ကဖိန်းဓာတ်နဲ့ စိတ်ဖိစီးမှုအကြောင်း
Coffee lover တွေအတွက် မနက်ခင်းတိုင်းမှာ ကော်ဖီမသောက်ထားရရင် မပြည့်စုံသလို၊ အလုပ်မတွင်သလို ဖြစ်ရတဲ့အထိ ခံစားရတယ်လို့ဆိုရလောက်အောင် Caffeine ဟာ လူတွေအတွက် အမှန်တကယ်ကို ဆေးသဖွယ် တပ်မက်စွဲလမ်းစေပါတယ်။ ကေဖိန်းဟာ ကော်ဖီအပြင် လက်ဖက်ရည်၊ တချို့သော အားဖြည့်အချိုရည်နဲ့ ချောကလက်တို့မှာ ပါဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်။
လူက မလန်းဆန်းနေချိန်၊ စိတ်ပင်ပန်းနေချိန်၊ နွမ်းနယ်နေချိန်မှာ တောင့်တမိတဲ့ ကေဖိန်းဓာတ်ဟာ စားသုံးပြီးလို့ ခန္ဓာကိုယ်ထဲရောက်ပြီး မိနစ်ပိုင်းမှာပဲ အာနိသင်ရှိသလို ခံစားရစေပါတယ်။ တစ်ဦးနဲ့ တစ်ဦး မတူညီကြတဲ့ ခန္ဓာကိုယ်တွင်းရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ ချေဖျက်စုပ်ယူမှုတွေပေါ် မူတည်ပြီး ၂-၁၂နာရီ ကြာ ခန္ဓာကိုယ်ထဲမှာ တည်ရှိပါတယ်။
ကေဖိန်းဟာ လူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေသော Adenosine ဟော်မုန်းစုပ်ယူမှုကို တားဆီးကာ ယာယီ တက်ကြွလန်းဆန်းစေတယ်။ Adrenaline ဟော်မုန်းကို ယာယီတိုးမြှင့်ပေးကာ ပင်ပန်းနွမ်းနယ်မှုကို ခဏတာ သက်သာစေတယ်။ Cortisol လို့ခေါ်တဲ့ Stress Hormone ကို မြင့်မားစေတယ်။ Dopamine ပမာဏကို တိုးပွားစေကာ လူကို ခံစားချက်ကောင်းစေပါတယ်။ ဒီအာနိသင်များကြောင့်လည်း လူတွေဟာ ကေဖိန်းဓာတ်ကို အားကိုးသုံးစွဲလာကြပါတယ်။
ကေဖိန်းဟာ လူကို နိုးနိုးကြားကြား ဖြစ်နေစေတဲ့အတွက် အိပ်ချိန်ကို လျှော့ချသလိုဖြစ်တတ်ပါတယ်။ ဒီတော့ လူတို့ရဲ့အိပ်နေစဉ်မှာ ခန္ဓာကိုယ်၏ စနစ်အသီးသီးရဲ့ အားအင်ဖြည့်၊ ပြင်ဆင်တည်ဆောက်ခြင်းတို့အတွက် အချိန်လျော့နည်းစေပါတယ်။
ဒါ့အပြင် Cortisol ဟော်မုန်းများလာစေခြင်းကြောင့် အဆီနဲ့ကဆီဓာတ် ပါဝင်တဲ့အစားအစာတွေကို စားချင်စိတ်ဖြစ်ပေါ်စေပြီး ဝမ်းဗိုက်မှာ အဆီတွေပိုစုစေနိုင်ပါတယ်။ သို့ပေမဲ့ ကေဖိန်းဟာ ခန္ဓာကိုယ်ရဲ့ အစာမှ စွမ်းအင်အဖြစ် သုံးစွဲမှုကို မြန်စေတဲ့အတွက် ကိုယ်လက်လေ့ကျင့်ခန်းမပြုလုပ်ခင် ကော်ဖီသောက်ရင် အဆီချေဖျက်မှုကို ၃၀% အထိ အားပေးပါတယ်လို့ လေ့လာတွေ့ရှိရပြန်ပါတယ်။
ဟော်မုန်းအပြောင်းအလဲတွေကြောင့် လူတို့အတွက် မိတ်ဆွေသဖွယ် ပြုမူပေးနေပေမဲ့ စွဲလမ်းသည်အထိ မဖြစ်ရအောင်၊ လန်းဆန်းမှုကို လိုချင်၍ သောက်ရာမှ အရေအတွက်များကာ တစ်ညတာ အိပ်စက်ချိန်ကိုပါ ထိခိုက်လာကာ စိတ်မဖိစီးစေဖို့ ထိန်းသိမ်းသောက်သုံးဖို့လိုပါတယ်။
အကယ်၍ သင်ဟာ တစ်နေ့ကို ကော်ဖီကို ၄ခွက်နဲ့အထက် သောက်နေမိရင် လျှော့သင့်ပါတယ်။ လျှော့နေစဉ်အချိန်မှာ မသောက်ရ၍ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ တောင့်တခြင်း၊ မလန်းဆန်းခြင်းတို့ ကြုံနိုင်ပါတယ်။ နေ့လည် ၂နာရီနောက်ပိုင်း သောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ကေဖိန်းသည် ၈ နာရီနဲ့အထက် ခန္ဓာကိုယ်ထဲမှာ ရှိနေနိုင်တဲ့အတွက် အိပ်စက်ခြင်းကို အနှောင့်အယှက်မဖြစ်စေဖို့ ဖြစ်ပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်