နံရိုးကျိုးခြင်းအကြောင်း
နံရိုးကျိုးရတဲ့ ဖြစ်လေ့များတဲ့ အကြောင်းရင်းကတော့ ရင်ဘတ်ကိုခိုက်မိစေတဲ့ မတော်တဆမှုတွေဖြစ်တဲ့ အမြင့်တစ်နေရာကနေ အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျတာ၊ ယာဉ်တိုက်မှုဖြစ်တာ၊ ရန်ဖြစ်ထိုးကြိတ် ကန်တာ၊ ရိုက်တာတွေ၊ အားသွန်ခွန်စိုက် ယှဉ်ပြိုင်ရတဲ့အားကစားတွေမှာ တွေ့ရပါတယ်။ နံရိုးကျိုးတယ်ဆိုပေမဲ့ အများစုကတော့ အက်ရုံမျှသာ ဖြစ်တတ်ပါတယ်။ မခံမရပ်နိုင်အောင် နာပြီဆိုရင်တော့ နံရိုးခွေထဲက အရိုးတွေ အစိတ်စိတ် ပြတ်ထွက်ပြီး အန္တရာယ်ရှိနိုင်တဲ့ အနေအထား ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် အကျိုးအပဲ့စက အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါ (အထူးသဖြင့် ကပ်လျက်မှာရှိတဲ့ အဆုတ်၊ နှလုံး)၊ပင်မသွေးကြောမကြီးတို့ကို ထိုးမိဖောက်မိရင်တော့ များစွာ စိုးရိမ်စရာရှိပါတယ်။
လက္ခဏာများ
နံရိုကျိုးသွားတဲ့အခါ နာကျင်မှုဟာ
- အသက်ပြင်းပြင်းရှူတဲ့အချိန်၊
- ခိုက်မိတဲ့နေရာကို ဖိမိတဲ့အချိန်၊
- ခန္ဓာကိုယ်ကို စောင်းတဲ့၊ ကွေးတဲ့အချိန်တွေမှာ ပိုဆိုးလာပါတယ်။
ဆရာဝန်ထံ အမြန်ဆုံးပြသသင့်တဲ့ အခြေအနေ
ထိခိုက်မိပြီးတဲ့အခါ နံရိုးနေရာမှာ မခံမရပ်နိုင်အောင် နာတဲ့အခါ၊ အသက်ရှူတဲ့အချိန်မှာ တအား နာရင်၊ ရင်ဘတ်တစ်ဝိုက်မှာ ပြည့်ကြပ်နေသလို၊ တစ်ခုခု ဖိခံထားရသလို၊ ဆွဲညှစ်ထားသလိုခံစားရရင်၊ ရင်ဘတ်အပြင် ပခုံးနဲ့ လက်မောင်းပါ အောင့်လာ၊နာလာရင် နှလုံးထိခိုက်သွားတာ ဖြစ်နိုင်တဲ့အတွက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းထံ၊ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။
ကျိုးဖို့ အခွင့်အလမ်းများစေတဲ့ အချက်တွေကတော့
- အရိုးပွရောဂါ : အရိုးသိပ်သည်းဆ လျော့နည်းနေတဲ့အတွက် ကျိုးနိုင်ချေဟာ ပုံမှန်လူထပ် များပါတယ်။
- အားကစားများ ( ဘောလုံး၊ hockey စတဲ့ ရင်ဘတ်ကို ခိုက်မိနိုင်ချေများတဲ့ အားကစားအမျိုးအစားများ)
- နံရိုးမှာ ကင်ဆာဆဲလ် ပျံ့နှံ့ခြင်း : ကင်ဆာဆဲလ်များကြောင့် အရိုးဟာ အားနည်းပြီး ကျိုးလွယ်ပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးများ
ကျိုးသွားတဲ့ နံရိုးဟာ အနီးအနားမှာရှိတဲ့ သွေးကြောတွေ၊ ကိုယ်တွင်းအင်္ဂါတွေကို ခိုက်မိစေနိုင်ပါတယ်။ ကျိုးတဲ့ အတိုင်းအတာ အတိမ်အနက်အလိုက် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ပြသာနာတွေမှာ
၁။ ပင်မသွေးလွှတ်ကြောကြီး ပေါက်ပြဲ၊ ကွဲထွက်ခြင်း
နံရိုးခွေရဲ့ ထိပ်ပိုင်းမှာ ရှိတဲ့ အပေါ်ဆုံးနံရိုး ၃ ချောင်းထဲမှ တစ်ခု ကျိုးတဲ့အခါ ကျိုးပဲ့နေတဲ့ အပိုင်းအစက ပင်မသွေးလွှတ်ကြောနဲ့ အခြားအရေးကြီးတဲ့ သွေးကြောတွေကို ထိုးမိပြီး ပေါက်ထွက်စေနိုင်ပါတယ်။
၂။ အဆုတ် ပေါက်ပြဲခြင်း
ကျိုးလို့ မညီမညာ ချွန်ထွက်လာမယ့် အလယ်ပို်င်းနံရိုးရဲ့အစဟာလည်း အဆုတ်ကို ထိုးမိနိုင်ကာ အနာတရ ဖြစ်စေနိုင်ပါတယ်။
၃။ ဘေလုံး၊ အသည်းနဲ့ ကျောက်ကပ်များ ပေါက်ပြဲခြင်း
အောက်ဖက်ပိုင်း နံရိုးနှစ်ချောင်း ကြုံတောင့်ကြုံခဲ ကျိုးခဲ့ရင် ဘေလုံး၊ အသည်းနဲ့ ကျောက်ကပ်တို့ကို အပြင်းအထန် ဒဏ်ရာရစေနိုင်ပါတယ်။
ကုသမှုနည်းလမ်းများ
လူအများစုမှာ နံရိုးကျိုးရင် တစ်လ၊ နှစ်လအကြာမှာ သူ့အလိုလို ဒဏ်ရာကျက်သွားတတ်ပါတယ်။ လုံလောက်တဲ့ နာကျင်သက်သာစေတဲ့ နည်းလမ်းတွေနဲ့ အကိုက်အခဲပျောက်ဆေးတွေ အကူအညီယူရပါတယ်။ သို့မှသာ အသက်ကို ဝဝပြင်းပြင်းရှူနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် အသက်ရှူရင် နာမှာစိုးလို့ ဖြေးဖြေးရှူရတာမျိုးတွေ ကြုံနိုင်ပါတယ်။
ကာကွယ်ရန် နည်းလမ်းများ
- အားကစား လေ့ကျင့်ကစားတဲ့အခါ အကာအကွယ်များ စုံစုံလင်လင် ဝတ်ပါ။
- အိမ်ထဲမှာ မတော်တဆ ချော်လဲ လိမ့်ကျမှုတွေ နည်းအောင်၊ အနာတရ ဖြစ်မှု နည်းအောင် ကြမ်းပြင်မှာ ရှုပ်ပွမနေစေဘဲ ရှင်းလင်းထားပါ။ ရေချိုးခန်းမှာ ကြမ်းချော မနေအောင် ရာဘာအခင်း ခင်းပါ။ အလင်းရောင်လုံလောက်အောင် ထားရှိပါ။
- အရိုးများ သန်မာအောင် အစားအစာထဲမှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝအောင် ဂရုတစိုက်စားသုံးပါ။ (လူတစ်ယောက်မှာ နေ့စဉ် ကယ်လ်ဆီယမ် 1200mg နဲ့ ဗီတာမင်ဒီ 600 IU ပမာဏလိုအပ်ပါတယ်။ )
ရေးသားသူ - Dr. May Myat Tun