အဝလွန်ခြင်းပြဿနာနဲ့ ကလေးများ
ပြောင်းလဲလာတဲ့ ယနေ့ခေတ်လူနေမှု ဘဝပုံစံနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ကလေးတွေနဲ့ အပျိုလူပျိုဖော်ဝင်စအရွယ်တွေမှာ အဝလွန်ခြင်းဟာ အဖြစ်များလာတဲ့ပြဿနာတစ်ခုဖြစ်လာပါတယ်။
ကလေးက ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ကျော်လွန်နေတိုင်းတော့ အဝလွန်နေတာလို့သတ်မှတ်လို့ မရပါဘူး။ တချို့ကလေးတွေက ပျမ်းမျှထက် အရွယ်အစားကြီးနေခြင်းသာဖြစ်ပါတယ်။
- အဝလွန်နေပြီလို့ ဘယ်လိုသိနိုင်မလဲ?
လူကြီးတွေမှာ ရှိသင့်တဲ့ ပုံမှန်ကိုယ်အလေးချိန်အတွင်း ရှိမရှိ BMI (Body Mass Index) ကိုယ်အလေးချိန်ညွှန်းကိန်းနဲ့ တိုင်းတာလေ့ရှိပါတယ်။ ကလေးတွေအတွက်လည်း BMI (Body Mass Index) for age percentile အသက်အရွယ်အလိုက် ကိုယ်အလေးချိန်ညွှန်းကိန်း ရာခိုင်နှုန်းနဲ့ တိုင်းတာပါတယ်။ ရှိသင့်တဲ့ရာခိုင်နှုန်းထက် ကျော်လွန်နေမှသာ အဝလွန်ခြင်းလို့ သတ်မှတ်ပါတယ်။ ကလေးဘဝမှာ အဝလွန်ထားရင် လူကြီးဖြစ်လာတဲ့အခါမှာလည်း အဝလွန်ရောဂါဖြစ်ဖို့ ၇၀ ရာခိုင်နှူန်းရှိပါတယ်။
အဝလွန်ခြင်းဖြစ်စေတဲ့အကြောင်းရင်းများ
အဓိကကတော့ နေ့စဥ်နေထိုင်မှုဘဝနဲ့ အစားအသောက်ပုံစံကြောင့် ဖြစ်ပါတယ်။။
-
အမြန်ရအစားအစာ၊ အဆာပြေအသင့်စားမုန့်များ၊ ကယ်လိုရီများသောအစာများ၊ အချိုကဲသော ဆီများသောအစားအစာများ၊ အေးခဲထားသောအစားအစာ၊ အချိုရည်အမျိုးမျိုး ကို နေ့စဥ်လွန်ကဲစွာ စားသောက်ခြင်း
-
တီဗီကြည့်များတာ၊ ဗီဒီယိုဂိမ်းဆော့တာ၊ ဖုန်းအသုံးများတာကြောင့် နေ့စဥ်ဘဝမှာ ကိုယ်လက်လှုပ်ရှားမှု အလွန်ကိုနည်းလွန်းပြီး အထိုင်များခြင်း
-
မျိုးရိုးဗီဇလိုက်ခြင်း
-
ပတ်ဝန်းကျင် အခြေအနေအရ ကိုယ်လက်လှုပ်ရှားရန်နေရာနည်းခြင်း
-
ကျန်းမာရေးနှင့် ညီညွတ်သောအစာများထက် အသင့်စားအစာများ အလွယ်တကူရနေခြင်း
-
ဟော်မုန်းပြဿနာ၊ အခြားရောဂါတွေ၊
-
အချို့သောဆေးဝါးများ ရေရှည်သောက်နေရခြင်း တွေက အဝလွန်စေပါတယ်။
ကလေးတွေမှာလည်း အဝလွန်တာ နှစ်နဲ့ချီပြီးကြာလာရင် နောက်ဆက်တွဲရောဂါများဖြစ်တဲ့
-
သွေးချိုဆီးချိုရောဂါ
-
သွေးတိုးရောဂါ
-
နှလုံးရောဂါ
-
သွေးတွင်းကိုလက်စထရောများခြင်း
-
အဆစ်အမြစ်များနာခြင်း
-
အသက်ရှူလမ်းကြောင်းပြဿနာများ
-
အသည်းအဆီဖုံးရောဂါ
-
ကင်ဆာရောဂါ
-
စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းခြင်းနှင့် စိတ်ဓာတ်ကျခြင်း များ ဖြစ်လာနိုင်ပါတယ်။
အဝလွန်တဲ့ကလေးကို ဘယ်လိုစောင့်ရှောက်ကုသမလဲ?
ကလေးမှာ အဝလွန်ခြင်းပြဿနာရှိရင် အကောင်းဆုံးနည်းလမ်းတော့ အဝလွန်တဲ့ကလေးသာမက မိသားစုတစ်ခုလုံးရဲ့ နေထိုင်စားသောက်မှုပုံစံပြောင်းလဲပစ်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းပါ။
-
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံကို တဖြည်းဖြည်းချင်း အချိန်ယူပြောင်းလဲပါ။ အဟာရဆိုင်ရာပညာရှင်များရဲ့တိုင်ပင်မှုနဲ့ ရေရှည်စားသောက်နိုင်မယ့်ပုံစံကို လေ့ကျင့်ယူနိုင်ပါတယ်။
-
နေ့စဥ်လူနေမှုဘဝပုံစံကို ပြောင်းလဲပေးပါ။ ကလေးအတွက်ညွှန်ကြားထားတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ခိုင်းပါ။ မိသားစုဝင်တွေကပါ အချိန်တစ်ခုပေးပြီး အတူတကွ လမ်းလျှောက်တာ၊ ပြေးတာ စသည်ဖြင့် လိုက်လုပ်ပေးပါ။
-
ကလေးကို အားပေးပါ။ ညွှန်ကြားထားတဲ့အတိုင်း နေနိုင်ရှောင်နိုင်ရင် ဆုချတာမျိုးလုပ်ပေးပါ။
-
အိပ်ရေးဝဝအိပ်စက်စေပါ။
အလွန်အမင်းအဝလွန်နေရင် အဆီခြေခြင်း၊ အဆီစုပ်ထုတ်ခွဲစိတ်ခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။ အဝလွန်ခြင်းပြဿနာနှင့် နောက်ဆက်တွဲရောဂါများဖြစ်မလာအောင် သက်ဆိုင်ရာ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။