျခြင်း
- အကြိတ်တွေ ယောင်ယမ်းခြင်း
- အသည်းနဲ့ ဘေလုံးကြီးခြင်း
- သွေးထွက်လွယ်ခြင်း၊ ညိုမည်းစွဲလွယ်ခြင်း
- မကြာခဏ နှာခေါင်းသွေးလျှံခြင်း
- အရေပြားမှာ အနီစက်တွေ ပေါ်လာခြင်း
- ချွေးအများကြီးထွက်ခြင်း (အထူးသဖြင့် ညဘက်)
- အရိုးများ နာကျင်ခြင်း တို့ဖြစ်ပါတယ်။
အကြောင်းအရင်း
ကျွမ်းကျင်လေ့လာသူတွေလည်း Leukemia ကို ဖြစ်ပေါ်စေတဲ့ တိကျတဲ့အကြောင်းရင်းကို ရှာဖွေဆဲဖြစ်ပါတယ်။ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေ ပေါင်းဆုံမှုကြောင့်လို့ ယူဆကြပါတယ်။
ယေဘုယျအားဖြင့် သွေးဆဲလ်အချို့ရဲ့ DNAမှာ ဇီဝရုပ်ပြောင်းလဲမှုကြောင့် ဆဲလ်တွေ ကြီးထွားတာ၊ ကွဲတာ၊ ပွားတာ၊ ထုတ်လုပ်တာ စတဲ့ဖြစ်စဉ်အဆင့်ဆင့်ဟာ ကမောက်ကမ ဖြစ်လာပါတယ်။ ပုံမှန် ကျန်းမာတဲ့ သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှာတွေအစား မူမမှန်တဲ့ဆဲလ်တွေ နေရာယူလာကာ Leukemia ရဲ့ လက္ခဏာတွေ ခံစားရစေပါတယ်။
Leukemia အမျိုးအစားများ
ဆရာဝန်တွေမှ ရောဂါအခြေအနေ တိုးတက်မှု အနှေး၊အမြန်ပေါ်မူတည်ပြီး Acute နဲ့ Chronic Leukemia ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။
Acute Leukemia
မူမမှန်တဲ့ သွေးဆဲလ်တွေ (မရင့်ကျက်သေးတဲ့ သွေးဆဲလ်တွေ) ဟာ ကောင်းစွာ အလုပ်မလုပ်နိုင်ပေမဲ့ အဆမတန်၊ နှုန်းမြန်မြန်နဲ့ ပွားကြပါတယ်။ ပြီးရင် ပေါက်ကွဲကုန်ကြပါတယ်။ ရောဂါအခြေအနေမှာလည်း ရုတ်ချည်းမြန်မြန် ဆိုးဝါးလာတတ်ပါတယ်။ အချိန်မီ ကုသမှု ခံယူဖို့လိုပါတယ်။
Chronic Leukemia
Chronic Leukemia မှာတော့ တချို့အမျိုးအစားဟာ သွေးဆဲလ်တွေ အများကြီးကို ထုတ်လုပ်တယ်။ တချို့ဟာ ဆဲလ်ထုတ်လုပ်မှု အရမ်းနည်းတယ်။ ထုတ်လုပ်တဲ့အထဲမှာ ရင့်ကျက်တဲ့ဆဲလ်တွေ ပိုပါဝင်တတ်လို့ အချိန်တစ်ခုကြာတဲ့အထိတော့ အလုပ်ကောင်းကောင်း လုပ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ ရောဂါလက္ခဏာမပြတဲ့အတွက် နှစ်တွေ ကြာတဲ့အထိ ရောဂါရှိမှန်း သတိမထားမိတတ်ပါဘူး။
တစ်ဖန် အဓိကအားဖြင့်တော့ ရောဂါနာမည်တပ်ရာမှာ အောက်ပါအတိုင်းအမျိုးအစား ခွဲလေ့ရှိပါတယ်။
Acute Lymphocytic Leukemia (ALL)
ကလေးငယ်တွေမှာ အဖြစ်များ၊အတွေ့ရများတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ခုခံအားစနစ်နဲ့ ဆက်စပ်တဲ့ ပြန်ရည်ကြောစနစ်တစ်ရှူးတွေ အဓိကထိခိုက်ခံရတဲ့ အမျိုးအစားပါ။ လူကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။
Acute Myelogenous Leukemia (AML)
ဒီအမျိုးအစားဟာလည်း ကလေးရောလူကြီးမျာပါ ဖြစ်လေ့ရှိတဲ့ သွေးကင်ဆာအမျိုးအစား ဖြစ်ပါတယ်။ သူကတော့ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားတွေ ထုတ်လုပ်တဲ့ Myeloid ဆဲလ်မှာ ပြသာနာရှိတာဖြစ်ပါတယ်။
Chronic Lymphocytic Leukemia (CLL)
လူကြီးတွေမှာ အတွေ့ များတဲ့ ပြန်ရည်ကြောစနစ်မှာ ဒုက္ခပေးတဲ့ သွေးကင်ဆာရှိနေရင် ကုသမှုမလိုသေးဘဲ ဘာမှမဖြစ်ဘဲ နှစ်အတော်များများ နေရတတ်ပါတယ်။
Chronic Myelogenous Leukemia (CML)
လူကြီးတွေမှာ အဓိကတွေ့ရတဲ့ CML ဟာလည်း သွေးကင်ဆာဆဲလ်တွေ မြန်မြန်ကြီး မကြီးထွားသေးသရွေ့ လချီနှစ်ချီကြာ လက္ခဏာမရှိသလောက် နည်းနေပါလိမ့်မယ်။
သွေးကင်ဆာ ဖြစ်နိုင်ချေများတဲ့ အခြေအနေများ
- အရင်က အခြားကင်ဆာကြောင့် ဓာတ်ကင်ဖူးသူများ၊ ကင်ဆာကုထုံးယူဖူးသူများ
- မျိုးရိုးလိုက်ခြင်း
- ဓာတုပစ္စည်းတွေ (benzene, ဓာတ်ဆီ)နဲ့ ထိတွေ့မှုများတဲ့ အလုပ်အကိုင်များ
- ဆေးလိပ်သောက်ခြင်း
- မျိုးရိုးဗီဇဆိုင်ရာ ရောဂါအခံရှိသူများ (ဥပမာ Down Syndrome)
ကုသပုံနည်းလမ်းများ
ရွေးချယ်ရတဲ့ ကုထုံးတွေဟာ ဖြစ်တဲ့သွေးကင်ဆာ Leukemia အလိုက်၊ လူရဲ့အခြေအနေအရပ်ရပ်၊ ခံနိုင်ရည်တွေပေါ် မူတည်ပြီး ရှုပ်ထွေးနိုင်ပါတယ်။ ကင်ဆာတို့ရဲ့ ယေဘုယျ ကုသမှုလမ်းစဉ်အရ အမြစ်ပြတ်ကုသ၍မရတဲ့အတွက် ဆေးစစ်ချက် မကြာမကြာပြုလုပ်ရင်း ရှင်သန်စဉ်ကာလမှာ ဝေဒနာနည်းနိုင်သမျှ နည်းအောင်၊ ကင်ဆာဆဲလ်တွေထပ်တိုး မပျံ့ပွားအောင်သာ ပြုလုပ်လို့ရပါတယ်။
ရေးသားသူ - Dr. May Myat Tun