ကလေးတွေ နဲ့ ရာသီစာ ဝဿန်ရောဂါများ
မိုးတွင်းဆိုရင် မိုးမိလိုက်၊ ပူလိုက်အေးလိုက်ဖြစ်တာ၊ ပတ်ဝန်းကျင်မှာ ပူနွေးစိုစွတ်လာတာ၊ ရေကြီးရေတင်မှုများလာတာနဲ့အမျှ အခြားရာသီတွေထက်ပိုပြီး အချို့ရောဂါလေးတွေ အဖြစ်များလာပါပြီ။
- သွေးလွန်တုပ်ကွေး၊ ချီကန်ဂန်းညားစတဲ့ ခြင်မှ တဆင့် ကူးစက်တတ်တဲ့ ရောဂါများ
- အသည်းရောင်အသားဝါ အေ ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အူယောင်ငမ်းဖျားရောဂါ စတဲ့ အစာနှင့်ရေမှတဆင့် ကူးစက်တဲ့ရောဂါများ
- အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ
- အအေးမိ နှာစေးခြင်းနှင့် ရာသီတုပ်ကွေး၊ အဆုပ်ရောင်ရောဂါများစတဲ့ လေထဲမှတဆင့်ကူးစက်တဲ့ရောဂါများ နဲ့ မိုးရာသီဟာ ခွဲမရအောင် အဖြစ်များလေ့ရှိပါတယ်။
ရာသီ ဝဿန်ရောဂါများ
-
သွေးလွန်တုပ်ကွေး၊ ချီကန်ဂန်းညားစတဲ့ ခြင်မှ တဆင့် ကူးစက်တတ်တဲ့ ရောဂါများ
စွတ်စိုထိုင်းမှိုင်းလာတာနဲ့ ခြင်ပေါက်ပွားစရာနေရာပေါများလာတဲ့ မိုးရာသီမှာ ခြင်မှတဆင့် ကူးစက်တဲ့ရောဂါ အဖြစ်ဆုံးပါ။ ကျောင်းနေအရွယ်ကလေးတွေမှာ အဖြစ်များပါတယ်။ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းပြင်းထန်စွာကိုက်ခြင်း၊ အန်ခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ အညိုရောင်များအန်ခြင်း ဖြစ်တတ်ပါတယ်။
-
အသည်းရောင်အသားဝါ အေ ရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အူယောင်ငမ်းဖျားရောဂါ စတဲ့ အစာနှင့်ရေမှတဆင့် ကူးစက်တဲ့ရောဂါများနှင့် အစာအိမ်၊ အူလမ်းကြောင်းရောဂါများ
မိုးကာလမှာ ရေကြီးရေတင်မှုနဲ့အတူ ပေါက်ပွားနှုန်းများလာသော ယင်များကြောင့် အစာနှင့် ရေကနေတဆင့် ရောဂါကူးစက်တာတွေ ဖြစ်တာပါ။ ရက်ကြာဖျားနေခြင်း၊ မောပမ်းနွမ်းနယ်ခြင်း၊ နုံးခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းများ၊ အသားဝါခြင်းများ ဖြစ်တတ်ပါတယ်။
-
အအေးမိ နှာစေးခြင်း၊ ရာသီတုပ်ကွေးနှင့် အဆုပ်ရောင်ရောဂါများ
ရာသီဥတုပူလိုက်အေးလိုက်ဖြစ်ခြင်းနဲ့ မိုးမိခြင်း၊ ဗီဇပြောင်း တုပ်ကွေးဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့လာခြင်းတို့ကြောင့် လေထဲမှတဆင့် ကူးစက်တတ်တဲ့ရောဂါတွေလည်း အဖြစ်များလာပါတယ်။ ချောင်းဆိုးခြင်း၊ ချောင်းခြောက် သို့မဟုတ် သလိပ်ပါခြင်း၊ ဖျားခြင်း၊ နှာစေးနှာပိတ်၊ နှာရည်ယိုကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အစာမဝင်ခြင်းတွေ ဖြစ်လေ့ရှိပါတယ်။
ဘယ်လိုကြိုတင်ကာကွယ်ပေးထားမလဲ?
ကလေးတွေ ရောဂါလွယ်လွယ်မကူးစေရန်အတွက်ကတော့ ကိုယ်ခံအားပြည့်ဝနေအောင် ကျွေးမွေးခြင်းနဲ့ တကိုယ်ရည်သန့်ရှင်းရေးက အဓိကအကျဆုံးပါ။
- ကိုယ်ခံအားပြည့်ဝနေစေရန်
- အာဟာရပြည့်ဝနေစေဖို့ ထမင်း သို့မဟုတ် ဂျုံ၊ အသား တစ်မျိုးမျိုး၊ ဟင်းသီးဟင်းရွက်တစ်မျိုးမျိုး နေ့စဥ်ပါအောင် ကျွေးပါ။
- ရေ၊ ရေနွေး၊ နွားနို့၊ စွပ်ပြုတ်၊ ဒိန်ချဥ် လို အရည်များများတိုက်ပါ။
- Vitamin C ပါဝင်တဲ့ လတ်ဆတ်တဲ့ အသီးအနှံများနဲ့ အားဆေးများကျွေးပါ။
- ကစားခုန်စား ပြေးလွှားလှုပ်ရှားမှုလုပ်စေပါ။
- အိပ်ရေးဝအောင် အိပ်ခိုင်းပါ။
- မိုးရာသီမရောက်ခင် နှစ်စဥ်ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးကို မိသားစုဝင်များအားလုံး အချိန်မီထိုးထားပါ။
- လေထဲမှတဆင့် ကူးစက်ရောဂါမဖြစ်အောင်
- နှာချေ ချောင်းဆိုးလျှင် တစ်ရှူးသုံးဖို့၊ မိမိရဲ့ တံတောင်ဆစ်ထဲတွင်ပြုလုပ်ဖို့သင်ပေးပါ။
- မကြာခဏလက်ဆေးဖို့၊ မသန့်တဲ့လက်နဲ့ မျက်နှာကို ကိုင်တွယ်ထိတွေ့မှု မလုပ်ဖို့သင်ပေးပါ။
- နေမကောင်းဖြစ်ရင် ကျောင်း၊ ကစားကွင်း၊ လူသူထူထပ်သောနေရာများ သွားခြင်းမှ ရှောင်ရှားပါ။
- ခြင်မှတဆင့် ကူးစက်ရောဂါတွေ မဖြစ်အောင်
- နေအိမ်တွင်း လေဝင်လေထွက်ကောင်းအောင် အလင်းရောင်ကောင်းကောင်းရအောင်ထားပါ။
- ပတ်ဝန်းကျင်တွင် ခြင်များ မပေါက်ပွားအောင် ကာကွယ်ထားပါ။
- ခြင်ဆေးလိမ်းတာ၊ ဆေးခြင်ထောင်သုံးတာမျိုး လုပ်ပါ။
- အစာနှင့်ရေမှတဆင့် ကူးစက်ရောဂါတွေ မဖြစ်အောင် အစာမစားမီနှင့် အိမ်သာဝင်အပြီး လက်သန့်ရှင်းရေးနှင့် မကြာခဏလက်ဆေးဖို့ သင်ပေးပါ။
- အပြင်စာ၊ ယင်နားစာများစားခြင်းမှ တတ်နိုင်သလောက် ရှောင်ကြဥ်ခိုင်းပြီး သန့်ရှင်းလတ်ဆတ်စွာ ချက်ပြုတ်ပြင်ဆင်ထားတဲ့အစာများကျွေးပါ။
- မသန့်ရှင်းတဲ့ရေထဲမှာ ဆော့ကစားတာမျိုး ရှောင်ပါ။
ဒီ လွယ်ကူရိုးရှင်းတဲ့ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကိုသာ အတတ်နိုင်ဆုံးလိုက်နာနိုင်မယ်ဆိုရင် မိသားစုများရဲ့မိုးရာသီနေ့ရက်များကို ကျန်းမာလန်းဆန်းစွာ ဖြတ်ကျော်နိုင်မှာပါ။
ရောဂါများနှင့် ပတ်သက်ပြီးလည်း သက်ဆိုင်ရာဆရာဝန်များနဲ့ လိုအပ်သလို တိုင်ပင်ဆွေးနွေးကုသမှုခံယူနိုင်ပါတယ်။