ဇက်ကြောဒါဏ်ဖြစ်ရင် ဘာတွေကြုံရနိုင်သလဲ
Whiplash လို့ခေါ်တဲ့ ဇက်ကြောဒါဏ်ဖြစ်ခြင်းဆိုတာဟာ ယမ်းလိုက်တဲ့ ကြာပွတ်ရဲ့ နောက်မှရှေ့သို့ ရိုက်ခတ်ရွေ့လျားပုံလိုမျိုး လည်ပင်းဟာ နောက်မှရှေ့သို့ ဆတ်ခနဲ လှုပ်ရှားမိရာမှ လည်ပင်းမှာ ထိခိုက်ဒဏ်ရာရရှိသွားခြင်းကို ခေါ်ပါတယ်။
အနီးစပ်ဆုံးဥပမာအနေနဲ့ နောက်ကားမှ ရှေ့ကား၏ဖင်ကို တိုက်မိလျှင် ရှေ့ကားမောင်းသူမှာ ဒီလိုပုံစံ လည်ပင်းမှာ အနာတရဖြစ်၊ ဇက်လိမ်သလို ဖြစ်သွားခြင်းမျိုးကို ဆိုလိုပါတယ်။ အားကစား ဆော့ရာမှာ ကြုံရတဲ့ မတော်တဆများ၊ ထိုးကြိတ်ရိုက်နှက် ခံရမှုများ၊ အမြင့်မှ ပြုတ်ကျခြင်းများ စတဲ့ဖြစ်စဉ်များမှာလည်း တွေ့ရတတ်ပါတယ်။
Whiplash ကြောင့် ဒဏ်ရာရပြီး ရက်အနည်းငယ်အတွင်းမှာ လည်ပင်းတောင့်တာ၊ နာတာ၊ လည်ပင်းကို ဟိုဖက်လှည့် ဒီဖက်လှည့် လုပ်မိရင် ပိုနာတာ၊ လည်ပင်းကို သိပ်မလှုပ်နိုင်တာ၊ ခေါင်းကိုက် ဇက်ကြောတက်တာ၊ ပခုံး၊ ကျောနဲ့ လက်မောင်းများပါ နာကျင်တာ၊ လက်မောင်း ထုံကျဉ်တာ၊ ခေါင်းမူးတာ၊ မောတာမျိုးတွေ ခံစားရတတ်ပါတယ်။ အချို့လူများတွင် အမြင်ဝါးခြင်း၊ နားမှာ တဝီဝီကြားရခြင်း၊ အိပ်ရေးပျက်ခြင်း၊ အာရုံမစူးစိုက်နိုင်တော့ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ မှတ်ဉာဏ်ပြသာနာများပါ ရင်ဆိုင်ရတတ်ပါတယ်။
ဦးခေါင်းကို အရှိန်ပြင်းပြင်းနဲ့ ခပ်မြန်မြန် နောက်မှရှေ့သို့ လှုပ်ယမ်းခံရခြင်းကြောင့် အနီးတဝိုက်မှာရှိတဲ့ ကျောရိုးမအရိုးများ၊ လည်ပင်းအရိုးဆစ်များ၊ အရွတ်များ၊ကြွက်သားများ၊ အာရုံကြောများနဲ့ လည်ပင်းတစ်ရှူးများကို ဒဏ်ဖြစ်သွားစေပါတယ်။
လူအများစုမှာတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်သက်သာလာတတ်ပြီး ထိခိုက်မှုဒဏ်ကြောင့် ဆိုးဆိုးဝါးဝါး မခံစားရပေမဲ့ အချို့လူများမှာတော့ လချီနှစ်ချီကာ နာကျင်မှုဒဏ် ကျန်နေတတ်ပါတယ်။
အရင်က လည်ပင်း၌ ဒဏ်ဖြစ်ဖူးခြင်း၊ အသက်အရွယ် ကြီးခြင်း၊ ခါးနာ၊ လည်ပင်းနာသော ရောဂါအခံရှိခြင်း၊ ထိခိုက်မှု အရှိန် ပြင်းထန်လွန်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
Whiplash ကြောင့် ရတဲ့လည်ပင်း ထိခိုက်ခြင်းဟာ နာကျင်ကိုက်ခဲမှု သက်သာစေသော ဆေးဝါးများနဲ့ လည်ပင်းလေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့နဲ့ပဲ ရက်သတ္တပတ်အနည်းငယ်ကြာရင် ပြန်ကောင်းသွားလေ့ရှိပါတယ်။ အချို့လူများမှာတော့ လည်ပင်းနာကျင်မှု တာရှည်ကာ နောက်ဆက်တွဲ ပြသာနာတွေ ကြုံရတာမျိုးလည်း ရှိတတ်ပါတယ်။
အကယ်၍ နာကျင်မှုသည် ပျောက်ကင်းသွားခြင်းမရှိဘဲ ကြာရှည်နေရင်၊ မတော်တဆ ထိခိုက်မှုဖြစ်စဉ်ဟာ ပြင်းထန်ကြီးကျယ်ရင် အရိုးအထူးကုဆရာဝန်ထံ၌ သွားရောက်ပြသကာ တိကျသော ရောဂါအခြေအနေ၊ အရိုးကျိုးအက်ခြင်း ရှိ/မရှိ စနစ်တကျ စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်