ထိပ်ကပ်နာ မဖြစ်အောင် ကာကွယ်လို့ရလား
ထိပ်ကပ်နာက အတော်လေး ခံစားရခက်ပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာ တစ်ခုဆိုလည်း ဟုတ်ပါတယ်။ အခုတစ်ခေါက်တော့ ဒီလိုမျိုး နေ့စဉ်ဘဝမှာ နေထိုင်ရခက်စေတဲ့ ထိပ်ကပ်နာ မဖြစ်အောင် ကာကွယ်လို့ရလားဆိုတာကို ပြောပြပေးချင်ပါတယ်။
ထိပ်ကပ်နာ
ထိပ်ကပ်နာ ဆိုတာက sinuses ရောင်တာပါ။ များသောအားဖြင့်ကတော့ ပိုးဝင်ကူးစက်တာကြောင့် ရောင်တာပါ။ ဒီလိုရောင်ရမ်းတာက ၂ ပတ် ကနေ ၃ ပတ်အတွင်း သူ့လိုလို သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ သက်သာသွားစေဖို့ဆိုရင် သေချာလေး ကုသမှုခံယူဖို့ လိုပါမယ်။
ထိပ်ကပ်နာ ဘာကြောင့်ဖြစ်တာလဲ
ထိပ်ကပ်နာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ
- ဗိုင်းရပ်စ် ကူးစက်တာကြောင့်ဖြစ်လာတဲ့ ဓာတ်မတည့်မှု
- ဘက်တီးရီးယား ကူးစက်တာကြောင့်ဖြစ်လာတဲ့ ဓာတ်မတည့်မှု
- မှိုပိုး ကူးစက်တာကြောင့်ဖြစ်လာတဲ့ ဓာတ်မတည့်မှု
- နှာခေါင်းတွင်း အသားပို ဖြစ်တာ
- သွားနဲ့ ခံတွင်းပိုးဝင်တာ
- အအေးမိ တုပ်ကွေး အဖျားတာရှည်မှုတွေရဲ့ နောက်ဆက်တွဲ အနေနဲ့လည်း ထိပ်ကပ်နာ ဖြစ်စေနိုင်ပါတယ်။
ထိပ်ကပ်နာ မဖြစ်အောင် ကာကွယ်လို့ရလား
ထိပ်ကပ်နာ မဖြစ်အောင် ကာကွယ်လို့ရလား ဆိုတော့ ရပါတယ်။ ဘယ်လို ကာကွယ်ရမလဲဆိုတော့
- မကြာခဏ လက်ဆေးပါ
- နှာခေါင်းတွင်း အစိုဓာတ်ရစေဖို့အတွက် နှာခေါင်းဖြန်းဆေးရည် သုံးပေးလို့ ရသလို ဆားရည် အစက်ချပေးလို့လည်း ရပါတယ်
- ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့အရာတွေကို ရှောင်ပါ
- ဆေးလိပ်ငွေ့အပါအအဝင် ညစ်ညမ်းစေနိုင်တဲ့ အရာတွေကို ရှောင်ပါ
- တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် ဆားရည်နဲ့ sinus ကို သန့်စင်ပါ
- Antibiotics တွေ အရမ်းသောက်ရတာကြောင့်လည်း ထိပ်ကပ်နာ ဖြစ်နိုင်တာကြောင့် antibioticsတွေ သောက်ရပြီဆိုရင် sinuses ထဲကအကျိုးပြု ဘက်တီးရီးယားတွေကို ပြန်လည်အားဖြည့်ပေးနိုင်ဖို့ probiotics ကိုပါ သောက်ပေးပါ
- တတ်နိုင်သမျှ antibiotics တွေနဲ့ steroids ပါတဲ့ဆေးတွေ မသောက်ပါနဲ့
- ဖျားနာမှု ကင်းစေဖို့အတွက် ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ပေးပါ
- တုပ်ကွေး ကာကွယ်ဆေး နှစ်စဉ် ထိုးပါ
- လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ
- ဆေးလိပ်ဖြတ်ပါ
- အာဟာရမျှတအောင် စားပါ
- အစိုဓာတ်ထိန်းပါ
- ရေနွေးငွေ့ရှူပါ
- တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
- နေအိမ်ကို ပုံမှန် သန့်ရှင်းရေး လုပ်ပါ။ အသုံးအဆောင်တွေကို ဖုန်ခါပါ။
ရေးသားသူ - မွန်မွန်