ကျန်းမာဖျတ်လတ်တဲ့ အမျိုးသားတစ်ယောက်ဖြစ်လာဖို့ ဘာတွေ စားပေးရမလဲ
အမျိုးသားတစ်ယောက်အတွက် အရေးအကြီးဆုံးက ဘာလဲလို့ မေးလိုက်ရင် အဖြေတွေ အမျိုးမျိုး ဖြေကြမယ်ထင်ပါရဲ့။ ဒါပေမယ့် ကျန်းမာသန်စွမ်းဖို့နဲ့ ဉာဏ်ရည်ထက်မြက်ဖို့လောက် ဘယ်အရာကမှ ပိုပြီး အရေးမကြီးနိုင်ပါဘူး။ သင်ဟာ ကျန်းမာသန်စွမ်းပြီး ဖျတ်လတ်တက်ကြွနေတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေရုံနဲ့တင် ဘယ်လောက်တောင် Sexy ကျလိုက်သလဲနော်။
ကိုယ်ကာယ ကြံ့ခိုင်ဖို့၊ ကျန်းမာရေးကောင်းမွန်ဖို့နဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ဖို့ဆိုတာက ဒီအတိုင်း ထိုင်နေရုံနဲ့တော့ မရပါဘူး။ လေ့ကျင့်ခန်းတွေ လုပ်ဖို့၊ အသိပညာဗဟုသုတတွေ လေ့လာနေဖို့အပြင် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မှီဝဲနေဖို့လည်း လိုအပ်ပါသေးတယ်။
ဘယ်လောက် လေ့ကျင့်ခန်းတွေလုပ်ပြီး ဘယ်လောက် ဗဟုသုတတွေလေ့လာတယ်ပြောပြော အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင်၊ မျှတအောင် မမှီဝဲဘူးဆိုရင် ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးနဲ့ လွဲချော်မှာဖြစ်သလို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာဖို့လည်း မရှိပါဘူး။
ဒါဆို အမျိုးသားတစ်ယောက် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်လာအောင် ဘယ်လိုအစားအစာတွေ မှီဝဲရမလဲဆိုတာကို ပြောပြပေးပါရစေ။
၁။ အနီရောင်အသား
အမဲသား၊ ဆိတ်သားတို့လို အနီရောင်အဆင်းရှိတဲ့ အသားတွေဟာ Amino Acid ကြွယ်ဝစွာပါဝင်တာမို့ ကြွက်သားတည်ဆောက်မှုကို အထောက်အကူပြုပြီး အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
၂။ ချယ်ရီသီး
ချယ်ရီသီးပဲဖြစ်ဖြစ် ချယ်ရီသီးဖျော်ရည်ကို မှီဝဲတာပဲဖြစ်ဖြစ် မှီဝဲမယ်ဆိုရင် ကြွက်သားသန်စွမ်းကြံ့ခိုင်ပါလိမ့်မယ်။ ဥပမာတစ်ခုပြောရရင် အမေရိကန်က NFL ကစားသမားအများစုဟာ ချယ်ရီသီးဖျော်ရည်ကို မှီဝဲကြပါတယ်။
၃။ ချောကလက်
ချောကလက်ဟာ သွေးတွင်း ကိုလက်စထရောပမာဏကို မြင့်တက်စေနိုင်ပေမယ့် လိင်အင်္ဂါထောင်မတ်နိုင်စွမ်းနဲ့ အိပ်ယာပေါ်က စွမ်းဆောင်ရည်ကိုတော့ သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ တစ်နေ့ကို ချောကလက် တစ်အောင်စလောက် စားပေးတာဟာ သင့်လျော်တဲ့ ပမဏဖြစ်ပါတယ်။
၄။ ပင်လယ်စာများ
Shellfish တွေနဲ့ ဆာလ်မွန်၊ ဆာဒင်း၊ ဟာလီဘတ်စတဲ့ ပင်လယ်စာတွေမှာ Zinc နဲ့ Omega-3 Fatty Acids တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် နှလုံး၊ ကြွက်သားနဲ့ မျိုးပွားခြင်းနဲ့သက်ဆိုင်တဲ့ ကိစ္စတွေမှာ ထိထိရောက်ရောက် အကျိုးပြုပါတယ်။
၅။ ထောပတ်သီး
ထောပတ်သီးဟာ လူကို အကျိုးပြုနိုင်တဲ့ အဆီဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ Monounsaturated Fat ဟာ လူကို အကျိုးပြုသလို ကိုလက်စထရောလျှော့ချရေးမှာပါ အသုံးဝင်ပါတယ်။
၆။ ခရမ်းချဉ်သီးအနှစ်
ခရမ်းချဉ်သီးဟာ Lycopene ကြွယ်ဝစွာပါဝင်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးအမှည့် ဒါမှမဟုတ် အနှစ်ကို ပုံမှန်မှီဝဲစားသုံးမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးပြီး ကျန်းမာရေးကို အထူးကောင်းမွန်စေနိုင်ပါတယ်။ အာဟာရဓာတ်အများအပြား မှီတင်းပါဝင်နေတာမို့ ခရမ်းချဉ်သီး ဒါမှမဟုတ် အနှစ်ကို ပုံမှန်မှီဝဲစားသုံးပေးသင့်ပါတယ်။
၇။ နို့နဲ့ ဒိန်ချဉ်
နို့၊ နို့ထွက်ပစ္စည်းတွေနဲ့ ဒိန်ချဉ်တွေဟာ Amino Acid တစ်မျိုးဖြစ်တဲ့ Leucine ပါရှိပါတယ်။ ဒီဓာတ်ကြောင့် ကြွက်သားတည်ဆောက်မှုကို အထောက်အကူပြုမှာဖြစ်သလို ပိုတက်ဆီယမ်နဲ့ ပရိုတိန်းတွေကြောင့်လည်း ခွန်အားပြည့်ဝနေစေမှာ ဖြစ်ပါတယ်။
၈။ ငှက်ပျောသီး
ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီးဟာ ကြွက်သားနဲ့ အရိုးတွေ သန်စွမ်းကြံ့ခိုင်စေမယ့် လျှို့ဝှက်လက်နက်ကောင်းပါပဲ။ ဒါ့အပြင် သွေးတိုးကိုလည်း ကျစေပါသေးတယ်။
၉။ အစေ့အဆံများ
နေကြာစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့စတာတွေဟာ ဆီလီယံနဲ့ သက်စောင့်ဓာတ်တွေပါဝင်နေတာမို့ သိုင်းရိုက်ရောဂါတွေကို ကာကွယ်ပေးနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်။
၁၀။ လိမ္မော်အုပ်စုဝင် အသီးများ
လိမ္မော်သီးအပါအဝင် ရှောက်ချို၊ ပျားလိမ္မော်၊ သကြားလိမ္မော်စတာတွေမှာ Beta-carotene၊ Lutein နဲ ဗီတာမင် C တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီအသီးတွေကို စားသုံးပေးရင် အမျိုးသားတွေရဲ့ သုတ်ရည်ဂလင်းတွေကို ပိုမိုကျန်းမာဖွံ့ဖြိုးစေနိုင်ပါတယ်။
ဒီအစာအစာတွေကတော့ အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ ကျန်းမာဖျတ်လတ်နေစေဖို့အတွက် အလွန်အထောက်အကူဖြစ်စေမှာဖြစ်ပြီး ယောင်္ကျားပီသတဲ့ အမျိုးသားကောင်းတစ်ဦးဖြစ်လာဖို့ အကောင်းဆုံး ကူညီပေးနိုင်ပါလိမ့်မယ်။
ရေးသားသူ - ရဲဇွန်အောင်