အံဆုံးသွား ခွဲစိတ်ဖယ်ရှားတယ်ဆိုတာ
အံဆုံးသွားဆိုတာ ကျွန်တော်တို့ ခံတွင်းရဲ့ အနောက်ဘက်အကျဆုံး သွားဖုံးကိုဖောက်ထွက်လို့ ပေါက်လာတဲ့ ကြီးသွားတွေပဲ ဖြစ်ပါတယ်။ ဒီသွားတွေဟာ သွားဖုံးကို ဖောက်ပြီးထွက်လာတာဖြစ်လို့ အတည့်အတိုင်း ပေါက်တဲ့အံဆုံးသွားတွေမှာ ပြဿနာမရှိပေမဲ့ ဘေးကိုချော်ထွက်ပြီး ပေါက်တယ်ဆိုရင် ဖယ်ရှားဖို့ လိုအပ်လာပါတယ်။ အထူးသဖြင့်
- နေရာအလုံအလောက်မရှိတာကြောင့် ပေါက်ရမယ့်အံဆုံးက သွားဖုံးထဲ မြုပ်ရင်း ဆက်မကြီးတော့တဲ့အခါ စားလိုက်တဲ့အစာတွေ ပိတ်ဆို့နေတာ
- အံဆုံးပေါက်ဖို့ နေရာကျဉ်းနေတဲ့အခါ ဘေးဘက်က အံသွားတွေကို တွန်းဖယ်ပြီး ပေါက်ရတာကြောင့် အံသွားတွေ နေရာလွဲနိုင်ပြီး ထိခိုက်ပျက်စီးစေတာ
- အံဆုံးသွားကို သန့်ရှင်းရေးလုပ်ဖို့အတွက် သွားပွတ်ကြိုးထိုးတာ၊ သွားတိုက်တဲ့အခါမှာလည်း အခက်အခဲရှိတာ
- အံဆုံးသွားပေါက်တဲ့နေရာမှာ တခြားသွားပိုးစားတာ၊ သွေးထွက်ပြီး အနာဖြစ်နေတာ၊ သွားဖုံးအရောင်က ပုံမှန်မဟုတ်တော့တာ
- ဘေးပတ်လည်က သွားအမြစ်တွေကိုလည်း ထိခိုက်ပျက်စီးစေပြီး သွားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ထောက်ပံ့ပေးနေတဲ့ မေးရိုးပါ ပျက်စီးသွားတာ စတဲ့ အခြေအနေတွေမှာ ဆရာဝန်အနေနဲ့ အံဆုံးသွားနှုတ်ဖို့ အကြံပေးနိုင်ပါတယ်။
အံဆုံးသွားနှုတ်တယ်ဆိုတာ အသေးစားခွဲစိတ်ကုသမှုတစ်ခုဖြစ်ပေမဲ့ နာကျင်မှုဝေဒနာက ပြင်းထန်သလို သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒီအတွက် အံဆုံးသွားနှုတ်တဲ့နေ့ကို ကြိုချိန်းပြီး အလုပ်၊ ကျောင်းကို ခွင့်တိုင်ထားဖို့နဲ့ ခွဲစိတ်ဖယ်ရှားမှုပြီးတာနဲ့ အိမ်ကို ပြန်ပို့ပေးဖို့ မိသားစုဝင်၊ ယာဉ်မောင်းကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အံဆုံးသွားနှုတ်တဲ့အခါ ထုံဆေး၊ မေ့ဆေးကို အသုံးပြုမှာဖြစ်ပြီး လွှစက်နဲ့ ခွဲစိတ်ရမှာဖြစ်တဲ့အတွက် မေ့ဆေးပြယ်တဲ့အချိန် နာရီပိုင်းလောက်ကနေ ရက်ပိုင်းလောက်အထိ နာကျင်မှုဝေဒနာကို ခံစားရမှာဖြစ်ပြီး အစားအသောက်ကို သေချာဂရုစိုက်သင့်ပါတယ်။
အံဆုံးသွား ခွဲစိတ်ကုသခြင်း အဆင့်တွေကတော့
၁။ သွားနဲ့ခံတွင်း ဆရာဝန်အနေနဲ့ ဦးဆုံး ကိုယ့်သွားအခြေအနေကို စစ်ဆေးမှာဖြစ်ပါတယ်။
၂။ ပြီးသွားတာနဲ့ သင့်တော်တဲ့ ထုံဆေး၊ ဒါမှမဟုတ် မေ့ဆေးကို သွားဖုံးထဲ ထိုးသွင်းမှာဖြစ်ပါတယ်။
၃။ အံဆုံးသွားအခြေအနေ သိပ်မဆိုးရွားဘူး၊ နှုတ်ရလွယ်တယ်ဆိုရင်တော့ သွားကို အချွန်ကိရိယာနဲ့ ကလန့်လိုက်ရုံနဲ့ ကျွတ်သွားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လွှစက်နဲ့ သွားဖုံးကို အရင်ဖြတ်ပြီးမှ အံဆုံးသွားနဲ့ သူ့သွားအမြစ်တွေကို ဖြတ်တောက်ဖယ်ရှားပစ်ရမှာပါ။
၄။ တစ်ခါတလေ အံဆုံးသွားက ကြီးလွန်းနေရင် သွားကို အစိတ်စိတ်ပိုင်းဖြတ်ပြီးမှ တစ်ပိုင်းချင်းစီကို ခွဲစိတ်ဖယ်ရှားသွားမှာဖြစ်ပါတယ်။
၅။ ခွဲထားတဲ့နေရာမှာ အရိုး၊ သွားစ၊ အမြစ်စတာတွေ မကျန်ခဲ့စေဖို့ သေချာသန့်ရှင်းရေးလုပ်ပေးမှာပါ။
၆။ အနာကို ချုပ်ရိုးချုပ်ပေးသွားမှာဖြစ်ပြီး တချို့ဆရာဝန်တွေမှာ အပျောက်ချုပ်ရိုး ချုပ်ပေးမှာဖြစ်တဲ့အတွက် အမာရွတ်ကျန်ခဲ့မှာ မဟုတ်ပါဘူး။ ချုပ်ရိုးချုပ်လိုက်ခြင်းက အနာကျက်ကိုလည်း ပိုမြန်စေပြီး ခွဲထားတဲ့နေရာထဲ ပိုးဝင်ပြီး ပြဿနာပိုမဆိုးသွားအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
၇။ ခွဲထားတဲ့နေရာကို ပိုးသတ်ထားတဲ့ ဂွမ်းစကပ်ထားပြီး ရက်အနည်းငယ်ကြာသည်အထိ ဂွမ်းကို ပုံမှန်လဲပေးဖို့ လိုအပ်ပါတယ်။
အံဆုံးသွား ဖယ်ရှားပြီးသွားပြီဆိုရင်တော့
၁။ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာကို ရက်အနည်းငယ်ကြာအောင် ခံစားရနိုင်ပါတယ်။
၂။ တံတွေးထွေးတာ၊ ပိုက်နဲ့ရေစုပ်သောက်တာတွေကို ရှောင်ရပါမယ်။
၃။ အမာစာ၊ အပူအစပ်၊ အကြော်စတာတွေကို လုံးဝမစားဘဲ အရည်ကိုပဲ သောက်ပေးရပါမယ်။
၄။ လိုအပ်လာရင် ဆရာဝန်ကနေ အကိုက်အခဲပျောက်ဆေး ညွှန်းပေးမှာဖြစ်ပြီး ဆေးအညွှန်းအတိုင်း သောက်ပေးဖို့လိုပါတယ်။
၅။ သွားဖုံးအရောင်ကျစေဖို့ အပြင်ဘက်ပါးကို ရေခဲဝတ်ကပ်ပေးထားရပါမယ်။
၆။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်းတွေကို လုံးဝမလုပ်ဘဲ သေချာအနားယူပေးဖို့ လိုပါတယ်။
၇။ ခွဲစိတ်ပြီးနောက်ပိုင်းမှာ ရေများများသောက်ပေးဖို့ လိုပါတယ်။ ကဖင်း၊ ဂက်စ်ပါတဲ့ အအေးတွေကို ရှောင်ပါ။
၈။ ခွဲစိတ်ပြီး အနည်းဆုံး ၂၄ နာရီအတွင်း သွားတိုက်လို့မရပါဘူး။ အဲဒီအစား ခံတွင်းသန့်စင်ဆေးရည် ဒါမှမဟုတ် ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။
၉။ ဆေးလိပ်၊ အရက်ကို အနည်းဆုံး ခွဲစိတ်ပြီး ၇၂ နာရီအတွင်း မသောက်သုံးပါနဲ့။
၁၀။ ဆရာဝန်ရက်ချိန်းအတိုင်း ဆေးခန်းပြပြီး ပိုးဝင်ခြင်းရှိမရှိ သေချာစစ်ဆေးပါ။
၁၁။ အကယ်လို့ ကိုယ်က အံဆုံးသွားတစ်ချောင်းပဲ နှုတ်ခဲ့တာဆိုရင် သက်ဆိုင်ရာဘက်ခြမ်းက အပေါ် ဒါမှမဟုတ် အောက်ဘက်မှာကျန်နေတဲ့ သွားကိုနှုတ်ဖို့ ရက်ချိန်းထပ်ယူရပါမယ်။
အကယ်လို့ ကိုယ့်အံဆုံးသွားကို မဖြစ်မနေနှုတ်ရတော့မယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ သွားနဲ့ခံတွင်းဆရာဝန်နဲ့ သေချာပြသဖို့ အကြံပေးလိုက်ပါတယ်။
ရဲမျိုးမြတ်
![]() |
test ![]() |
![]() |
test ![]() |