တုပ်ကွေး မြန်မြန်သက်သာစေမယ့် နည်းလမ်း ၅ ချက်
နွေကုန်လို့ မိုးကူးလာပြီဆိုရင် အရာရာက စိမ်းလန်းပြီး အေးချမ်းတယ်ဆိုပေမယ့် ဒီလို အေးချမ်းမှုနဲ့အတူ ပါလာတတ်တဲ့ အရာ တစ်ခု ရှိပါတယ်။ ဒါကတော့ တုပ်ကွေးပါ။ တုပ်ကွေးက အချိန်တိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် မိုးဦးကာလမှာ တုပ်ကွေးက အတော်လေး အဖြစ်များပါတယ်။
တုပ်ကွေးဖြစ်ရင် အတော်လေး ခံစားရခက်ပါတယ်။ နေ့စဉ်အလုပ်တွေမှာပါ ထိခိုက်လာနိုင်ပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုရင် အရင်ဆုံး တွေးမိတဲ့ အတွေးက မြန်မြန်သက်သာလာစေဖို့ပါ။ ဒီအတွေးလေးကို အကောင်အထည်ဖော်နိုင်စေဖို့ ဆောင်းပါးလေးထဲမှာ နည်းလမ်းလေးတွေ ပြောပြပေးထားပါတယ်။
တုပ်ကွေးဆိုတာ
တုပ်ကွေးဆိုတာက အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်မှု တစ်ရပ်ပါ။ Influenza လို့ခေါ်တဲ့ တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ တုပ်ကွေးဗိုင်းရပ်စ်တွေက အမျိုးအစားတွေ အများကြီးရှိပါတယ်။
တုပ်ကွေးက သိပ်မပြင်းထန်တဲ့ အနေအထားကနေ အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။ တုပ်ကွေးက ဖျားနာမှု တစ်ရပ်ဆိုပေမယ့် အအေးမိတာနဲ့ မတူပါဘူး။ ရုတ်တရက် ဖြစ်တဲ့ ဖျားနာမှုပါ။ သေချာလေး ဂရုစိုက်ပေးမယ်ဆိုရင်တော့ မြန်မြန် သက်သာမှာပါ။
တုပ်ကွေး ဖြစ်နေပြီလား ဘယ်လို သိနိုင်မလဲ
တုပ်ကွေး ဖြစ်ပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
- အဖျားရှိမယ်
- ချမ်းတုန်မယ်
- ချောင်းဆိုးမယ်
- လည်ချောင်းနာမယ်
- နှာစေးမယ်
- နှာခေါင်းပိတ်မယ်
- ကြွက်သားတွေ ကိုက်ခဲမယ်
- ကိုယ်လက်တွေ ကိုက်ခဲမယ်
- ခေါင်းကိုက်မယ်
- ခြေကုန်လက်ပမ်း ကျမယ်
- အချို့လူတွေမှာ အော့အန်မယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ် စတာတွေ ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက ကလေးတွေနဲ့ လူကြီးတွေအဖြစ်များပါ။
တုပ်ကွေး မြန်မြန်သက်သာစေမယ့် နည်းလမ်း ၅ ချက်
တုပ်ကွေး မြန်မြန် သက်သာစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေက ကူညီပေးနိုင်မှာပါ။
ရေများများ သောက်ပါ
တုပ်ကွေး အပါအဝင် ဖျားနာမှုတွေ ခံစားနေရချိန်မှာ မြန်မြန်သက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းက ရေများများသောက်ပေးပါ။ ဖျားနာချိန်မှာ ရေဓာတ်ပြည့်ဝမှုက ကိုယ်ခံအားကို အားဖြည့်ပေးပြီး မြန်မြန်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အပူကြီးပြီး ချွေးထွက်တာနဲ့ အော့အန်တာ၊ ဝမ်းသွားတာတွေကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းနိုင်ဖို့အတွက် ရေများများ သောက်ပေးပါ။ ရေအစား အုန်းစိမ်းရည်၊ သဘာဝ သစ်သီးဖျော်ရည်တွေကို သောက်ပေးလို့ ရပါတယ်။ အချိုရည်တွေနဲ့ ကဖင်းပါတဲ့ သေက်စရာတွေတော့ မသောက်ပါနဲ့။
စွပ်ပြုတ် ပူပူလေး သောက်ပေးပါ
နေမကောင်းတဲ့အခါ အားပြည့်ပြီးမြန်မြန်ကျန်းမာလာစေဖို့အတွက် ကြက်စွပ်ပြုတ် ပူပူလေး သောက်ပေးလို့ရပါတယ်။ ကြက်သားတင် မဟုတ်ပါဘူး။ အခြား အသားစွပ်ပြုတ်တွေလည်း သောက်ပေးလို့ ရပါတယ်။ ကြက်စွပ်ပြုတ် အပါအဝင် အသားစွပ်ပြုတ်တွေက အားပြည့်စေပြီး တုပ်ကွေး မြန်မြန် သက်သာစေဖို့ ထောက်ကူပေးပါတယ်။
အသားစွပ်ပြုတ်တွေမှာ ပရိုတင်း ပါဝင်နေတာကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မှာပါ။
ပြည့်ပြည့်ဝဝ အနားယူပါ
တုပ်ကွေးက ကိုယ်ခံအား နည်းနေချိန်မှာ ဝင်ရောက်လာတာပါ။ လူတွေတုပ်ကွေးမိ ဖျားနာဖြစ်ရတာက ခန္ဓာကိုယ်က အရမ်းပင်ပန်းပြီး ကိုယ်ခံအား နည်းသွားတာကြောင့်ပါ။ ဒီလို အခြေအနေမျိုးမှာ အမြန်ဆုံး သက်သာလာစေဖို့ဆိုရင် စိတ်ရောကိုယ်ပါ အနားပေးလိုက်တာပါ။ ဒါကြောင့် တုပ်ကွေး မြန်မြန်သက်သာစေဖို့ဆိုရင် ပြည့်ပြည့်ဝဝအနားယူပေးပါ။
ဆားရည်နဲ့ အာလုပ်ကျင်းပါ
ဆားရည်နဲ့ အာလုပ်ကျင်းပေးတာကက အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်တာတွေကို သက်သာစေပြီ ချွဲပျော်စေပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်သလို အသက်ရှူလမ်းကြောင်း တလျှောက်က တုပ်ကွေးဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးပါတယ်။
ရေနွေးနဲ့ ရေချိုးပါ
ရေနွေးနဲ့ ရေချိုးတာက တုပ်ကွေးကို သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်က နာကျင် ကိုက်ခဲတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်နေချိန်မှာ ရေနွေးနွေးနဲ့ ရေချိုးပေးတာက တစ်ကိုယ်ရေ သန့်ရှင်းကို ဂရုစိုက်ပေးရာ ရောက်သလို တုပ်ကွေးလက္ခဏာတွေကိုလည်း သက်သာစေနိုင်မှာပါ။
တုပ်ကွေးကို ရက်တိုတိုနဲ့ နှင်လွှတ်နိုင်ဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လက်တွေ့ အကောက်အထည်ဖော်လိုက်နော်။
တုပ်ကွေး ကာကွယ်ပါ
တုပ်ကွေးက မဖြစ်ခင်က ကြိုတင်ကာကွယ်လို့ရပါတယ်။ ဘယ်လို ကာကွယ်မလဲဆိုတော့
- တုပ်ကွေး ကာကွယ်ဆေး တစ်နှစ်တစ်ကြိမ် ထိုးပါ။ အသက် ၆ လ ပြည့်ပြီးပြီဆိုရင် တုပ်ကွေး ကာကွယ်ဆေး စထိုးလို့ ရပါပြီ။
- ဖျားနာနေတဲ့လူနဲ့ နီးနီးကပ်ကပ် ထိတွေ့မှုကို ရှောင်ပါ
- လက်ကို မကြာခဏ ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာ ဆေးကြောပါ
- ရေနဲ့ဆပ်ပြာ မရနိုင်တဲ့ နေရာမျိုးမှာ အယ်လ်ကိုဟောပါတဲ့ လက်ဆေးဆပ်ပြာရည်သုံးပြီး လက်ကို ဆေးကြောပါ
- မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်တွယ်ထိတွေ့တာမျိုး ရှောင်ပါ
- အိပ်ရေး ဝဝအိပ်ပါ
- အာဟာရ ပြည့်ဝအောင် စားပါ
- သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
ရေးသားသူ - မွန်မွန်