ရေယုန်ပေါက်တဲ့အခါ
ရေယုန်ဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ ရေယုန်ဗိုင်းရပ်စ် (herpes simplex) ကြောင့်ဖြစ်တဲ့ ရေယုန်ငယ်ဟာ နှုတ်ခမ်းတဝိုက်နဲ့ လိင်အင်္ဂါမှာ အဖြစ်များပါတယ်။
ရေယုန်ငယ်မှာ Herpes simplex virus 1 (HSV 1) နဲ့ Herpes simplex virus 2 ( HSV 2) ဆိုပြီး ၂ မျိုးရှိပါတယ်။ HSV 1 ဟာ နှုတ်ခမ်းတဝိုက်မှာ အဖြစ်များပြီး အနာက အရည် ဒါမှမဟုတ် တံတွေးကတဆင့် ကူးစက်ပါတယ်။
HSV 2 ကတော့ လိင်အင်္ဂါတဝိုက်မှာ ဖြစ်လေ့ရှိပြီး လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်တာပါ။ ရေယုန်ပေါက်နေတဲ့ အရေပြား၊ အနာ နဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့မိရင်လည်း ကူးစက်ခံရနိုင်ပါတယ်။ လိင်ကတဆင့် ကူးစက်တာကြောင့် HSV 2 ကူးစက်ခံရသူတွေရဲ့ သုံးပုံတစ်ပုံလောက်မှာ HIV ရောဂါပိုးလည်း ရှိနေတတ်ပါတယ်။
HSV 1 ရော HSV 2 ရောဟာ ကလေးမွေးဖွားစဥ်အတွင်း မိခင်ကနေ ကလေးကိုကူးစက်နိုင်ပြီး မွေးကင်းစရေယုန်လို့ ခေါ်ပါတယ်။
သုတေသနများအရ ကမ္ဘာပေါ်က အသက် ၅၀ အောက်လူဦးရေရဲ့ ၆၇% ( ၃.၇ ဘီလီယံခန့်) ဟာ HSV 1 ကူးစက်ခံထားရပြီး အသက် ၁၅နှစ်မှ ၄၉ နှစ်အတွင်းလူဦးရေရဲ့ ၁၃% ( ၄၉၁ မီလီယံခန့်) ဟာ HSV 2 ကူးစက်ခံရဖူးတယ်ဆိုတဲ့အတွက် ဖြစ်နှုန်းများတဲ့ရောဂါလို့ ဆိုနိုင်ပါတယ်။
ရောဂါလက္ခဏာ....
HSV 1 ဟာ အများအားဖြင့် လက္ခဏာပြလေ့ မရှိသလို အရမ်းနာတဲ့ အရည်ကြည်ဖုတွေ၊ အနာတွေ ပေါက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အရည်ကြည်ဖုနဲ့ အနာမဖြစ်ခင် ထိုနေရာက ထုံနေတာ၊ ပူနေတာ၊ ယားနေတာမျိုးလည်း ရှိတတ်ပါတယ်။
HSV 2 ဟာလည်း လက္ခဏာမပြတာမျိုး ရှိနိုင်ပါတယ်။ လက္ခဏာပြခဲ့ရင်တော့ လိင်အင်္ဂါနဲ့ စအိုနားတဝိုက်မှာ အရည်ကြည်ဖုတွေ၊ အနာတွေတွေ့ရမှာဖြစ်ပြီး ဖျားတာ၊ ခန္ဓာကိုယ်ကိုက်ခဲတာ၊ အနီးနားရှိ ပြန်ရည်အကျိတ်တွေ ရောင်တာနဲ့ တွဲတွေ့ရနိုင်ပါတယ်။
မွေးကင်းစကလေးရေယုန်ကူးစက်နှုန်းက နည်းတယ်ဆိုပေမယ့် ကူးစက်ခံရရင် အာရုံကြောချို့ယွင်းတာ၊ အသက်သေဆုံးတာထိ ဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။
ကုသမှုအနေနဲ့ Acyclovir, Famciclovir နဲ့ Valacyclovir ထဲက သင့်တော်ရာကို ရေယုန်အခြေအနေပေါ်မူတည်ပြီး လိမ်းဆေးဖြစ်ဖြစ်၊ သောက်ဆေးဖြစ်ဖြစ်၊ နှစ်မျိုးလုံးဖြစ်ဖြစ် ပေးပါတယ်။
ခန္ဓာကိုယ်ထဲက ရေယုန်ပိုး လုံးဝပျောက်သွားအောင် ကုသလို့မရပေမယ့် အထက်ပါဆေးတွေ သုံးစွဲရင် မကြာခဏပြန်မဖြစ်အောင်၊ ပြင်းထန်တဲ့လက္ခဏာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုး...
ရေယုန်ကို မကုသဘဲထားရင် ဦးနှောက်အမြှေးယောင်တာ၊ မျက်ကြည်လွှာယောင်တာ အထိ ဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။
HSV 2 က HSV 1 ထက် နောက်ဆက်တွဲဆိုးကျိုးတွေ ပိုဖြစ်နိုင်ခြေ ရှိပါတယ်။
ဘယ်လိုကာကွယ်မလဲ?
- HSV 1 ရှိနေတဲ့သူရဲ့ နှုတ်ခမ်း၊ တံတွေး၊ ခန္ဓာကိုယ်က အရည်တွေနဲ့ မထိတွေအောင် ရှောင်ပါ။
- HSV 2 ရှိနေသူနဲ့ လိင်ဆက်ဆံခြင်းမှ ရှောင်ပါ။ မရှောင်နိုင်ရင် ကွန်ဒုံးကို စနစ်တကျ သုံးပါ။
- ကိုယ်ဝန်ဆောင်မိခင်တွေ ရေယုန်ရှိနေရင် ဆရာဝန်၊ဆရာမနဲ့ ပြသပြီး ကုသမှု ခံယူပါ။
- HSV 2 ရှိနေရင် HIV ပိုးပါ ရှိမရှိ စစ်ဆေးပါ။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်။ ဒါကို မမေ့ဖို့က အရေးအကြီးဆုံးပါပဲ။
အကယ်၍ ရှိနေခဲ့ရင်လည်း ကြောက်စရာမလိုဘဲ သေချာကုသမှုခံယူရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောက် ကာကွယ်နိုင်မှာပါ။
ဆင်ရေယုန်အကြောင်းကို နောက်တစ်ခါကျ ပြောပြပေးသွားပါမယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်