ရာသီအကူးအပြောင်းမှာ ချောင်းခြောက်ဆိုးခဲ့ရင်
ချောင်းခြောက်ဆိုးတာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ချောင်းဆိုးတယ်ဆိုတာက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းထဲကို ပြင်ပက ဝင်ရောက်လာတဲ့ ဓာတ်မတည့်တဲ့အရာနဲ့ အခြားသောအရာတွေကို ချောင်းဆိုးခြင်းက တဆင့် ပြင်ပကို ပြန်ထုတ်တာပါ။
ရာသီအကူးအပြောင်းမှာ ဓာတ်မတည့်တဲ့အရာ တစ်ခုခုနဲ့ ထိတွေ့မိတာကြောင့် ချောင်းခြောက်ဆိုးနိုင်သလို ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့်လည်း ချောင်းခြောက် ဆိုးနိုင်ပါတယ်။ တစ်ခေါက်တော့ ချောင်းခြောက်ဆိုးတယ်ဆိုတာ ဘာလဲ၊ ချောင်းခြောက်ဆိုးရတဲ့ အကြောင်းတရားတွေက ဘာတွေလဲဆိုတာ နဲ့ ဘယ်လို သက်သာအောင် လုပ်လို့ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။
ချောင်းခြောက်ဆိုးတယ် ဆိုရာဝယ်
ချောင်းသံ တဟွတ်ဟွတ် အသံကြားရင်တော့ ချောင်းဆိုးတာလို့ပဲ မှတ်လိုက်ကြပါတယ်။ တကယ်တော့ ချောင်းဆိုးတယ် ဆိုတဲ့နေရာမှာ ချောင်းဟန့်ထုတ်လိုက်လို့ ချွဲသလိပ်တွေ ထွက်လား မထွက်ဘူးလားဆိုတဲ့အပေါ် မူတည်ပြီး ချောင်းခြောက် ချောင်းစို ခွဲကြတာပါ။
ချောင်းခြောက်လို့ ဆိုဖို့ဆိုရင် ချောင်းဆိုးလို့ လည်ချောင်းကို သလိပ်ခပ်တဲ့အခါ ချွဲသလိပ်တွေ ထွက်မလာရပါဘူး။ ချောင်းဆိုးတာကြောင့် လည်ချောင်းတွေနာပြီး ဗိုက်ကြွက်သားတွေနဲ့ ရင်ဘတ်တွေ နာပေမယ့်လည်း ချွဲ လုံးဝ မထွက်တဲ့ အခြေအနေကို ချောင်းခြောက်ဆိုးတယ်လို့ ခေါ်ပါတယ်။
ချောင်းခြောက်ဆိုးစေဖို့ ပံ့ပိုးကူကြတဲ့အရာတွေက ဘာတွေများဖြစ်မလဲ
ချောင်းခြောက်ဆိုးစေဖို့ ပံ့ပိုးကူကြတဲ့ အကြောင်းအရင်းခံက တစ်ခုမက ရှိပါတယ်။
- ပန်းနာရင်ကျပ်
- စားချဉ့်ရည် ပြန်ဆန် တက်တာ
- အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ပိုးဝင် ကူးစက်တာ
- အဆုတ် ကင်ဆာ
- စီးကရက် သောက်တာ
- ညစ်ညမ်းတဲ့အရာတွေကို ရှူရှိုက်မိတာ
- ဓာတ်မတည့်တာ
- ကြက်ညှာချောင်းဆိုး
- Postnasal drip
- Covid – 19 နဲ့
- ဆေးဝါးစတာတွေကြောင့် ချောင်းခြောက်ဆိုးရတာပါ။
အကြောင်းအရင်း တစ်ခုတည်းကြောင့် ဖြစ်နိုင်သလို တစ်ခုထက် ပိုတဲ့ အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ရာသီအကူးအပြောင်းမှာ ချောင်းခြောက်ဆိုးခဲ့ရင်
ရာသီအကူးအပြောင်းမှာ ချောင်းခြောက်ဆိုးခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတော့
ရေနွေးနွေး သောက်ပါ
ရေနွေးပူပူလေး သောက်ပေးတာက အသက်ရှူ အတွင်းနံရံတွေကို အစိုဓာတ်ရစေပြီး ချောင်းခြောက်ဆိုးတာကို သက်သာစေနိုင်ပါတယ်။
ရေနွေးစိမ်ပြီး ရေချိုးပါ
ရေနွေးစိမ်ပြီး ရေချိုးပေးတာ၊ ရေနွေးနွေးနဲ့ ရေလောင်းချိုးပေးတာကတွေက ရေနွေးငွေ့ကြောင့် ချောင်းခြောက်ဆိုးတာကို သက်သာစေမှာပါ။ အကြောင်းကတော့ ရေနွေးငွေ့က အစိုဓာတ် ထိန်းပေးတာကြောင့်ပါ။
ရေနွေးငွေ့ရှူပါ
ကျက်ကျက်ဆူနေတဲ့ ရေနွေးကို အဝကျယ် ဇလူံထဲ ထည့်ပြီး ရေနွေးငွေ့ ရှူပေးတာက လည်ချောင်း အတွင်းသား တစ်ရှူးတွေကို အစိုဓာတ်ကို ရရှိစေပါတယ်။ ဒီလို အစိုဓာတ် ထိန်းပေးတာက ချောင်းခြောက်ဆိုးတာကို သက်သာစေနိုင်ပါတယ်။
ခေါင်းကို ခပ်မြင့်မြင့် ထားပါ
ချောင်းခြောက်ဆိုးတာက တစ်နေ့တာလုံးမှာ သိပ်မပြင်းထန်ပေမယ့် ညအိပ်ဖို့ လှဲလိုက်ချိန်မှာ ပိုဆိုးလာတတ်ပါတယ်။ ဒါကြေင့် ချောင်းခြောက်ဆိုးရင် ညဘက် အိပ်ရေးမပျက်စေဖို့ဆိုရင် ဦးခေါင်းကို ခန္ဓာကိုယ်ထက် ၆ လက်မ ကမေ ၈ လက်မလောက်အထိ မြှင့်ထားပါ။
ပျားသံပုရာရည်
လည်ချောင်းနာတာကိုရော ချောင်းခြောက်ဆိုးတာကိုပါ သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ ပျားရည်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်လို့ပါ။
ရေနွေးနွေးလေးထဲကို ပျားရည်၊ သံပုရာရည်တို့ ထည့်ပြီး ဖျော်သောက်ပေးတာကလည်း ချောင်းခြောက် ဆိုးတာကို သက်သာစေနိုင်ပါတယ်။
ချင်း (ဂျင်း) ရေနွေးကြမ်း
ချင်း (ဂျင်း) က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် ချောင်းခြောက်ဆိုးတာကို သက်သာစေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးတာ သက်သာစေဖို့ဆိုရင် ချင်း ကို မထူမပါးလေး လှီးပြီး ဒါးပြားရိုက်ပါ။ ပြီးရင် ခွက်တစ်ခုထဲ ထည့်လို့ အပေါ်ကနေ ရေနွေးဆူဆူ လောင်းထည့်ပါ။ ၁၅ မိနစ်လောက် အုပ်ထားပေးပြီး ခပ်နွေးနွေး အနေအထားမှာ သုံးဆောင်ပေးပါ။
အပေါ်က နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့် ချောင်းခြောက်ဆိုးတာက ရက်သတ္တပတ် တော်တော်လေး ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ် ဆိုရင်တော့ချောင်းခြောက်ဆိုးတဲ့ အကြောင်းအရင်းကို သေချာသိရှိအောင် လုပ်ဆောင်ဖို့ လိုပါမယ်။
ရေးသားသူ - မွန်မွန်