နားဖာချေး ပိတ်ခြင်း
နားအခေါင်းတစ်လျှောက်မှာ နားဖာချေးရှိနေခြင်းဟာ ပုံမှန်ဖြစ်ရပ်ဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဆိုလိုတာကတော့ နားဖာချေးသည် ဖုန်မှုန့်အညစ်အကြေး မဟုတ်ပါ။ ပြင်ပမှ ဖုန်မှုန့်အညစ်အကြေးများကို နားရဲ့ အတွင်းပိုင်း ပိုနက်တဲ့နေရာမှာရှိနေတဲ့ အရေးကြီးသော အစိတ်အပိုင်း (ဥပမာ နားစည်) ဆီသို့ မဝင်ရောက်နိုင်အောင် နားအတွင်းသားနံရံမှာရှိတဲ့ အမွေးငယ်များနဲ့ အတူတကွ ကာကွယ်တားဆီးပေးပါတယ်။ နားအတွင်းမှာ ဘတ်တီးရီးယားပိုးများ မပေါက်ဖွား၊ မပွားများအောင် လျှော့ချပေးပါတယ်။
နားကို အမြဲတစေ သန့်စင်နေသင့်သလား
လူအများစုမှာ နားဖာချေးအနည်းငယ်ဟာ နားအဝမှာပဲ ရှိနေတတ်တဲ့အတွက် အလွယ်တကူ ကလော်ထုတ် သန့်ရှင်းပစ်ရလွယ်ပါတယ်။ သို့ပေမဲ့ နားကို ကာလကြာရှည် မသန့်စင်ဘဲ ထားမိတဲ့အခါ ပမာဏ အများကြီးစုပုံလာပြီး မာကျစ်လာကာ နားအခေါင်းကို ပိတ်သွားသည်အထိ ဖြစ်လာတတ်ပါတယ်။ ထိုအခါကျမှ နားကြပ်တံဂွမ်းလုံးနဲ့ ထိုးကလော်မိရင် ပိုနက်တဲ့အထဲဆီ နားဖာချေးများကို တွန်းပို့သလိုဖြစ်ပြီး ဖယ်ရှားဖို့ ခက်တတ်ပါတယ်။
နားဖာချေးအရောင်တွေကို ကြည့်ပြီး ဘယ်လိုမှတ်ယူနိုင်သလဲ
အရင်ဦးဆုံး အစိုနဲ့ အခြောက်ဆိုပြီး နှစ်မျိုးရှိပါမယ်။ စိုသောနားဖာချေးသည် အဝါဖျော့၊ လိမ္မော်ညိုရောင်၊ ပျားရည်ရောင် စသည့်ဖြင့် တွေ့ရပြီး ကပ်စေးသော အထိအတွေ့ ရှိပါမယ်။ ခြောက်သောအမျိုးအစားကတော့ မီးခိုးရောင်၊အဖြူရောင်ရှိပြီး အဖတ်လိုက်တွေ့ရတတ်တယ်။ ဒီအခြေအနေနှစ်ရပ်ဟာ ပုံမှန် ပြသာနာမရှိတဲ့ အနေအထားဖြစ်ပါတယ်။ ဖုန်မှုန့်နဲ့လေတို့နဲ့ ထိတွေ့ချိန်ကြာထားတဲ့ နားဖာချေးအဟောင်းများကတော့ အနည်းငယ် ပိုအရောင်ရင့်တတ်ပါတယ်။
စိုးရိမ်ရမယ့်အခြေအနေကို ဆိုရရင် မိမိအုံးသော ခေါင်းအုံးမှာဖြစ်ဖြစ် အဖြူရောင်၊ စိမ်းကြင့်ကြင့်အရောင်ရှိသော ပြည်စများ၊ သွေးစများ တွေ့ရှိရရင်တော့ နားမှာ ပိုးပေါက်နေနိုင်ချေများသည့်အတွက် ဆရာဝန်ဆီ ပြသဖို့ လိုနေပါပြီ။
နားဖာချေးပိတ်လာတဲ့အခါ
- နားကိုက်ခြင်း
- နားထဲမှာ ပြည့်ကြပ်နေသလို ခံစားရခြင်း
- နားထဲမှာ တဝီဝီကြားနေရသလိုဖြစ်ကာ နားအူခြင်း
- နားမကြားတော့ခြင်း
- ခေါင်းမူးခြင်း
- ချောင်းဆိုးခြင်း
- နားယားခြင်း
- အနံ့အသက်မကောင်းသော အရည်များ နားထဲမှ စိမ့်ထွက်ခြင်း
- နားနာခြင်း၊ ယောင်ယမ်းခြင်း များ ခံစားရတတ်ပါတယ်။
ဒီလို လက္ခဏာများ ခံစားလာရရင် မိမိဘာသာ မဖြေရှင်းသင့်ပါ။ လက္ခဏာများရှိခြင်းသည် နားဖာချေးပိတ်ဆို့ခြင်းအပြင် အခြားနားရောဂါပြသာနာများလည်း ဖြစ်နေနိုင်သည့်အတွက် တက်ကျွမ်းသော နား၊နှာခေါင်း၊လည်ချောင်းအထူးကုထံ အမြန်ဆုံးပြသသင့်ပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်