နေ့တိုင်းရေချိုးဖို့လိုသလား
ရေချိုးလို့သေတဲ့ မသာပဲရှိတယ်၊ ရေမချိုးလို့သေတဲ့ မသာမရှိဘူးလို့ ကိုယ်တိုင် ပြောဖူးတဲ့သူ၊ သူများပြောတာကို ကြားဖူးတဲ့သူတွေ များမယ်ထင်ပါတယ်နော်။
တကယ်ရော နေ့တိုင်းရေချိုးဖို့ လိုသလား၊ ရေမချိုးရင် ဘာဖြစ်မလဲ၊ ရေချိုးရင် ဘာဖြစ်မလဲကို သိချင်ကြတယ်မလား။ ဒါဆိုရင် အဆုံးထိ ဖတ်ကြည့်လိုက်ရအောင်ပါ။
ဘာကြောင့် ရေချိုးဖို့ လိုအပ်သလဲ?
ရေချိုးတာက ခန္ဓာကိုယ်သန့်ရှင်းဖို့ ဆိုတာ လူတိုင်းသိကြမှာပါ။
ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်ပေါ်က ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ၊ ဖုန်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။
ရေချိုးတာ၊ ချွေးထုတ်ခန်းသွားတာ၊ ရေနွေးငွေ့ခံတာတွေက သန်ရှင်းဖို့အပြင် တခြားကောင်းကျိုးတွေလည်း ရှိပါသေးတယ်။
- ကိုယ်ခံအားစနစ်ကို ကောင်းစေတာ
- နာကျင်ကိုက်ခဲခြင်းတွေ သက်သာတာ
- အကြောပြေစေတာ
- သွေးလှည့်ပတ်မှုကောင်းစေတာ
- မောပန်းနွမ်းနယ်မှုတွေ ပျောက်ပြီး လန်းဆန်းစေတာ
- အာရုံစူးစိုက်မှုကောင်းစေတာ
- အသက်ရှူလို့ ပိုကောင်းစေတာတွေက ရေချိုးခြင်းရဲ့ ကောင်းကျိုးတွေပေါ့။
ဒါဆို ဆိုးကျိုးတွေရော ရှိသလား ဆိုရင် ရှိပါတယ်။
နေပူထဲက ပြန်လာပြီးရေချိုးလို့ ဦးနှောက်သွေးကြောပြတ်တာတို့၊ အရမ်းအေးတဲ့အချိန် ရေချိုးလို့ လေဖြတ်တာ၊ အဆုတ်အအေးပတ်တာတို့လို အရပ်ထဲမှာ ကြားဖူးနေကျ ဆိုးကျိုးတွေကြောင့် ရေချိုးရမှာ ကြောက်နေတဲ့သူတွေ ရှိလို့ ရေချိုးလို့ သေတဲ့မသာပဲ ရှိတယ်လို့ ပြောကြတာပါ။
ရေချိုးများရင် ဘာဖြစ်မလဲ?
အရေပြားပေါ်မှာရှိတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကိုပါ သေစေတဲ့အတွက် အရေပြား ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဆပ်ပြာတွေ၊ ရေချိုးဆပ်ပြာရည်တွေက အသားကို ခြောက်သွေ့စေလို့ အသားခြောက်၊ အသားပက်တာ၊ အရေပြားရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ ရေချိုးပြီးလို့ အသားအရေလေးတင်းနေတာက သန့်ရှင်းသွားလို့ မဟုတ်ဘဲ အရေပြားအရမ်းခြောက်သွေ့တာကြောင့်ပါ။ ရေချိုးပြီးရင် အစိုဓာတ်ထိန်းတဲ့ creamတွေ၊ lotion တွေ လိမ်းဖို့ မမေ့ပါနဲ့။
နေ့တိုင်းရေချိုးဖို့လိုသလား ဆိုရင် လူတိုင်းအတွက် မလိုပါဘူးလို့ပဲ ဖြေရပါမယ်။
အေးတဲ့ ရာသီတွေမှာ တစ်ပတ်ကို ၂ ရက်ကနေ ၄ ရက်လောက်ထိပဲ ချိုးရင် လုံလောက်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း ၅မိနစ်ကနေ ၁၀မိနစ်အတွင်း ချိုးတာ၊ ရေနွေးနွေးလေးနဲ့ ချိုးတာက အအေးပတ်တာကို ကာကွယ်နိုင်မှာပါ။
ကလေးငယ်ငယ်လေးတွေကို နေ့တိုင်းရေချိုးရင် ရပေမယ့် ရက်ခြားပြီးချိုးတာနဲ့ မထူးခြားလှပါဘူး။ ဒီလိုပဲ ကြီးကောင်မဝင်ခင် အသက် ၁၁ နှစ်လောက်အထိ ကလေးတွေကို ပေတူးနေအောင် ဆော့တာမဟုတ်ရင် နေ့တိုင်းရေချိုးပေးဖို့ မလိုပါဘူး။
လူပျိုဖော်၊ အပျိုဖော်ဝင်တဲ့ အချိန်ဆိုရင် ကိုယ်လက်လှုပ်ရှားတာ၊ ကိုယ်နံ့ရှိတာပေါ် မူတည်ပြီး နေ့တိုင်း ဒါမှမဟုတ် တစ်ရက်ကို တစ်ကြိမ်ထက်ပိုပြီး ချိုးသင့်ပါတယ်။
အသက်အရွယ်ကြီးရင့်တဲ့ လူကြီးတွေကတော့ နေ့တိုင်းချိုးဖို့ မလိုပါဘူး။ တစ်ပတ်မှာ ၃ ရက်လောက်ချိုးပြီး ကျန်တဲ့ရက်တွေမှာ ရေပတ်တိုက်တာမျိုးလောက် လုပ်ရင် လုံလောက်ပါတယ်။ ပင်ပင်ပန်းပန်းအလုပ်လုပ်ရတဲ့သူတွေ၊ ချွေးထွက်များတဲ့သူတွေက တစ်ရက်ကို တစ်ကြိမ်ထက် ပိုပြီးချိုးနိုင်ပါတယ်။
ရေဒီယိုသတ္တုကြွပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေ၊ အက်ဆစ်လိုမျိုး စားတတ်လောင်တတ်တဲ့ပစ္စည်းတွေ၊ ရောဂါပိုးတွေနဲ့ အလုပ်လုပ်ရတဲ့သူတွေကတော့ လုပ်ငန်းခွင်ပြီးဆုံးချိန်တိုင်းမှာ ရေမပျက်မကွက် ချိုးသင့်ပါတယ်။
ရေချိုးဖို့ လိုအပ်နိုင်တဲ့ အခြေအနေတွေ မတူပေမယ့် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်နဲ့ ဆေးပညာအရတော့ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ရေချိုးရင်တောင် လုံလောက်တယ်လို့ ဆိုပါတယ်။
ရေချိုးများရင် အသားအရေနဲ့ ဆံပင်ခြောက်တာ၊ အကျိုးပြုဘက်တီးရီးယားတွေ ပါသွားနိုင်တာအပြင် ရေအရင်းအမြစ်တွေ ကုန်ဆုံးတာ၊ ရေညစ်ညမ်းမှုတွေလည်း ဖြစ်နိုင်တာမို့ ကိုယ့်ရဲ့အလုပ်၊ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေ၊ ရာသီဥတုအခြေအနေနဲ့ ရေအရင်းအမြစ် ရရှိမှုအပေါ်မူတည်ပြီး နေ့တိုင်းချိုးမလား၊ ရက်ခြားချိုးမလား၊ တစ်ပတ်ကို ၂ ခါ၊၃ခါပဲ ချိုးမလားဆိုတာ ချင့်ချိန်ဆုံးဖြတ်လိုက်ပါ မိတ်ဆွေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်