ကလေးတွေမှာ ဖြစ်သော သွေးချိုဆီးချိုရောဂါ
“အင်ဆူလင်”ဆိုတာ ပန်ကရိယကထုတ်တဲ့ ဟော်မုန်းပါ။ သူက လူတွေ အစာစားလိုက်ပြီးနောက် သွေးထဲမှာများလာတဲ့ သကြားဓာတ် (ဂလူးကို့စ်)တွေကို ဆဲလ်ထဲဝင်အောင် လုပ်ပေးပါတယ်။ အင်ဆူလင် မရှိရင်၊ ချို့တဲ့ရင်၊ အင်ဆူလင်ကို မတုန့်ပြန်ရင်မတုန့်ပြန်ရင် အစားစားပြီးတဲ့အခါ သွေးထဲမှာ သကြားဓာတ် (ဂလူးကို့စ်)တွေ များနေအိုင်နေပြီး သွေးချိုဆီးချိုဖြစ်လာပါတယ်။
ကြာလာရင် အချို့ကိုယ်အဂ်ါအစိတ်အပိုင်းတွေကို ဒုက္ခပေးလာပါတယ်။ သွေးချိုဆီးချိုရောဂါဖြစ်ပြီဆိုရင် လုံးဝအရှင်းပျောက်ကင်းအောင် ကုသလို့မရနိုင်ပါဘူး။ နောက်ဆက်တွဲရောဂါတွေမဝင်အောင် အသက်အန္တရာယ်မပေးအောင် ထိန်းထားလို့ပဲရပါတယ်။
သွေးချိုဆီးချိုရောဂါကို
1. ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်လိုအပ်လို့ ဖြစ်သော (အဖြစ်နည်းသော) အမျိုးအစား ၁
2. အင်ဆူလင်ရှိပါရက်နဲ့ဖြစ်သော (ပို၍အဖြစ်များသော) အမျိုးအစား ၂ လို့ နှစ်မျိုး ခွဲခြားထားပါတယ်။
ကလေးတွေမှာဖြစ်တဲ့ သွေးချိုဆီးချိုရောဂါကတော့ အင်ဆူလင်လိုအပ်လို့ ဖြစ်သော အမျိုးအစား ၁ ဖြစ်ပါတယ်။ ပန်ကရိယက အင်ဆူလင် လုံးဝ သို့မဟုတ် အနည်းငယ်သာထုတ်လို့ဖြစ်ပါတယ်။
ကလေးကြီးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ပိုတွေ့ရပါတယ်။ ဘာကြောင့် အင်ဆူလင် မရှိရ၊ ချို့တဲ့ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိကြပါဘူး။ မိဘ မောင်နှမတွေထဲမှာ သွေးချိုဆီးချိုရှိခြင်း၊ ဗီဇပြောင်းလဲခြင်းကြောင့် ပိုဖြစ်နိုင်ပါတယ်။
သွေးချိုဆီးချိုရောဂါမှာ ဘယ်လို လက္ခဏာတွေ ဖြစ်တတ်သလဲ?
- ရေငတ်တတ်ခြင်း
- ဆီးခဏခဏသွားခြင်း
- အရင်က သေးပေါက်ချလေ့မရှိတဲ့ကလေးတွေမှာ သေးခဏခဏပေါက်ချခြင်း
- ဗိုက်ဆာလာလျှင် ဟန်မဆောင်နိုင်အောင် ထိန်းမရအောင်ဖြစ်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- ပင်ပမ်းနွမ်းနယ်နေခြင်း
- အမြင်အာရုံဝေဝါးခြင်း တို့ ဖြစ်လေ့ရှိပါတယ်။
ကလေးက ဒီလက္ခဏာတွေထဲကဖြစ်လာရင် သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးချိုဆီးချိုဟာ နောက်ဆက်တွဲရောဂါအများဆုံးအဖြစ်ဆုံးတွေထဲမှာ ပါပါတယ်။ ရောဂါရှိတာနဲ့ သွေးထဲက သကြားဓာတ် (ဂလူးကို့စ်) ပုံမှန်ဖြစ်အောင်ထိန်းထားနိုင်ဖို့ ကုသမှုခံယူရမှာပါ။ ထိန်းမထားနိုင်ရင် နှစ်ကြာရှည်လာတဲ့အခါမှာ သူ့ကြောင့် ကိုယ်တွင်းအင်္ဂါတော်များများ ထိခိုက်ပျက်စီးစေပါတယ်။
-
နှလုံးနှင့်သွေးကြောများ ထိခိုက်ခြင်း
သွေးတိုးခြင်း၊ နှလုံးသွေးကြောကျဥ်းခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း၊ လေဖြတ်ခြင်းများ ဖြစ်နိုင်ပါတယ်။
-
အာရုံကြောများထိခိုက်ခြင်း၊
အာရုံကြောတွေပျက်စီးပြီး ထုံကျင်ခြင်း ဖြစ်ပါတယ်။ ခြေထောက်တွေမှာ မတော်တဆထိခိုက်ဒဏ်ရာရရင်၊ အပူလောင်ရင် နာကျင်တာကို မသိရှိ မခံစားရတတ်ပါဘူး။ အနာမကျက်နိုင်တဲ့အတွက် နာတာရှည်အနာများဖြစ်များ ဖြစ်တတ်ပြီး ခြေချောင်းလေးများနဲ့ ခြေထောက်များ ဖြတ်ပစ်ရတဲ့အထိ ဆိုးဝါးတတ်ပါတယ်။
-
ကျောက်ကပ်ပျက်စီးခြင်း
သွေးချိုဆီးချိုကို ကောင်းစွာမကုသဘဲထားခြင်းကြောင့် နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းဖြစ်နိုင်ပါတယ်။
-
မျက်လုံး
အမြင်အာရုံထိခိုက်ခြင်း၊ အတွင်းတိမ်နှင့် ရေတိမ်များ ဖြစ်စေပါတယ်။
-
ဘတ်တီးရီးယားနှင့် မှို ကူးစက်လွယ်ခြင်း
အရေပြားနှင့် ခံတွင်းမှာလည်း သာမာန်ထက်ပိုပြီး ဘတ်တီးရီးယားနှင့် မှိုဝင်နိုင်လို့ အနာများဖြစ်လွယ်ပါတယ်။ မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်လွယ်ပါတယ်။
အဲဒီလို နာတာရှည်ရောဂါတွေဖြစ်စေတာတွေအပြင် သွေးချိုထိန်းမရဘဲ အလွန်အမင်းရုတ်တရက်တက်လွန်းသွားတဲ့အခါ အရေးပေါ်အခြေအနေလည်းဖြစ်စေပါသေးတယ်။
- အာခေါင်ခြောက်ရေငတ်ခြင်း
- အရေပြားခြောက်သွေ့နေခြင်း
- သတိမကောင်း မှိန်းမောခြင်း
- အသက်ရှူ အရမ်းမြန်ခြင်း
- ဗိုက်နာခြင်း
- သတိလစ်ခြင်း များဖြစ်ရင် အရေကြီးပါတယ်။ အချိန်မီဆေးကုသမှုမရရင် အသက်အန္တရာယ်ပေးနိုင်ပါတယ်။
တစ်ခါတစ်ရံ သွေးတွင်းအချိုဓာတ် အလွန်ကျနေတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ အစားအသောက် လုံလောက်စွာမစားတာ၊ လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာ၊ အင်ဆူလင်များသွားတာတွေမှာ ဖြစ်တတ်ပါတယ်။ ချွေးပြန်ခြင်း၊ ခြေလက်များအေးစက်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ရင် တလှပ်လှပ်တုန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မှိန်းမောခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းများဖြစ်တတ်ပါတယ်။
ဘယ်လို ကုသမလဲ?
ကလေးတစ်ယောက် သွေးချိုဆီးချိုရောဂါရှိပြီဆိုရင်
1. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ပုံစံပြင်ပေးဖို့နဲ့
2. ဆရာဝန် ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာဆေးကုသပေးဖို့က အဓိကပါ။
ရေရှည်အတွက်လည်း သင့်တော်တဲ့ နေထိုင်မှုဘဝပုံစံ ပြောင်းလဲပေးရမှာဖြစ်လို့ မိဘတွေမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်၊ ကျန်းမာရေး ဗဟုသုတတွေသိထားသင့်ပါတယ်။ သက်ဆိုင်ရာဆရာဝန်များနဲ့လည်း အမြဲ ပြသတိုင်ပင်ဆွေးနွေးသင့်ပါတယ်။