နှလုံးကြွက်သားပုပ်တယ်ဆိုတာ
နှလုံးကြွက်သားပုပ်တယ်ဆိုတာ လူအများကြားဖူးနေကျ စကားတစ်ခုတော့ ဟုတ်မယ်မထင်ပါဘူး။
ဒါပေမယ့် အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။
နှလုံးကြွက်သားတွေကို သွေးစီးဆင်းမှု ရုတ်တရက်ရပ်သွားပြီး နှလုံးကြွက်သားတွေ၊ တစ်ရှူးတွေ ပျက်စီးသွားတာကို နှလုံးကြွက်သားပုပ်တယ်လို့ ခေါ်ပါတယ်။
နှလုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို သွေးနဲ့အတူ အောက်ဆီဂျင်ကို ပို့ဆောင်ပေးပါတယ်။
နှလုံးကြွက်သားတွေအတွက် သွေးနဲ့အောက်ဆီဂျင်ကိုတော့ Coronary သွေးလွှတ်ကြောတွေက ပို့ဆောင်ပေးပါတယ်။
Coronary သွေးလွှတ်ကြောတွေ ပိတ်တဲ့အခါ နှလုံးကြွက်သားတွေက သွေးနဲ့အောက်ဆီဂျင် လုံလောက်အောင်မရတော့တာကို နှလုံးကြွက်သားပုပ်တယ်လို့ ခေါ်တာပါ။
နှလုံးကြွက်သားပုပ်တဲ့အခါ နှလုံးကကောင်းစွာ အလုပ်မလုပ်တော့ဘဲ နှလုံးအမောဖောက်ပြီး ရုတ်တရက် နှလုံးရပ်နိုင်ပါတယ်။
အဆီတွေ၊ ကိုလက်စထရောတွေ၊ ဆဲလ်သေအစိုင်အခဲတွေ ဒါမှမဟုတ် သွေးခဲတွေကြောင့် coronary သွေးလွှတ်ကြော ပိတ်တတ်ပါတယ်။
ရောဂါလက္ခဏာတွေ အနေနဲ့
- ရင်ဘတ်က ဆုပ်ဆွဲထားသလို၊ ဖိထားသလို လေးလံတင်းကျပ်ပြီး အောင့်တာ
- ဘယ်ဘက်လက်မောင်း၊ ကျောပြင်၊ မေးရိုးတစ်လျှောက် အောင့်တာကျင်တာ
- ပျို့အန်ချင်တာ
- ခေါင်းကိုက်တာ
- အသက်ရှူကျပ်တာ၊ မောတာ
- ချွေးစေးတွေပြန်ပြီး ရုတ်တရက် သတိမေ့လဲတာ
- နှလုံးတုန်၊ နှလုံးခုန်မြန်တာ စတာတွေကို မဖြစ်ခန့် မိနစ်အနည်းငယ်ခန့် ကြိုခံစားရနိုင်ပါတယ်။
ဘယ်လိုသိနိုင်သလဲ?
အထက်ပါလက္ခဏာတွေ ရှိရင် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။
ECG ဆွဲတာ၊ သွေးဖောက်စစ်တာတွေက တဆင့် နှလုံးကြွက်သားပုပ်တာကို သိနိုင်ပါတယ်။
ဘယ်လိုလူတွေမှာ ဖြစ်နိုင်လဲ?
- အဆီအစိမ့်တွေ အစားများတဲ့သူတွေ
- ကိုယ်လက်လှုပ်ရှားနည်းပြီး အထိုင်များသူတွေ
- သွေးတွင်းအဆီ (triglycerides) များသူတွေ
- သွေးတွင်း LDL ကိုလက်စထရောများပြီး HDL ကိုလက်စထရော နည်းသူတွေ
- မျိုးရိုးထဲမှာ နှလုံးသွေးကြောကျဥ်း၊ နှလုံးကြွက်သားပုပ်ရောဂါ ရှိသူတွေ
- ကိုယ်ဝန်ဆိပ်တက်ဖူးသူတွေ
- ဆေးလိပ်သောက်သူတွေ
- ၄၅ နှစ်ကျော်တဲ့ အမျိုးသားတွေနဲ့ ၅၅နှစ်ကျော်တဲ့ အမျိုးသမီးတွေ
- သွေးတိုးဆီးချိုအခံရှိသူတွေ
- စိတ်ဖိစီးမှုများသူတွေ မှာ အဖြစ်များပါတယ်။
ကုသမှုအနေနဲ့ လူနာအခြေအနေပေါ်မူတည်ပြီး အနာသက်သာဆေးပေးတာ
- သွေးခဲပျော်ဆေးပေးပြီး စောင့်ကြည့်တာ
- လိုအပ်ရင် အသေးစားခွဲစိတ်မှုလုပ်ပြီး သွေးကြောကိုချဲ့တာ
- အကြီးစားခွဲစိတ်မှုလုပ်ပြီး သွေးကြောလမ်းကြောင်းအသစ်ထည့်ပြီး သွေးစီးဆင်းမှုကောင်းအောင်လုပ်တာ စသဖြင့် လုပ်ရပါတယ်။ အရေးပေါ်ကုသရမှာဖြစ်တဲ့အတွက် အရေးအကြီးဆုံးက အချိန်မီဖို့ပါပဲ။
ကာကွယ်ဖို့အတွက်တော့ အဆီအစိမ့်တွေ လျှော့ပြီး အသားငါး၊ အသီးအရွက်နဲ့ပဲတွေ များများစားတာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ သွေးတွင်းသကြားနဲ့ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းတာ၊ စိတ်ဖိစီးမှု လျော့အောင်တရားထိုင်တာ၊ အကောင်းမြင်စိတ်မွေးတာတွေ လုပ်ပါ။
နှလုံးကြွက်သားပုပ်တာက ကြောက်စရာပေမယ့်လည်း မဖြစ်အောင်လည်း ကာကွယ်လို့ရတာမို့ အရမ်းစိုးရိမ်ဖို့မလိုဘဲ ကျန်းမာစွာ နေထိုင်စားသောက်ကြရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်