သွားဖုံးသွေးယိုခြင်းအကြောင်း
သွားဖုံးသွေးယိုခြင်းဟာ သင့်မှာ ခံတွင်းပြဿနာ ဒါမှမဟုတ် သွားဖုံးနဲ့ဆက်စပ်ရောဂါတစ်ခုခု ရှိနေနိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ သွားချေးတက်နေသူတွေမှာလည်း သွားဖုံးသွေးယိုတဲ့ လက္ခဏာကို မကြာခဏတွေ့ရနိုင်ပါတယ်။ သွားဖုံးသွေးယိုရတဲ့အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင်
- သွားချေးတက်ခြင်းကြောင့် သွားဖုံးရောင်နေခြင်း (Gingivitis)
- သွေးထွက်ခြင်းကို ဖြစ်စေတဲ့ သွေးနဲ့ဆက်စပ်ရောဂါတစ်မျိုးမျိုး ရှိနေခြင်း
- ပြင်းထန်စွာ သွားတိုက်ခြင်း
- ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
- သွားဘက်ဆိုင်ရာ အစွပ်များနဲ့ ထိခိုက်မိခြင်း၊ တပ်ထားတာ ချောင်နေခြင်း၊ အနေအထားမကျခြင်း
- သွားပွတ်ကြိုးကို မမှန်ကန်တဲ့နည်းလမ်းဖြင့် အသုံးပြုခြင်း
- သွား သို့မဟုတ် သွားဖုံးထဲ ပိုးဝင်ခြင်း
- သွေးကင်ဆာရောဂါရှိခြင်း
- ဗီတာမင် စီဓာတ် ချို့တဲ့နေခြင်း
- ဗီတာမင် ကေဓာတ် ချို့တဲ့နေခြင်း
- သွေးကျဲဆေးများ သောက်နေရခြင်း
- ဆီးချိုရောဂါရှိခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
အကောင်းဆုံးကတော့ တစ်နှစ်ကို ၂ ကြိမ် သွားနဲ့ခံတွင်းဆရာဝန်ဆီ ပုံမှန်ပြသရင်း ခံတွင်းသန့်ရှင်းရေး လုပ်ဖို့ပါပဲ။ ခံတွင်းသန့်ရှင်းရေးလုပ်ခြင်းဟာ ခံတွင်းအနံ့ဆိုးကို သက်သာစေရုံသာမက သွားပျက်စီးခြင်း၊ သွားပိုးပေါက်ဖြစ်ခြင်းနဲ့ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်စေပါတယ်။
သွားဖုံးသွေးထွက်ခြင်းကို ကုသပေးဖို့နဲ့ သက်သာစေဖို့အတွက်
၁။ သွားချေးတက်ခြင်းကြောင့် သွားဖုံးရောင်တဲ့ ပြဿနာကို ဖြေရှင်းဖို့ သွားကိုသေချာတိုက်ပြီး သန့်ရှင်းရေးလုပ်ဖို့၊ သွားချေးကျောက်ဖြစ်လာတဲ့အခါ ဆရာဝန်ဆီသွားရောက်ပြသပြီး ကျောက်ခြစ်ထုတ်ဖို့ အလွန်အရေးကြီးပါတယ်။ များသောအားဖြင့် သွားဖုံးသွေးယိုစီးခြင်းရဲ့ အဓိကတရားခံဟာ သွားချေးတက်ခြင်း၊ သွားချေးကျောက်ဖြစ်နေခြင်းကြောင့် ဖြစ်လို့ ဆရာဝန်က ဒီပြဿနာကို အရင်ဆုံးစစ်ဆေးမှာ ဖြစ်ပါတယ်။
၂။ သွားဆရာဝန်နဲ့ ပြသတဲ့အခါ နည်းလမ်းမှန်နဲ့ သွားတိုက်ခြင်း၊ စနစ်တကျ သွားပွတ်ကြိုးအသုံးပြုပြီး သန့်ရှင်းရေးလုပ်တဲ့နည်းလမ်းတွေကို သေချာမေးဖို့ လိုအပ်ပါတယ်။ သွားပွတ်ကြိုးအသုံးပြုပြီး စနစ်တကျသွားတိုက်ခြင်းဟာ ခံတွင်းအနံ့ဆိုးကို သက်သာစေရုံသာမက သွားနဲ့ခံတွင်းကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။
၃။ ဗီတာမင် စီဟာ အရေပြားအတွက်သာမက သွားကျန်းမာရေးအတွက်လည်း တစ်ထောင့်တစ်နေရာက ကူညီပေးနိုင်ပါတယ်။ Vitamin C ကို အစားအစာကနေ အများဆုံးရနိုင်သလို အားဆေးသောက်ပေးခြင်းဖြင့်လည်း တစ်နေ့တာအတွက် လိုအပ်တဲ့ဗီတာမင် ဓာတ်ပမာဏကို ရရှိနိုင်ပါတယ်။ အချဉ်ဓာတ်ကဲတဲ့ အသီးအနှံနဲ့ ဖျော်ရည်များ၊ ဂေါ်ဖီပန်းပွင့်စိမ်း၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ အာလူးနဲ့ ငရုတ်ပွတွေကို စားပေးခြင်းဖြင့် ဗီတာမင် စီဓာတ်ကို အလုံအလောက်ရနိုင်ပါတယ်။
၄။ ဗီတာမင် ကေဓာတ် ချို့တဲ့ခြင်းအတွက် ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ချိစ်၊ ဆလတ်ရွက်၊ ပဲပိစပ်၊ သံလွင်ဆီ စတဲ့ အစားအစာကနေလည်း ရနိုင်ပါတယ်။
၅။ အကယ်လို့ ကိုယ်က သွားညီညာစေဖို့ သွားထိန်းကိရိယာများ၊ သွားအစွပ်များ တပ်ဆင်နေရသူဆိုရင် သွားဖုံးသွေးယိုစိမ့်တဲ့ ပြဿနာဟာ ဒီအစွပ်တွေ ညီညာစွာ မတပ်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအတွက် ကိုယ်ပြသခဲ့တဲ့ ဆရာဝန်ဆီကိုပဲ ပြသပြီး အစွပ်တွေတပ်ဆင်တာမှာ ပြဿနာရှိမရှိ ပြန်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။
၆။ သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သေချာတိုက်ပါ။ သွားပွတ်ကြိုးကို နေ့စဉ်အစာစားပြီးတိုင်း အသုံးပြုပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
၇။ သွားဖုံးသွေးယိုနေတဲ့အချိန်မှာ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးပါ။ ကိုယ့်ရဲ့ခံတွင်းထဲမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာများ ရှိမရှိ သေချာမှန်ထဲမှာ ကြည့်ပြီး စစ်ဆေးပါ။ ခံတွင်းအနံ့ ဆိုးရွားနေလားဆိုတာလည်း အနံ့နမ်းကြည့်ပါ။
Source: https://www.healthline.com/health/bleeding-gums#treatment